YouVersion Logo
Search Icon

ယေရမိအနာဂတ္တိကျမ်း 1

1
1ဗင်္ယာမိန်​ပြည်​၊ အာနသုတ်​မြို့​မှ ယဇ်ပုရောဟိတ်​တစ်​ပါး​ဖြစ်​သော ဟိလခိ​၏​သား ယေရမိ​ဆင့်ဆို​သော​နှုတ်ကပတ်တော်​။ 2အာမုန်​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောရှိ​မင်းကြီး နန်းစံ​တစ်ဆယ့်​သုံး​နှစ်​မှစ၍ 3ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​လက်ထက်​နှင့် ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး နန်းစံ​တစ်ဆယ့်တစ်​နှစ်​၊ ပဉ္စမ​လ ဂျေရုဆလင်​မြို့သား​တို့ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သည့်​အချိန်​ထိ ယေရမိ​ထံသို့ ရောက်လာ​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကား ဤသို့​ဖြစ်​၏​။
ယေရမိကိုခေါ်တော်မူခြင်း
4ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့ ရောက်လာ​၍ 5“​သင့်​ကို အမိ​ဝမ်း​ထဲမှာ ပုံ​မ​သွင်း​မီ​ကပင် သင့်​ကို​ငါ​သိ​၏​။ သင်​မ​မွေး​မီ​ကပင် သင့်​ကို​ငါ​သန့်ရှင်း​စေ​ပြီ​။ လူမျိုးတကာ​တို့​အတွက် ပရောဖက်​အဖြစ် ငါ​ခန့်ထား​ပြီ​”#ဂလ 1:15။​ဟု မိန့်ဆို​သော်
6ငါ​က​လည်း “​အို​၊ ဘုရားရှင်​ထာဝရဘုရား အကျွန်ုပ်​သည် သူငယ်​သာ​ဖြစ်၍ မ​ပြော​မ​ဆို​တတ်​ပါ​”​ဟု ပြန်လျှောက်​၏​။ 7သို့သော် ထာဝရဘုရား​က ငါ့​အား “ ‘အကျွန်ုပ်​သည် သူငယ်​သာ​ဖြစ်​ပါ​သည်’​ဟု မ​ဆို​နှင့်​။ သင့်​ကို​ငါ​စေလွှတ်​သော လူ​အပေါင်း​တို့​ထံသို့ သင်​သွား​ရ​မည်​။ ငါ​မိန့်မှာ​သော​စကား​အလုံးစုံ​တို့​ကို သင်​ပြောကြား​ရ​မည်​။ 8သူ​တို့​ကို မ​ကြောက်​နှင့်​။ ငါ​သည် သင့်​ကို​ကယ်နုတ်​ရန် သင်​နှင့်အတူ​ရှိ​၏​”​ဟု မိန့်​တော်မူ​ပြီးလျှင်
9ထာဝရဘုရား​သည် လက်​တော်​ကို​ဆန့်​၍ ငါ​၏​နှုတ်​ကို​တို့​တော်မူ​၏​။ ထို့နောက် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​၏​နှုတ်ကပတ်တော်​ကို သင့်​နှုတ်​၌ ငါ​ထား​ပြီ​။ 10လူမျိုးခြား​များ​နှင့် တိုင်းနိုင်ငံ​များ​ကို နုတ်ပယ်​ဖြိုချ​ရန်​၊ ဖျက်ဆီး​မှောက်လှန်​ရန်​၊ တည်ထောင်​ပြုစု​ရန် ယနေ့ သင့်​အား ငါ​ခန့်ထား​ပြီ​”​ဟု မိန့်​တော်မူ​၏​။
ဗျာဒိတ်နိမိတ်နှစ်ခု
11တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ “ယေရမိ​၊ သင်​သည် မည်သည့်​အရာ​ကို​မြင်​သနည်း​”​ဟု မိန့်​တော်မူ​လျှင် ငါ​က “​ဗာဒံ​ကိုင်း​ကို​မြင်​ပါ​သည်​”​ဟု လျှောက်​၏​။ 12ထိုအခါ ထာဝရဘုရား​က “​သင်​မြင်​သည့်​အတိုင်း မှန်​ပေ​၏​။ အကြောင်းမူကား ငါ့​စကား​ပြည့်စုံ​သည်​ကို ငါ​စောင့်ကြည့်​နေ​၏​”​ဟု ငါ့​အား မိန့်​တော်မူ​၏​။ 13ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဒုတိယအကြိမ် ငါ့​ထံသို့​ရောက်လာ​၍ “သင်​သည် မည်သည့်​အရာ​ကို​မြင်​သနည်း​”​ဟု မိန့်​တော်မူ​လျှင် ငါ​က “​မြောက်ဘက်​မှ​မျက်နှာမူ​သည့် ဆူပွက်​နေ​သော​အိုး​ကို​မြင်​ပါ​၏​”​ဟု လျှောက်​၏​။
14ထိုအခါ ထာဝရဘုရား​က “​မြောက်ဘက်​မှ​ဘေးအန္တရာယ်​သည် ဤ​ပြည်သူပြည်သား​ရှိသမျှ​တို့​အပေါ် ကျရောက်​လိမ့်မည်​။ 15အကြောင်းမူကား ငါ​သည် မြောက်ဘက်​တိုင်းနိုင်ငံ​များ​ရှိ လူမျိုး​အပေါင်း​တို့​ကို ဆင့်ခေါ်​မည်”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က “သူ​တို့​သည် ရောက်လာ​၍ ဂျေရုဆလင်​မြို့​တံခါး​ဝ​များ​တွင် ရာဇပလ္လင်​ကို အသီးသီး​တည်​ကြ​မည်​။ မြို့ရိုး​အားလုံး​ကို​ဝိုင်းရံ​ထား​၍ ယုဒ​မြို့​အားလုံး​ကို တိုက်ခိုက်​ကြ​မည်​။ 16ပြည်သူပြည်သား​တို့​သည် ငါ့​ကို​စွန့်ပယ်​၍ အခြား​ဘုရား​များ​အား နံ့သာပေါင်း​မီးရှို့ပူဇော်​လျက် မိမိ​တို့​လက်​ဖြင့်​လုပ်​သော​အရာ​များ​ကို ရှိခိုးကိုးကွယ်​သောကြောင့် ငါ​သည် သူ​တို့​၏​မကောင်းမှု​အားလုံး​အတွက် တရားစီရင်ချက်​ကို ချမှတ်​ကြေညာ​မည်​”​ဟု မိန့်​တော်မူ​၏​။
17“​သင်​သည် ခါး​ကို​စည်း​၍ ထ​ပြီးလျှင် သင့်​အား ငါ​မိန့်မှာ​ထား​သော​စကား​အလုံးစုံ​ကို သူ​တို့​အား ဆင့်ဆို​လော့​။ သူ​တို့​ကို မ​ကြောက်​နှင့်​။ ကြောက်​လျှင် သင့်​ကို သူ​တို့​ရှေ့​တွင် ငါ​ခြောက်လှန့်​မည်​။ 18ကြည့်ရှု​လော့​။ ယုဒ​ဘုရင်​များ​၊ အကြီးအကဲ​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ပြည်သူပြည်သား​များ​မှစ၍ ပြည်​တစ်ပြည်လုံး​ကို ဆန့်ကျင်​နိုင်​ရန် ယနေ့ ငါ​သည် သင့်​ကို ခိုင်ခံ့​သော​မြို့​၊ သံ​တိုင်​၊ ကြေးနီ​မြို့ရိုး​ကဲ့သို့ ဖြစ်စေ​ပြီ​။ 19သင့်​ကို​ကယ်နုတ်​ရန် သင်​နှင့်အတူ ငါ​ရှိ​မည်​ဖြစ်၍ သူ​တို့​သည် သင့်​ကို​တိုက်ခိုက်​သော်လည်း နိုင်​လိမ့်မည်​မ​ဟုတ်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy