YouVersion Logo
Search Icon

ရှင်ယောဟန်ခရစ်ဝင် 4

4
ယေရှုနှင့်ရှမာရိအမျိုးသမီး
1ယေရှု​သည် ယောဟန်​ထက် ပို၍​များ​သော​သူ​တို့​ကို​တပည့်​တော်​ဖြစ်​စေ​၍ ဗတ္တိဇံ​ပေး​နေ​သည်​ဟု ဖာရိရှဲ​တို့​ကြားသိ​ကြောင်း ယေရှု​သိ​တော်မူ​သောအခါ 2(အမှန်အားဖြင့် ယေရှု​ကိုယ်တိုင်​ဗတ္တိဇံ​ပေး​တော်မူ​သည်​မ​ဟုတ်​ဘဲ တပည့်​တော်​တို့​က​သာ​ပေး​ခြင်း​ဖြစ်​၏။) 3ကိုယ်တော်​သည် ယုဒ​နယ်​မှ​ထွက်ခွာ​၍ ဂါလိလဲ​နယ်​သို့ တစ်ဖန်​ကြွ​တော်မူ​၏။
4ကိုယ်တော်​သည် ရှမာရိ​နယ်​ကို​ဖြတ်​သွား​ရ​သည်​ဖြစ်၍ 5ယာကုပ်​က မိမိ​၏​သား​ယောသပ်​အား ပေး​ခဲ့​သည့်​မြေကွက်​အနီး​ရှိ ရှုခါ​ဟု​ခေါ်​သော ရှမာရိ​နယ်​မှ မြို့​တစ်​မြို့​သို့​ရောက်​တော်မူ​၏။ 6ထို​အရပ်​၌ ယာကုပ်​၏​ရေတွင်း​ရှိ​လေ​ရာ ယေရှု​သည် ခရီးပန်း​သဖြင့် ထို​ရေတွင်း​နား​မှာ​ထိုင်​နေ​တော်မူ​၏။ အချိန်​ကား မွန်းတည့်​ချိန်​ခန့်​ဖြစ်​၏။
7ရှမာရိ​အမျိုးသမီး​တစ်​ဦး​သည် ရေ​ခပ်​ရန်​ရောက်ရှိ​လာ​ရာ ယေရှု​က“ငါ​သောက်​ဖို့​ရေ​ပေး​ပါ”​ဟု ထို​အမျိုးသမီး​အား မိန့်​တော်မူ​၏။ 8တပည့်​တော်​တို့​ကား အစားအစာ​ဝယ်​ရန် မြို့​ထဲသို့​သွား​နေ​ခိုက်​ဖြစ်​၏။ 9ထို​ရှမာရိ​အမျိုးသမီး​က​လည်း “သင်​သည် ဂျူး​လူမျိုး​ဖြစ်​လျက်​နှင့် ရှမာရိ​အမျိုးသမီး​ဖြစ်​သော​ကျွန်မ​ထံမှ သောက်​ရေ​ကို အဘယ်ကြောင့်​တောင်း​ရ​သနည်း”​ဟု ဆို​၏။ [ထိုသို့​ဆို​သည့်​အကြောင်းမှာ ဂျူး​လူမျိုး​တို့​သည် ရှမာရိ​နယ်သား​တို့​နှင့် ပေါင်းသင်း​ဆက်ဆံ​လေ့​မ​ရှိ​သောကြောင့်​ဖြစ်​၏။] 10ယေရှု​က​လည်း“ဘုရားသခင်​၏​ကောင်းချီး​လက်ဆောင်​ကို​လည်းကောင်း၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ပြောဆို​နေ​သူ​မှာ မည်သူ​ဖြစ်​သည်​ကို​လည်းကောင်း သင်​သိ​ခဲ့​လျှင် သင်​က​သာ သူ့​ကို​တောင်း​၍ သူ​သည် သင့်​အား အသက်​ရေ​ကို​ပေး​ခဲ့​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ 11ထို​အမျိုးသမီး​က “အရှင်၊ အရှင့်​မှာ​ရေ​ခပ်​စရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ ဤ​ရေတွင်း​လည်း​နက်​သည်​ဖြစ်၍ ထို​အသက်​ရေ​ကို အဘယ်က​ရ​ပါ​မည်နည်း။ 12အရှင်​သည် ကျွန်မ​တို့​၏​အဖ ယာကုပ်​ထက် ကြီးမြတ်​ပါ​သလော။ ယာကုပ်​သည် ဤ​ရေတွင်း​ကို ကျွန်မ​တို့​အား​ပေး​ခဲ့​ပြီး သူ​ကိုယ်တိုင်​မှစ၍ သူ​၏​သား​သမီး​များ​နှင့် သူ​မွေးမြူ​သော​တိရစ္ဆာန်​များ​သည်​လည်း ဤ​တွင်း​ရေ​ကို သောက်​ခဲ့​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။ 13ယေရှု​က​လည်း“ဤ​ရေ​ကို​သောက်​သော​သူ​တိုင်း နောက်တစ်ဖန်​ရေငတ်​ဦး​မည်။ 14ငါ​ပေး​မည့်​ရေ​ကို​သောက်​သော​သူ​မူကား ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ ရေငတ်​မည်​မ​ဟုတ်။ ထိုထက်မက ငါ​ပေး​မည့်​ရေ​သည် ထို​သူ​၌ ထာဝရ​အသက်​တိုင်အောင် ရေ​ပန်းထွက်​ရာ စမ်းရေ​ပေါက်​ဖြစ်​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ 15ထို​အမျိုးသမီး​က “အရှင်၊ ကျွန်မ​သည် ရေ​မ​ငတ်​စေရန်​နှင့် ဤ​နေရာ​သို့​လာ​၍ ရေ​မ​ခပ်​ရ​လေ​အောင် ထို​ရေ​ကို ကျွန်မ​အား​ပေး​တော်မူ​ပါ”​ဟု လျှောက်​လျှင် 16ယေရှု​က“သွား​၍ သင်​၏​ယောက်ျား​ကို​ခေါ်​ပြီး ဤ​နေရာ​သို့​လာ​ခဲ့​လော့”​ဟု မိန့်​တော်မူ​၏။ 17ထို​အမျိုးသမီး​က​လည်း “ကျွန်မ​မှာ ယောက်ျား​မ​ရှိ​ပါ”​ဟု ပြန်​လျှောက်​လေ​၏။ ယေရှု​က“ယောက်ျား​မ​ရှိ​ဟု သင်​ပြော​သည်​မှာ မှန်​ပေ​၏။ 18အဘယ်ကြောင့်​ဆိုသော် သင်​၌ ယောက်ျား​ငါး​ယောက်​ရှိ​ခဲ့​လေ​ပြီ။ ယခု သင်​ပေါင်း​နေ​သော​သူ​သည်​လည်း သင်​၏​ယောက်ျား​မ​ဟုတ်​သောကြောင့် သင်​ပြော​သော​စကား​သည် မှန်​ပေ​၏”​ဟု မိန့်​တော်မူ​၏။ 19ထို​အမျိုးသမီး​က​လည်း “အရှင်၊ အရှင်​သည် ပရောဖက်​ဖြစ်​သည်​ကို ကျွန်မ​ရိပ်မိ​ပါ​၏။ 20ကျွန်မ​တို့​၏​ဘိုးဘေး​များ​သည် ဤ​တောင်​ပေါ်၌ ဝတ်ပြု​ကိုးကွယ်​ခဲ့​ကြ​ပါ​၏။ အရှင်​တို့​က​မူ ဝတ်ပြု​ကိုးကွယ်​ရ​မည့်​နေရာ​သည် ဂျေရုဆလင်​မြို့​၌​ရှိ​သည်​ဟူ၍ ပြောဆို​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။
21ယေရှု​က“အသင်​မိန်းမ၊ ငါ့​စကား​ကို​ယုံ​လော့။ သင်​တို့​သည် ဤ​တောင်​ပေါ်၌​လည်း​မ​ဟုတ်၊ ဂျေရုဆလင်​မြို့​၌​လည်း​မ​ဟုတ်​သည့်​အရပ်​တွင် ခမည်းတော်​ကို ကိုးကွယ်​မည့်​အချိန်​ကာလ​ရောက်​လာ​လိမ့်မည်။ 22ကယ်တင်​ခြင်း​သည် ဂျူး​လူမျိုး​တို့​ထဲမှ​ဖြစ်​ပေါ်လာ​သည်​ဖြစ်၍ ငါ​တို့​သည် ကိုယ်​သိ​သော​အရာ​ကို ကိုးကွယ်​ကြ​၏။ သင်​တို့​သည် ကိုယ်​မ​သိ​သော​အရာ​ကို ကိုးကွယ်​ကြ​၏။ 23သို့သော် စစ်မှန်​သော​ကိုးကွယ်​သူ​တို့​သည် ဝိညာဉ်​နှင့်​သမ္မာတရား​အားဖြင့် ခမည်းတော်​ကို ကိုးကွယ်​မည့်​အချိန်​ရောက်​လာ​မည်​ဖြစ်ရာ ယခု​ပင်​ရောက်လာ​လေ​ပြီ။ အကြောင်းမူကား ခမည်းတော်​သည် ထိုသို့​ကိုးကွယ်​သော​သူ​တို့​ကို အလိုရှိ​တော်မူ​၏။ 24ဘုရားသခင်​သည် ဝိညာဉ်​ဖြစ်​တော်မူ​၍ ဘုရားသခင်​ကို​ကိုးကွယ်​သော​သူ​တို့​သည် ဝိညာဉ်​နှင့်​သမ္မာတရား​အားဖြင့် ကိုးကွယ်​ရ​မည်”​ဟု မိန့်​တော်မူ​၏။ 25ထို​အမျိုးသမီး​က​လည်း “ခရစ်တော်​ဟု​ခေါ်ဝေါ်​သော မေရှိယ​ကြွလာ​တော်မူ​မည်​ကို ကျွန်မ​သိ​ပါ​၏။ ထို​အရှင်​ကြွလာ​တော်မူ​သောအခါ ကျွန်မ​တို့​အား အလုံးစုံ​တို့​ကို​ဖော်ပြ​တော်မူ​လိမ့်မည်”​ဟု လျှောက်​လျှင် 26ယေရှု​က“သင်​နှင့်​စကား​ပြော​နေ​သော​ငါ​သည် ထို​အရှင်​ပင်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။
ရိတ်သိမ်းရန်အချိန်ကျရောက်ခြင်း
27ထို​အချိန်​တွင် တပည့်​တော်​တို့​သည်​ပြန်လာ​၍ အမျိုးသမီး​တစ်​ဦး​နှင့် ယေရှု​စကား​ပြော​လျက်​နေ​တော်မူ​သည်​ကို အံ့သြ​ကြ​၏။ သို့သော် “မည်သည့်​အလိုရှိ​တော်မူ​သနည်း”​ဟူ၍​လည်းကောင်း၊ “အဘယ်ကြောင့် ထို​အမျိုးသမီး​နှင့် စကား​ပြော​လျက်​နေ​တော်မူ​သနည်း”​ဟူ၍​လည်းကောင်း မည်သူမျှ မ​မေးလျှောက်​ကြ​ချေ။
28ထို​အမျိုးသမီး​သည်​လည်း မိမိ​၏​ရေအိုး​ကို​ထားခဲ့​၍ မြို့​ထဲသို့​သွား​ပြီးလျှင် 29“ကျွန်မ​ပြု​ခဲ့​သမျှ​သော​အရာ​တို့​ကို ကျွန်မ​အား​ထုတ်ဖော်​ပြောဆို​သော​သူ​ကို လာ​ကြည့်​ကြ​ပါ။ သူ​သည် ခရစ်တော်​ဖြစ်​လေ​မည်​လော”​ဟု လူ​တို့​အား​ဆို​သဖြင့် 30လူ​တို့​သည် မြို့​ထဲမှ​ထွက်​၍ ကိုယ်တော်​ထံသို့​လာ​ကြ​၏။
31ထို​အချိန်​အတောအတွင်း​၌ တပည့်​တော်​တို့​က “ရဗ္ဗိ၊ သုံးဆောင်​တော်မူ​ပါ”​ဟု ကိုယ်တော်​အား​ပန်ကြား​ကြ​၏။ 32သို့သော် ကိုယ်တော်​က“ငါ​၌ သင်​တို့​မ​သိ​သော​စားစရာ​ရှိ​၏”​ဟု မိန့်​တော်မူ​၏။ 33ထို့ကြောင့် တပည့်​တော်​တို့​က “တစ်စုံတစ်ယောက်​သည် ကိုယ်တော်​အား စား​စရာ​ကို​ယူလာ​ပေး​ပြီ​လော”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ 34ယေရှု​က​လည်း“ငါ့​ကို​စေလွှတ်​တော်မူ​သော​သူ​၏​အလို​တော်​ကို ဆောင်ရွက်​၍ သူ​၏​အမှု​တော်​ကို​ပြီးမြောက်​စေ​ခြင်း​သည် ငါ​၏​အစားအစာ​ဖြစ်​၏။ 35သင်​တို့​က ‘ရိတ်သိမ်း​ချိန်​ရောက်​ရန် လေး​လ​လို​သေး​၏’​ဟု ဆို​ကြ​သည်​မ​ဟုတ်​လော။ ငါ​ဆို​သည်​ကား လယ်ပြင်​တို့​ကို မျှော်ကြည့်​ကြ​လော့။ ရိတ်သိမ်း​ရန်​အသင့်​ရှိ​လျက် ဝင်းမှည့်​နေ​ပြီ။ 36မျိုးကြဲ​သော​သူ​နှင့်​ရိတ်သိမ်း​သော​သူ​သည် အတူတကွ​ဝမ်းမြောက်​ကြ​မည့်​အကြောင်း ရိတ်သိမ်း​သော​သူ​သည် ဆုလာဘ်​ကို​ရရှိ​လျက် ထာဝရ​အသက်​အတွက် အသီးအနှံ​ကို​စုသိမ်း​နှင့်​ပြီ။ 37ထို့ကြောင့် ‘တစ်​ဦး​က မျိုးကြဲ​လျက် အခြား​တစ်​ဦး​က ရိတ်သိမ်း​၏’​ဟူသော​ဆိုရိုး​စကား​သည် ဤ​နေရာ​၌ မှန်ကန်​၏။ 38သင်​တို့​လုပ်အား​မ​စိုက်​ခဲ့​သော​အရာ​ကို ရိတ်သိမ်း​ရန် သင်​တို့​အား ငါ​စေလွှတ်​၏။ အခြား​သော​သူ​တို့​သည် လုပ်အား​စိုက်​ခဲ့​၍ သင်​တို့​သည် ထို​သူ​တို့​၏​အားစိုက်​မှု​ရလဒ်​၌ ပါဝင်​ရ​ကြ​၏”​ဟု မိန့်​တော်မူ​၏။
လောက၏ကယ်တင်ရှင်
39“ကျွန်မ​ပြု​ခဲ့​သမျှ​သော​အရာ​တို့​ကို ထို​သူ​ထုတ်ဖော်​ပြောဆို​ခဲ့​သည်”​ဟု သက်သေခံ​သော​ရှမာရိ​အမျိုးသမီး​၏​စကား​ကြောင့် ထို​မြို့​မှ​ရှမာရိ​နယ်သား​များစွာ​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။ 40သို့ဖြစ်၍ ရှမာရိ​နယ်သား​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​ကြ​သောအခါ မိမိ​တို့​ထံ၌ တည်းခို​တော်မူ​ရန် ကိုယ်တော်​အား​တောင်းပန်​ကြ​သဖြင့် ကိုယ်တော်​သည် ထို​အရပ်​တွင် နှစ်​ရက်​တည်းခို​တော်မူ​၏။ 41ထိုအခါ ပို၍​များစွာ​သော​သူ​တို့​သည် ကိုယ်တော်​၏​စကား​တော်​ကြောင့် ယုံကြည်​ကြ​၏။ 42သူ​တို့​က ထို​အမျိုးသမီး​အား “ယခု ငါ​တို့​ယုံကြည်​ကြ​သည်​မှာ သင်​ပြောဆို​သော​စကား​ကြောင့်​မ​ဟုတ်​တော့​ပါ။ ငါ​တို့​ကိုယ်တိုင်​ကြားနာ​ရ​သဖြင့် ဤ​သူ​သည် လောက​၏​ကယ်တင်ရှင်​အစစ်အမှန်​ဖြစ်​ကြောင်း​ကို သိ​ကြ​ပြီ”​ဟု ဆို​ကြ​၏။
ဂါလိလဲနယ်သားတို့ယေရှုကိုကြိုဆိုလက်ခံခြင်း
43နှစ်​ရက်​လွန်​သော် ကိုယ်တော်​သည် ထို​အရပ်​မှ​ထွက်ခွာ​၍ ဂါလိလဲ​နယ်​သို့​ကြွ​တော်မူ​၏။ 44ပရောဖက်​သည် မိမိ​၏​နေရင်း​မြို့​၌ ဂုဏ်သရေ​မ​ရှိ​ကြောင်း ယေရှု​ကိုယ်တိုင်​သက်သေခံ​တော်မူ​၏။ 45ဂါလိလဲ​နယ်​သို့​ရောက်​တော်မူ​သောအခါ ဂါလိလဲ​နယ်သား​တို့​သည် ကိုယ်တော်​ကို​ကြိုဆို​လက်ခံ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည်​လည်း ပွဲတော်​သို့​သွား​ရောက်​ခဲ့​၍ ပွဲတော်​ကာလ​အတွင်း ဂျေရုဆလင်​မြို့​၌ ကိုယ်တော်​ပြု​တော်မူ​သော​အမှုအရာ​အားလုံး​တို့​ကို မြင်​ခဲ့​ကြ​၏။
မှူးမတ်၏သားကိုအကောင်းပကတိဖြစ်စေခြင်း
46ထို့နောက် ယေရှု​သည် ရေ​ကို​စပျစ်​ဝိုင်​ဖြစ်​စေ​ခဲ့​ရာ ဂါလိလဲ​နယ်၊ ကာန​မြို့​သို့ တစ်ဖန်​ကြွ​တော်မူ​၏။ ထိုအခါ​၌ ကပေရနောင်​မြို့​တွင် မှူးမတ်​တစ်​ဦး​ရှိ​၍ သူ့​သား​သည် နာမကျန်း​ဖြစ်​နေ​၏။ 47ယုဒ​နယ်​မှ ဂါလိလဲ​နယ်​သို့ ယေရှု​ကြွလာ​တော်မူ​ကြောင်း​ကို ထို​မှူးမတ်​သည်​ကြား​သောအခါ သူ​၏​သား သေ​အံ့ဆဲဆဲ​ဖြစ်​သောကြောင့် ကိုယ်တော်​ထံသို့​သွား​ပြီးလျှင် ကြွလာ​၍ သား​၏​အနာရောဂါ​ကို ပျောက်ကင်း​စေ​တော်မူ​ပါ​ရန် တောင်းပန်​လေ​၏။
48ယေရှု​က​လည်း“သင်​တို့​သည် နိမိတ်​လက္ခဏာ​နှင့်​အံ့ဩဖွယ်ရာ​များ​ကို မ​မြင်​ရ​လျှင် မည်သည့်​အခါ​မျှ ယုံကြည်​ကြ​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။ 49ထို​မှူးမတ်​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​သား​မ​သေ​မီ ကြွလာ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ 50ယေရှု​က​လည်း“သွား​လော့။ သင်​၏​သား အသက်​ချမ်းသာ​ရာ​ရ​ပြီ”​ဟု မိန့်​တော်မူ​၏။ ထို​မှူးမတ်​သည် မိမိ​အား ယေရှု​မိန့်​တော်မူ​သော​စကား​ကို​ယုံကြည်​၍ ပြန်​သွား​လေ​၏။
51အပြန်​လမ်း​တွင် သူ​၏​အစေအပါး​တို့​သည် သူ့​ကို​ဆီးကြို​လျက် သူ့​သား​အသက်​ချမ်းသာ​ရာ​ရ​ပြီ​ဖြစ်​ကြောင်း ပြောကြား​ကြ​၏။ 52ထိုအခါ သူ​သည် မိမိ​၏​သား သက်သာ​သွား​သည့်​အချိန်​ကို အစေခံ​တို့​အား​မေးမြန်း​လျှင် သူ​တို့​က “မနေ့​မွန်းလွဲ​တစ်​နာရီ​တွင် အဖျား​ပျောက်​သွား​ပါ​သည်”​ဟု လျှောက်​ကြ​၏။ 53ထို​အချိန်​သည်“သင်​၏​သား အသက်​ချမ်းသာ​ရာ​ရ​ပြီ”​ဟု ယေရှု​မိန့်​တော်မူ​သော​အချိန်​ဖြစ်​ကြောင်း​ကို ဖခင်​သိ​သဖြင့် သူ​ကိုယ်တိုင်​မှစ၍ သူ​၏​အိမ်သူအိမ်သား​အပေါင်း​တို့​သည် ယုံကြည်​ကြ​၏။
54ဤသည်ကား ယုဒ​နယ်​မှ ဂါလိလဲ​နယ်​ထဲသို့ ယေရှု​ကြွလာ​တော်မူ​ပြီးနောက် ထပ်မံ​၍​ပြု​တော်မူ​သော ဒုတိယ​နိမိတ်​လက္ခဏာ​ဖြစ်​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy