YouVersion Logo
Search Icon

Psalms 74

74
1အို ဘုရားရှင်၊ ကိုယ်တော်သည် အဘယ်ကြောင့် ကျွန်ုပ်တို့အား ထာဝရငြင်းပယ်ခဲ့သနည်း။ ကိုယ်တော်၏စားကျက်မှသိုးများအပေါ် ကိုယ်တော်သည် အဘယ်ကြောင့် အမျက်ဒေါသထွက်သနည်း။ 2ရှေးကာလက ကိုယ်တော်ဝယ်ယူထားသော ကိုယ်တော်၏လူမျိုးတော်၊ အမွေတော်အဖြစ် ကိုယ်တော်ရွေးနုတ်တော်မူသော အမျိုးအနွယ်နှင့် ကိုယ်တော်ကိန်းဝပ်တော်မူခဲ့ရာ ဇိအုန်တောင်ကို သတိရတော်မူပါ။ 3ထာဝရ​ပျက်စီး​ဆိတ်သုဉ်း​သော​အရပ်​သို့ ခြေဦးလှည့်​တော်မူ​ပါ​။ ရန်သူ​တို့​သည် သန့်ရှင်းရာဌာန​တော်​ထဲ၌ ရှိသမျှ​တို့​ကို ဖျက်ဆီး​ကြ​ပါ​ပြီ​။ 4ကိုယ်တော်​၏​ရန်သူ​တို့​သည် ကိုယ်တော်​၏ တွေ့ဆုံစည်းဝေးရာ​နေရာ​တွင် အော်ဟစ်​ကြ​ပါ​၏သည်။ သူ​တို့​၏​အောင်လံ​များ​ကို အမှတ်လက္ခဏာ​အဖြစ်​စိုက်ထူ​ကြ​ပါ​ပြီ​။ 5သူ​တို့​သည် သစ်ပင်​ထူထပ်​သော​အရပ်​တွင် ပုဆိန်​ကို​ဝှေ့ယမ်း​သော​သူ​ကဲ့သို့​ဖြစ်​ပြီး 6ယခုတွင် ဗိမာန်တော်​ထဲမှ ပန်းပုရုပ်​အားလုံး​တို့​ကို ပုဆိန်​နှင့်​တူ​တို့​ဖြင့် ရိုက်ချိုး​ကြ​သည်။ 7သူ​တို့​သည် ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​ကို မီးရှို့​ကြ​ပါ​သည်​။ ကိုယ်တော်​၏​နာမ​တော်​တည်ရာအရပ်​ကို မြေ​သို့​ကျ​သည့်​တိုင်အောင် ရှုတ်ချ​ကြ​ပါသည်။ 8“​သူ​တို့​ကို အပြီးတိုင်​ချေမှုန်း​ကြ​မည်​”​ဟု မိမိ​တို့​စိတ်​ထဲ၌ ဆို​ကြ​ပါ​သည်​။ တိုင်း​ပြည်​တွင်​ရှိ​သ​မျှ​သော ဘုရားရှင်၏ဝတ်​ပြု​ကိုး​ကွယ်​ရာဌာ​န​တို့​ကို မီး​ရှို့​ပစ်​ကြ​သည်။ 9ကျွန်ုပ်​တို့​၏​အမှတ်လက္ခဏာ​များ​ကို ကျွန်ုပ်​တို့​မ​မြင်​ရ​ပါ​။ အရိယာသူတော်စင်​လည်း မ​ရှိ​တော့​ပါ​။ မည်မျှ​အထိ ဤသို့​ဖြစ်​မည်​ကို​သိ​သော​သူ​လည်း ကျွန်ုပ်​တို့​ထဲတွင်​မ​ရှိ​ပါ​။ 10အို ဘုရားရှင်၊ ရန်သူများသည် မည်မျှကြာအောင် ကိုယ်တော်အား လှောင်ပြောင်နေကြပါမည်နည်း။ သူတို့သည် ကိုယ်တော်၏နာမတော်ကို အစဥ်အမြဲ မထီလေးစားပြုနေမည်လော။ 11ကိုယ်တော်​၏​လက်​တော်​၊ ကိုယ်တော်​၏​လက်ယာ​လက်​တော်​ကို​ပင် အဘယ်ကြောင့် ရုပ်သိမ်း​တော်မူ​သနည်း​။ လက်​တော်​ကို လျှိုထား​ရာ​မှ​ထုတ်​၍ သူ​တို့​ကို အပြီးသတ်​သုတ်သင်​တော်မူ​ပါ​။ 12သို့သော် ဘုရားရှင်​သည် ရှေးကာလ​မှစ၍ ကျွန်ုပ်​၏​ရှင်ဘုရင်​ဖြစ်​တော်မူ​သည်​။ ကိုယ်တော်​သည် ကမ္ဘာမြေ​ပေါ်​၌ ကယ်တင်​ခြင်း​အမှု​ကို ဆောင်ယူတော်မူလာသည်။ 13ကိုယ်တော်​သည် တန်ခိုးတော်​အားဖြင့် ပင်လယ်​ကို​ပိုင်းခြား​၍ ရေ​ထဲ​ရှိ​သတ္တဝါကြီး​တို့​၏​ဦးခေါင်း​ကို ခွဲ​တော်မူ​သည်​။ 14ကိုယ်တော်​သည် လဝိသန်၏​ဦးခေါင်း​တို့​ကို ကြေမွ​စေ​၍ ကန္တာရ​သတ္တဝါ​တို့​အား စားစရာ​အဖြစ်​ပေး​တော်မူသည်။ 15ကိုယ်တော်​သည် စမ်းရေ​နှင့်​စမ်းချောင်း​ကို ပေါက်ထွက်​စေ​၍ အမြဲ​စီးဆင်း​သော​မြစ်​များ​ကို ခန်းခြောက်​စေ​တော်မူသည်။ 16နေ့​ကို ကိုယ်တော်​ပိုင်​တော်မူ​သကဲ့သို့ ည​ကို​လည်း ကိုယ်တော်​ပိုင်​တော်မူ​သည်​။ ကိုယ်တော်​သည် လ​နှင့်တကွ နေ​ကို​တည်​စေ​တော်မူသည်။ 17ကိုယ်တော်​သည် ကမ္ဘာမြေကြီး​၏ နယ်နိမိတ်​အားလုံး​ကို သတ်မှတ်​၍ နွေရာသီ​နှင့်​ဆောင်းရာသီ​ကို ဖြစ်ပေါ်​စေ​တော်မူ​သည်။ 18အို အရှင်ဖြစ်သောဘုရားရှင်၊ ရန်သူ​သည် ကိုယ်တော့်​ကို​ကဲ့ရဲ့ပြစ်တင်​သည်​ကို​လည်းကောင်း​၊ မိုက်မဲ​သော​သူ​သည် ကိုယ်တော်​၏​နာမ​တော်​ကို မထီလေးစား​ပြု​သည်​ကို​လည်းကောင်း အောက်မေ့​တော်မူ​ပါ​။ 19ကိုယ်တော့်​ချိုးငှက်​၏​အသက်​ကို သားရဲတိရစ္ဆာန်​အား ပေး​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​အဖိနှိပ်​ခံရ​သော လူ​တို့​၏​အသက်​ကို ထာဝရမေ့လျော့​တော်​မ​မူ​ပါ​နှင့်​။ 20ပဋိညာဉ်​ကို ကြည့်ရှုဆင်ခြင်​တော်မူ​ပါ​။ အကြောင်းမူကား ကမ္ဘာမြေကြီး​ပေါ်​ရှိ မှောင်မိုက်​သော​အရပ်​တို့​သည် ရက်စက်ကြမ်းကြုတ်မှု​ကျက်စား​ရာ နေရာသက်သက် ဖြစ်​သည်။ 21ဖိနှိပ်ချုပ်ချယ်​ခြင်း​ခံရ​သော​သူ​သည် အသရေပျက်​၍ ပြန်လှည့်​လာ​ရ​ခြင်း မ​ရှိ​ပါစေ​နှင့်​။ အဖိနှိပ်​ခံရ​သော​သူ​နှင့် နွမ်းပါး​သော​သူ​သည် ကိုယ်တော်​၏​နာမ​တော်​ကို ချီးမွမ်း​ကြ​ပါစေသော​။ 22အို ဘုရားရှင်၊ ထတော်မူ၍ ကိုယ်တော်​၏​အမှုကိစ္စ​ကို ရင်ဆိုင်ဖြေရှင်း​တော်မူ​ပါ​။ မိုက်မဲ​သော​သူ​သည် ကိုယ်တော်​ကို တစ်နေ့လုံး ကဲ့ရဲ့ပြစ်တင်​သည်​ကို အောက်မေ့​တော်မူ​ပါ​။ 23ကိုယ်တော့်​ရန်သူ​တို့​၏ အသံ​တည်းဟူသော ကိုယ်တော်​တစ်ဖက်​၌ ထကြွ​သော​သူ​တို့​ထံမှ အစဉ်မပြတ်​ထွက်ပေါ်​လာ​သည့် အုတ်အုတ်ကျက်ကျက်​အသံ​ကို မေ့လျော့​တော်​မ​မူ​ပါ​နှင့်​။

Currently Selected:

Psalms 74: TPV-RV

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in