ဓမ္မရာဇဝင်ပထမစောင် 11
11
ယာဗက်ဂိလဒ်မြို့ကို ရှောလုကယ်တင်ခြင်း
1အမ္မုန်လူမျိုးနာဟတ်သည် ချီလာ၍ ယာဗက်ဂိလဒ်မြို့နားတွင် တပ်ချ၏။ ထိုအခါ ယာဗက်မြို့သားတို့က နာဟတ်အား “ကျွန်ုပ်တို့နှင့် မဟာမိတ်ဖွဲ့ပါလော့။ အရှင့်ထံ၌ အစေခံပါမည်”ဟု ဆိုကြ၏။
2သို့သော် အမ္မုန်လူမျိုးနာဟတ်က သူတို့အား “သင်တို့အားလုံး၏ညာဘက်မျက်လုံးကို ဖောက်ထုတ်ပြီး အစ္စရေးတစ်မျိုးသားလုံးကို ကဲ့ရဲ့ရှုတ်ချရမှသာ သင်တို့နှင့် ငါမဟာမိတ်ဖွဲ့မည်”ဟု ပြန်ပြော၏။
3ယာဗက်မြို့သားသက်ကြီးဝါကြီးတို့ကလည်း “ကျွန်ုပ်တို့ကို အချိန်ခုနစ်ရက်ပေးပါ။ အစ္စရေးပြည်တစ်လျှောက်လုံးသို့ တမန်တို့ကို စေလွှတ်ကြည့်ပါမည်။ ကျွန်ုပ်တို့ကို ကယ်တင်မည့်သူမရှိလျှင် အရှင့်ထံအညံ့ခံပါမည်”ဟု ပြန်ပြောကြ၏။
4တမန်တို့သည် ရှောလုရှိရာဂိဗာမြို့သို့ရောက်လာ၍ ထိုသတင်းကို လူတို့ကြားသိအောင်ပြောကြားသောအခါ လူအပေါင်းတို့သည် အော်ဟစ်ငိုကြွေးကြလေ၏။ 5ကြည့်ရှုလော့။ ရှောလုသည် နွားကျောင်းရာလယ်ကွင်းမှ ပြန်လာ၏။ ရှောလုက “အဘယ်ကြောင့် လူတို့ ငိုကြွေးကြသနည်း”ဟု မေးလျှင် သူတို့သည် ယာဗက်မြို့သားတို့ပြောသောသတင်းစကားကို သူ့အား ပြောပြကြ၏။
6ထိုစကားတို့ကို ရှောလုကြားသည်နှင့် ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ် သက်ရောက်၏။ သူသည် ပြင်းစွာအမျက်ထွက်လျက် 7နွားတစ်ရှဉ်းကိုယူ၍ အပိုင်းပိုင်းခုတ်ဖြတ်ပြီးမှ ထိုတမန်တို့၏လက်ဖြင့်ပင် အစ္စရေးနယ်ပယ်တစ်လျှောက်လုံးသို့ ပေးပို့ကာ “ရှောလုနှင့် ရှမွေလနောက်သို့မလိုက်သောသူတို့၏နွားများကို ဤကဲ့သို့ပြုမည်”ဟု မှာလိုက်၏။ ထိုအခါ ထာဝရဘုရားကိုကြောက်ရွံ့စိတ်ဝင်ကြသဖြင့် လူတို့သည် တညီတညွတ်တည်း ထွက်လာကြ၏။
8ရှောလုသည် ဗေဇက်မြို့တွင် ထိုသူတို့ကိုရေတွက်ကြည့်ရာ အစ္စရေးအမျိုးသားသုံးသိန်း၊ ယုဒအမျိုးသားသုံးသောင်းရှိ၏။ 9သူတို့သည် ရောက်လာသောတမန်တို့အား “ ‘မနက်ဖြန် နေမြင့်ချိန်၌ သင်တို့ကို လာကယ်တင်မည်’ဟု ယာဗက်ဂိလဒ်မြို့သားတို့အား ပြန်ပြောလော့”ဟု မှာလိုက်၏။ တမန်တို့သည်လည်း ပြန်လည်ပြောပြကြရာ ယာဗက်မြို့သားတို့သည် အလွန်ဝမ်းမြောက်ကြ၏။
10ထို့ကြောင့် ယာဗက်မြို့သားတို့က “မနက်ဖြန် အရှင့်ထံ အကျွန်ုပ်တို့လာပါမည်။ အရှင် အလိုရှိသည်အတိုင်း ပြုပါ”ဟု အကြောင်းပြန်ကြ၏။
11နောက်တစ်နေ့တွင် ရှောလုသည် လူတို့ကို သုံးဖွဲ့ခွဲပြီး မိုးသောက်ယံအချိန်၌ ရန်သူ့တပ်စခန်းသို့ဝင်၍ နေမြင့်သည့်တိုင်အောင် အမ္မုန်လူမျိုးတို့ကို တိုက်ခိုက်သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သောသူတို့သည်လည်း နှစ်ယောက်အတူပင်ရှိမနေနိုင်ဘဲ တကွဲတပြားစီထွက်ပြေးကြရလေ၏။
ရှောလုကိုရှင်ဘုရင်အဖြစ် အတည်ပြုခြင်း
12ထိုအခါ လူတို့က ရှမွေလအား “ ‘ရှောလုသည် ငါတို့ကို အုပ်စိုးရမည်လော’ဟု ဆိုခဲ့သောသူများကား မည်သူနည်း။ အကျွန်ုပ်တို့ထံ အပ်ပါလော့။ သူတို့ကို သတ်ပစ်မည်”ဟု ဆိုကြ၏။
13သို့သော် ရှောလုက “ယနေ့မှာ အစ္စရေးလူမျိုးတို့ကို ထာဝရဘုရားကယ်တင်တော်မူပြီဖြစ်၍ မည်သူ့ကိုမျှ မသတ်ရ”ဟု ဆို၏။
14ရှမွေလကလည်း လူတို့အား “လာကြ။ ဂိလဂါလမြို့သို့သွား၍ ထိုမြို့တွင် နိုင်ငံတော်အသစ်တည်ထောင်ကြစို့”ဟု ဆိုလျှင် 15လူအပေါင်းတို့သည် ဂိလဂါလမြို့သို့လိုက်သွားကြ၏။ သူတို့သည် ဂိလဂါလမြို့တွင် ထာဝရဘုရားရှေ့တော်၌ ရှောလုကို မင်းမြှောက်ကြပြီး ထာဝရဘုရားထံ မိတ်သဟာယယဇ်ကို ပူဇော်ကြ၏။ ရှောလုနှင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် အလွန်ဝမ်းမြောက်ပျော်ရွှင်ကြ၏။
Currently Selected:
ဓမ္မရာဇဝင်ပထမစောင် 11: MSBU
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative