YouVersion လိုဂို
ရှာရန် အိုင်ကွန်

ချီးမွမ်းခြင်း၏ ထူးဆန်လှသောတန်ခိုး—ဆာလံကျမ်းမှ (၅) ရက်တာအစီစဉ်နမူနာ

The Extraordinary Power of Praise: A 5 Day Devotional From the Psalms

5 ၏ နေ့ 4

ဘုရားသခင်ကို ချီးမွမ်းခြင်းသည် ရောင့်ရဲသောစိတ်သဘောကို ပြုစုတတ်သည်

ဤသင်္ခါရလောက၌ ကျင်လည်စဉ်တွင်၊ မိမိဆင်းရဲခြင်းအကြောင်းကို ညည်းညူရန် လွယ်ကူလှပါသည်။ မိမိအခြေအနေကို သူတစ်ပါးနှင့် နှိုင်းယှဉ်၍၊ သူတို့၏ အသက်တာသည် ကျွန်တော်တို့၏ အသက်တာထက် ပိုမိုသာလွန်သည်ဟု ခံစားရပါသည်။ ကျွန်တော်တို့သည် ၎င်းအမှုအားဖြင့် စိတ်ဓာတ်ကျပြီး မြည်တမ်းလျက် မကျေမနပ်ဘဲ နေကြပါသည်။ သို့သော်၊ (ဆာ၊ ၂၃း၁) တွင်၊ ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရဟု ပြောဆိုသလို၊ (ဆာ၊ ၁၆း၅) တွင်လည်း၊ ထာဝရဘုရားသည် ငါအမွေခံရာအဖို့၊ ငါစားသောက်ရာအဖို့ ဖြစ်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏ဟု ဒါဝိဒ်မင်းကြီးက ပြောဆိုခဲ့ပါသည်။

ဒါဝိဒ်မင်းကြီးသည် ဤလောကုတ္တရာငြိမ်သက်ခြင်းကို ဘယ်လိုရရှိခံစားခဲ့ပါသလဲ။ အကြောင့်မှာ၊ သူသည် အရာရာ၌ ဘုရားသခင်ကို စိတ်နှလုံးပါလျက် ချီးမွမ်းသူ ဖြစ်ခဲ့ပါသည်။ ကျွန်တော်တို့သည် သူတစ်ပါးနှင့် နှိုင်းယှဉ်လျက်၊ မြည်တမ်းစကားကို ပြောဆိုအခါ မကျေမနပ်ခြင်းသို့ ရောက်ကြပါလိမ့်မည်။ သို့ရာတွင်၊ ကျွန်တော်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ထောက်လျက်၊ အားရဝမ်းမြောက်စွာ ချီးမွမ်းသောအခါ ရောင့်ရဲသောစိတ်ကို ရရှိခံစားပါလိမ့်မည် ဖြစ်ပါသည်။ သခင်ဘုရားအဖို့ မိမိ၏ ချစ်ခြင်းမေတ္တာကို ပိုမိုဖော်ပြစဉ်တွင်၊ မိမိ၏ ချစ်ခြင်းမေတ္တာကို ပိုမိုတိုးပွားစေပါလိမ့်မည်။ ကျေးဇူးတော်ကို အစဉ်အမြဲ ချီးမွမ်းလျှင် ပိုမိုကျေးဇူးတင်တတ်သောသူများ ဖြစ်ကြပါလိမ့်မည်။ အချိန်တန်မှာ မိတ်ဆွေသည် ကိုယ်တော်မှတစ်ပါး၊ ကောင်းကင်ဘုံမှာ အကျွန်ုပ်၌ အဘယ်သူရှိပါသနည်း။ ကိုယ်တော်ကို အလိုရှိသည်နှင့်အမျှ မြေကြီးပေါ်မှာ အကျွန်ုပ်သည် အဘယ်အလိုရှိပါသနည်းဟု ပြောဆိုပါလိမ့်မည် (ဆာ၊ ၇၃း၂၅)။ အကယ်၍၊ ဘုရားသခင်သည် ကျွန်တော်တို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာပြုခြင်းငှာ တတ်နိုင်တော်မူသည်။ ကျွန်တော်တို့သည် ဤသမ္မာတရားကို နားလည်သဘောပေါက်ပြီမှ၊ ဒါဝိဒ်မင်းကြီးကဲ့သို့ ငါသည် ဆင်းရဲမခံရဟု စိတ်နှလုံးပါလျက် ပြောဆိုပါလိမ့်မည်။

လာမည့် (၅) ရက်ပတ်လုံး၊ နေ့စဉ် (၁၅) မိနစ်ခန့် ဘုရားရှင်မြတ်ကို ချီးမွမ်းပါလား။ ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များကို စာရေး၍ သူ၏ ဂုဏ်တော်အနန္တကို ချီးမွမ်းပါ။ သို့မဟုတ်၊ ဓမ္မသီချင်းများကို ဖွင့်နားထောက်လျက် ချီးမွမ်းပါ။ မိတ်ဆွေသည် စိတ်ကြိုက်ချီးမွမ်းလိုက်ပါ။ ချီးမွမ်းခြင်းသည် မိမိဝိညာဉ်ကို ဧကန်အမှန် အားဖြည့်၍ ပြောင်းလဲစေပါလိမ့်မည်။

ဆေလာ (Selah) - ငြိမ်ဝပ်စွာ နေလျက် ဆင်ခြင်စဉ်းစားပါ။ မိတ်ဆွေသည် အဆိုးသာမြင်၍ မကြာခဏ ညည်းတွားသည့်သူ ဖြစ်ပါသလား။ အရှင်ယေရှုဘုရား၌ စုံလင်ရောင့်ရဲခြင်းရှိ၍ ငါသည် ဆင်းရဲမခံရဟု စိတ်နှလုံးပါလျက် ဆိုနိုင်ရန် ဘယ်လိုလုပ်နိုင်မလဲ။

ထောမနာပတ္ထနာစကား။သန့်ရှင်းတော်မူသောဘုရားရှင်၊ ကိုယ်တော်သည် အနန္တတန်ခိုးတော်၊ ဉာဏ်တော်၊ မေတ္တာခရုဏာတော်အရှင် ဖြစ်ပြီး ခပ်သိမ်းသောအရာတို့သည် မိမိအနန္တတန်ခိုးတော်အားဖြင့်သာ တည်သောအရှင် ဖြစ်တော်မူသည်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ကိုယ်တော်ဘုရား စုံလင်တော်မူ၍ မိမိဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ ကျွန်ုပ်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေသောဘုရား ဖြစ်တော်မူသည်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ထာဝရဘုရားသည် ငါအမွေခံရာအဖို့ ဖြစ်တော်မူသည်အတွက် ရှိခိုးပါ၏။ ကိုယ်တော်၏ မဟာမေတ္တာကရုဏာတော်ကို ထောက်လျက် သဘာဝအလွန် လောကုတ္တရာငြိမ်သက်ခြင်းကို ရရှိခံစားပါ၏။ အကျွန်ုပ်လိုအပ်သောအရာများသည် ကိုယ်တော်မြတ်၌ ရှိပါ၏။ ဘုရားသခင်သည် အထွဋ်အမြတ်အာဏာတော်ကို ပိုင်တော်မူသောကြောင့် အကျွန်ုပ်သည် သောကမီးကို မရှိဘဲလျက် စိတ်ချမ်းသာစွာ နေနိုင်ပါ၏။ အကျွန်ုပ်သည် သန့်ရှင်းတော်မူသော အနန္တတန်ခိုးရှင်ကို ကိုးကွယ်ပါ၏။ အာမင်။

ထာဝရဘုရားသည် ငါအမွေခံရာအဖို့၊ ငါစားသောက်ရာအဖို့ ဖြစ်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏ (ဆာ၊ ၁၆း၅)။

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

The Extraordinary Power of Praise: A 5 Day Devotional From the Psalms

သောက၊ သံဝေဂ၊ အထီးကျန်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့သည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သိသိသာသာ တိုးပွားလာခဲ့ပါသည်။ ဆာလံဆရာများသည် ဤခံစားချက်များကို ကိုယ်တိုင်ခံစားဖူးပါသည်။ သို့သော်၊ ထိုသူတို့သည် ချီးမွမ်းခြင်း၏ ထူးဆန်လှသောတန်ခိုးကို သိကျွမ်း၍ အရာရာ၌ အောင်မြင်စွာ ကျော်လွှားစေဖို့ သင်ယူခဲ့ကြသည်။ ဤအစီစဉ်အားဖြင့် လောကုတ္တရာငြိမ်သက်ခြင်း၏ လျှို့ဝှက်ချက်ကို ရှာဖွေပါ။

More

ဤအစီအစဥ်ကို ပံ့ပိုးပေးသည့်အတွက် Moody Publishers အား အထူးကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://www.moodypublishers.com/the-extraordinary-power-of-praise သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

စပ်ဆိုင်သော အစီအစဉ်များ