YouVersion Logo
Search Icon

ရောမဩဝါဒစာ 6

6
အသက်တာသစ်၌လျှောက်လှမ်းခြင်း
1သို့ဖြစ်လျှင် မည်သို့​ဆို​ရ​မည်နည်း။ ကျေးဇူး​တော်​များပြား​စေရန် ငါ​တို့​သည် အပြစ်​ထဲ၌​ဆက်၍​တည်​ရ​မည်လော။ 2လုံးဝ​မ​တည်​ရ။ အပြစ်​အရာ​၌ သေဆုံး​သော​ငါ​တို့​သည် ၎င်း​တွင် မည်သို့​အသက်ရှင်​နိုင်​ဦး​မည်နည်း။ 3သို့မဟုတ် ခရစ်တော်​ယေရှု​၌ ဗတ္တိဇံ​ခံ​ခဲ့​သော​ငါ​တို့​သည် ကိုယ်တော်​၏​အသေခံ​တော်မူ​ခြင်း​၌ ဗတ္တိဇံ​ခံ​ခဲ့​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ 4ထိုသို့ ငါ​တို့​သည် အသေခံ​တော်မူ​ခြင်း​၌ ဗတ္တိဇံ​ခံ​သော​အားဖြင့် ကိုယ်တော်​နှင့်အတူ​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ကြ​၏။ ဤသည်ကား ခရစ်တော်​သည် ခမည်းတော်​၏​ဘုန်း​အသရေ​တော်​အားဖြင့် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သည့်​နည်းတူ ငါ​တို့​သည်​လည်း အသက်တာ​သစ်​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​ရန်​ဖြစ်​၏။
5အကြောင်းမူကား ငါ​တို့​သည် ခရစ်တော်​၏​အသေခံ​တော်မူ​ခြင်း​နှင့်​တူညီ​သော​သဏ္ဌာန်​၌ ကိုယ်တော်​နှင့်အတူ​ပေါင်းစည်း​ကြ​သည်​ဆိုလျှင် ကိုယ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​သဏ္ဌာန်​ကို​လည်း ဧကန်​အမှန်​ဆောင်​ကြ​လိမ့်မည်။ 6ငါ​တို့​၏​လူ​ဟောင်း​သည် ခရစ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​သည်မှာ အပြစ်​နှင့်ဆိုင်သော​ကိုယ်ခန္ဓာ​သည် ဖျက်ဆီး​ခြင်း​ခံရ​လျက် ငါ​တို့​သည် နောက်ထပ် အပြစ်​ထံ၌ ကျွန်​မ​ခံရ​ရန်​အတွက်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ 7အဘယ်ကြောင့်​ဆိုသော် သေလွန်​သော​သူ​သည် အပြစ်​၏​လက်​မှ လွတ်မြောက်​ပြီ​ဖြစ်​၏။
8ငါ​တို့​သည် ခရစ်တော်​နှင့်အတူ​သေ​လျှင် ကိုယ်တော်​နှင့်အတူ​အသက်ရှင်​မည်​ဟူ၍​လည်း ယုံကြည်​ကြ​၏။ 9သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သော​ခရစ်တော်​သည် နောက်တစ်ဖန်​သေ​တော့မည်​မ​ဟုတ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သေ​ခြင်း​သည် ကိုယ်တော်​ကို အစိုးတရ​ပြု​တော့မည်​မ​ဟုတ်။ 10အကြောင်းမူကား ခရစ်တော်​အသေခံ​တော်မူ​သည်​မှာ အပြစ်​အရာ​၌ တစ်ကြိမ်တည်း​နှင့်အပြီး​အသေခံ​တော်မူ​သည်​ဖြစ်၍ ယခု​အသက်ရှင်​တော်မူ​သည်​မှာ ဘုရားသခင်​၌ အသက်ရှင်​တော်မူ​၏။
11ထိုနည်းတူ သင်​တို့​သည်​လည်း အပြစ်​အရာ​၌ သေ​သော​သူ​ဖြစ်​ပြီး ဘုရားသခင်​၌ ခရစ်တော်​ယေရှု​အားဖြင့် အသက်ရှင်​နေ​သည်​ဟု ကိုယ့်ကိုယ်ကိုယ်​မှတ်ယူ​ကြ​လော့။ 12ထို့ကြောင့် ကိုယ်ခန္ဓာ​၏​တပ်မက်​ခြင်း​အလို​သို့​လိုက်​ရန် သင်​တို့​၏​သေ​တတ်​သော​ကိုယ်ခန္ဓာ​ကို အပြစ်​အား မ​စိုးမိုး​စေ​ကြ​နှင့်။ 13သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ကို​လည်း မတရားမှု​၏​လက်နက်​များ​အဖြစ် အပြစ်​အား မ​ဆက်သ​ကြ​နှင့်။ ထိုသို့​ပြု​မည့်​အစား သေ​သော​သူ​တို့​ထဲမှ အသက်ရှင်​လာ​သူ​ကဲ့သို့ မိမိကိုယ်ကို ဘုရားသခင်​အား ဆက်သ​၍ သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ဖြောင့်မတ်​ခြင်း​၏​လက်နက်​များ​အဖြစ် ဘုရားသခင်​အား ဆက်သ​ကြ​လော့။ 14အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ပညတ်​တရား​လက်အောက်​၌​မ​ရှိ​ဘဲ ကျေးဇူး​တော်​လက်အောက်​၌​ရှိ​ကြ​သည်​ဖြစ်၍ အပြစ်​တရား​သည် သင်​တို့​ကို အစိုးတရ​ပြု​လိမ့်မည်​မ​ဟုတ်။
အပြစ်၏ကျွန်နှင့် ဖြောင့်မတ်ခြင်း၏ကျွန်
15သို့ဖြစ်လျှင် မည်သို့​နည်း။ ငါ​တို့​သည် ပညတ်​တရား​လက်အောက်​၌​မ​ရှိ​ဘဲ ကျေးဇူး​တော်​လက်အောက်​၌​ရှိ​ကြ​သောကြောင့် အပြစ်​ပြု​ရ​မည်​လော။ လုံးဝ​မ​ပြု​ရ။ 16သင်​တို့​သည် တစ်စုံတစ်ဦး​အား မိမိကိုယ်ကို​ဆက်သ​၍ ကျွန်​အဖြစ်​နာခံ​လျှင် သင်​တို့​သည် သင်​တို့​နာခံ​သော​သူ​၏​ကျွန်​ဖြစ်​ကြ​ပြီး သေ​ခြင်း​သို့​ရောက်​စေ​သည့် အပြစ်​၏​ကျွန်​၊ သို့မဟုတ် ဖြောင့်မတ်​ခြင်း​သို့​ရောက်​စေ​သည့် နာခံ​မှု​၏​ကျွန်​ဖြစ်​တတ်​သည်​ကို သင်​တို့​မ​သိ​ကြ​သလော။ 17သင်​တို့​သည် အပြစ်​၏​ကျွန်​ဖြစ်​ခဲ့​ကြ​သော်လည်း သင်​တို့​ခံယူ​ရရှိ​သော သွန်သင်​ချက်​၏​နည်းဥပဒေသ​ကို စိတ်နှလုံး​နှင့်တကွ​နာခံ​ကြ​သဖြင့် 18အပြစ်​၏​လက်​မှ လွတ်မြောက်​ခွင့်​ရ​ပြီး ဖြောင့်မတ်​ခြင်း​၏​ကျွန်​ဖြစ်လာ​ကြ​သောကြောင့် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​၏။
19သင်​တို့​၏​သွေးသား​ဇာတိ​အားနည်း​သောကြောင့် ငါ​သည် လောကီ​ဝေါဟာရ​အားဖြင့် ပြောဆို​၏။ ယခင်​က သင်​တို့​သည် မိမိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ညစ်ညူး​ခြင်း​နှင့်​တရားမဲ့​ခြင်း​တို့​၏​ကျွန်​အဖြစ် ဆက်သ​၍ တရားမဲ့​ခြင်း​ထဲသို့ ရောက်​ခဲ့​ကြ​သည့်​နည်းတူ ယခု မိမိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ဖြောင့်မတ်​ခြင်း​၏​ကျွန်​အဖြစ် ဆက်သ​၍ သန့်ရှင်း​ခြင်း​သို့​ရောက်​ကြ​လော့။ 20သင်​တို့​သည် အပြစ်​၏​ကျွန်​ဖြစ်​ခဲ့​စဉ်​က ဖြောင့်မတ်​ခြင်း​နှင့်​ကင်းဝေး​သော​သူ​များ​ဖြစ်​ခဲ့​ကြ​၏။ 21ထိုစဉ်က ယခု သင်​တို့​ရှက်ကြောက်​လျက်​ရှိ​သော​အရာ​တို့​မှ မည်သည့်​အကျိုးကျေးဇူး​ကို ရရှိ​ခဲ့​ကြ​သနည်း။ ထို​အရာ​တို့​၏​ရလဒ်​သည် သေ​ခြင်း​ဖြစ်​၏။ 22သို့သော် ယခု​အခါ သင်​တို့​သည် အပြစ်​၏​လက်​မှ​လွတ်မြောက်​ခွင့်​ရ​၍ ဘုရားသခင်​၏​ကျွန်​ဖြစ်လာ​ကြ​ပြီး သန့်ရှင်း​ခြင်း​သို့​ရောက်​စေ​သည့်​အကျိုးကျေးဇူး​ကို ခံစား​ရ​ကြ​၏။ ၎င်း​၏​ရလဒ်​မူကား ထာဝရ​အသက်​ဖြစ်​၏။ 23အကြောင်းမှာ အပြစ်​၏​အခ​သည် သေ​ခြင်း​ဖြစ်​၏။ ဘုရားသခင်​ပေး​တော်မူ​သော​ဆု​ကျေးဇူး​မူကား ငါ​တို့​၏​သခင်​ခရစ်တော်​ယေရှု​အားဖြင့် ထာဝရ​အသက်​ဖြစ်​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy