YouVersion Logo
Search Icon

ရှင်မာကု 13

13
ဗိမာန်တော်ပြိုပျက်မည့်အကြောင်း
(မ၊ ၂၄:၁-၂။ လု၊ ၂၁:၅-၆)
1ကိုယ်တော်ယေရှုသည် ဗိမာန်တော်မှထွက်ခွာစဉ်တွင် တပည့်တော်များထဲမှတစ်ယောက်က “ကိုယ်တော်၊ လှပကြီးကျယ်သည့် ကျောက်တုံးများနှင့် ခမ်းနားထည်ဝါလှသော အဆောက်အဦးအား ကြည့်ပါလော့” ဟုလျှောက်လေသည်။
2ထိုအခါ ကိုယ်တော်က “ဤကြီးကျယ်ခမ်းနားသည့် အဆောက်အဦးများကို ယခုသင်မြင်နေသော်လည်း ဤအရာတို့သည် ကျောက်တုံးတစ်တုံးပေါ်၌ တစ်တုံးတင်၍ပင် မကျန်အောင် ဖြိုချဖျက်ဆီးခံရမည်ဖြစ်၏” ဟု မိန့်တော်မူ၏။
နောက်ဆုံးသောကာလ၏နိမိတ်လက္ခဏာများ
(မ၊ ၂၄:၃-၁၄။ လု၊ ၂၁:၇-၁၉)
3ထို့နောက် ကိုယ်တော်သည် သံလွင်တောင်ပေါ်၌ ဗိမာန်တော်ကို မျက်နှာမူလျက် ထိုင်နေတော်မူစဉ် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် အန္ဒြေတို့သည် ကိုယ်တော့်ထံသို့ လာ၍ 4“ကိုယ်တော်၊ ဤအရာတို့သည် မည်သည့်အချိန်၌ ဖြစ်လာမည်နည်း။ ဤအရာများဖြစ်လာမည်ဆိုလျှင် မည်သည့်နိမိတ်လက္ခဏာများအား ကျွန်ုပ်တို့ အရင်ဆုံးမြင်တွေ့ရမည်နည်း” ဟုမေးလျှောက်ကြလေသည်။ 5ကိုယ်တော်ယေရှုက “သင်တို့သည်လည်း လှည့်ဖြားမခံရစေဖို့ သတိထားကြလော့။ 6ငါ့၏အမည်နာမကို သုံး၍ အခွင့်အာဏာကို အယောင်ဆောင်အသုံးချမည့်လူများ ပေါ်ထွက်လာလိမ့်မည်။ သူတို့ကိုယ်သူတို့ ‘ငါသည် ကယ်တင်ရှင်မေရှိယဖြစ်သည်’ ဟုပြောကြ၍ လူများစွာကို လိမ်လည်လှည့်ဖြားကြလိမ့်မည်။ 7စစ်ပွဲသံများနှင့် အခြားနေရာတို့၌ စစ်ဖြစ်နေသည့်သတင်းများကို သင်တို့ကြားကြသည့်အခါ မကြောက်ကြနှင့်။ ဤအရာတို့သည် အမှန်တကယ်ပင် ဖြစ်ပျက်လာမည်ဖြစ်သော်လည်း ဘုရားရှင်စီစဉ်ထားတော်မူသည့် အဆုံးသတ်တော့မဟုတ်သေးပေ။ 8နိုင်ငံအချင်းချင်း၊ လူမျိုးအချင်းချင်း စစ်ပွဲများဖြစ်ပွားလိမ့်မည်။ ကမ္ဘာ့နေရာအနှံ့အပြား၌ မြေငလျင်များ လှုပ်ခတ်၍ လူပေါင်းများစွာတို့သည် အစားအစာငတ်ပြတ်သေကြေလိမ့်မည်။ ဤကဲ့သို့အခြေအနေများသည် ကြီးမားသည့် ပြဿနာ၏အစပိုင်းပင် ရှိပေဦးမည်။”
နှိပ်စက်ဖမ်းဆီးခံရခြင်းကို ကြိုတင်မိန့်ကြားတော်မူခြင်း
9“သင်တို့ကိုယ်တိုင်သည်လည်း နိုးနိုးကြားကြားနေ၍ အမြဲတမ်းသတိရှိကြလော့။ လူအများသည် သင်တို့ကို ဖမ်းဆီးကာ သူတို့၏တရားလွှတ်တော်များသို့ ခေါ်ဆောင်သွားကြမည်ဖြစ်ပြီး ဓမ္မာရုံများတွင်လည်း သင်တို့ကို ရိုက်နှက်ကြလိမ့်မည်။ သင်တို့သည် ငါ၏တပည့်များဖြစ်သည့်အတွက်ကြောင့် ရှင်ဘုရင်နှင့် အာဏာပိုင်များရှေ့၌ တရားရင်ဆိုင်ကြရလိမ့်မည်။ သင်တို့သည် ငါ့အကြောင်းကို သူတို့ရှေ့၌ သက်သေခံထွက်ဆိုရလိမ့်မည်။ 10ထို့အပြင် အဆုံးသတ်အချိန်ကိုမရောက်မီ ငါ့အကြောင်း မင်္ဂလာသတင်းကောင်းကို ကမ္ဘာပေါ်မှ လူမျိုးအပေါင်းတို့အား ဦးစွာဟောပြောကြရမည်။ 11ဖမ်းဆီးခြင်းခံရသည့်အခါ မည်သို့ ရင်ဆိုင်ပြောဆိုကြရမည်ဆိုသည်ကို မစိုးရိမ်ကြနှင့်။ ထိုအချိန်၌ သင်တို့၏စိတ်နှလုံးနှင့် စကားပြောဆိုခြင်း မဟုတ်ဘဲ ဉာဏ်အလင်းတော်သည် သင်တို့ကိုယ်စား စကားပြောဆိုလိမ့်မည်။ 12ထိုကာလ၌ ညီအစ်ကိုမောင်နှမများအချင်းချင်း သစ္စာ၊ မေတ္တာပျက်ကြ၍ အချင်းချင်းသေတွင်းပို့ကြလိမ့်မည်။ မိဘနှင့်သားသမီးကြား၌လည်း မေတ္တာပျက်ပြား၍ အချင်းချင်းသတ်ဖြတ်ကြလိမ့်မည်။ 13လူတို့သည် သင်တို့အား ငါ့တပည့် နောက်လိုက်ဖြစ်၍ မုန်းတီးကြလိမ့်မည်။ သို့သော် ငါ့အပေါ် ယုံကြည်မှုခိုင်မာ၍ အဆုံးသတ်အချိန်သည့်တိုင်အောင် ဆက်လက်ယုံကြည်နေသောသူအား ဘုရားရှင်က ကယ်တင်တော်မူလိမ့်မည်။”
ဘေးဒုက္ခကြီး
(မ၊ ၂၄:၁၅-၂၈။ လု၊ ၂၁:၂၀-၂၄)
14“ထိုကာလ၌ စက်ဆုပ်ရွံရှာဖွယ်အရာသည် မရှိသင့်သောနေရာ၌ ရှိနေသည်ကို သင်တို့မြင်တွေ့ကြရသောအခါ ယုဒပြည်၌ ရှိနေသောသူအားလုံး မြင့်မားသောတောင်ကုန်းများထံသို့ အလျင်အမြန်ထွက်ပြေးကြလော့။ 15သင်သည် အိမ်ခေါင်မိုးပေါ်ရောက်နေလျှင် သင့်ပစ္စည်းများကို ယူရန် အိမ်ထဲသို့ပြန်မဝင်ကြနှင့်။ 16သင်သည် လယ်ကွင်းထဲ၌ ရောက်နေလျှင်လည်း အဝတ်အစားများယူရန် အိမ်ကိုမပြန်ကြနှင့်။ 17ထိုကာလသည် ကိုယ်ဝန်ဆောင်များနှင့် နို့စို့အရွယ် ကလေးငယ်များအား စောင့်ရှောက်နေရသောမိခင်များအတွက် အလွန်ဆိုးဝါးလှသည့်အချိန်ဖြစ်လိမ့်မည်။ သူတို့သည် ထွက်ပြေးရန်နှင့် သူတို့၏အသက်ကို ကယ်တင်နိုင်ဖို့ရန် အလွန်ပင်ခက်ခဲကြလိမ့်မည်။ 18ထိုသို့ဆိုးရွားလှသောအဖြစ်အပျက်များသည် ဆောင်းကာလ၌ မဖြစ်စေရန် ဆုတောင်းကြလော့။ 19အကြောင်းမူကား ဘုရားရှင်ဖန်ဆင်းတော်မူသည့် ကမ္ဘာဦးအစကတည်းကပင် ယခုတိုင်အောင်မဖြစ်စဖူး။ နောင်တွင်လည်း ဖြစ်မည်မဟုတ်သည့် ဆင်းရဲဒုက္ခမျိုးသည် ထိုကာလ၌ ကျရောက်လိမ့်မည်။ 20ထိုဆင်းရဲဒုက္ခများကြုံတွေ့ရမည့် အချိန်ကာလကို ဘုရားရှင်က တိုတောင်းစေတော်မမူလျှင် မည်သူတစ်ဦးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်မည်မဟုတ်။ သို့သော် ဘုရားရှင်သည် သူရွေးကောက်တော်မူထားသည့်သူတို့အတွက် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မူလိမ့်မည်။ 21ထိုအချိန်ကာလ၌ တစ်စုံတစ်ယောက်သည် သင်တို့အား ‘ကြည့်လော့။ ဤအရပ်၌ကယ်တင်ရှင်မေရှိယရှိ၏၊’ ‘ကြည့်ကြလော့’ ဟုလိမ်ညာပြောဆိုကြလျှင် ထိုသူတို့အား လုံးဝမယုံကြည်ကြနှင့်။ 22အကြောင်းမူကား သူတို့ကိုယ်သူတို့ ကယ်တင်ရှင်မေရှိယဖြစ်၏၊ အရိယာ သူတော်စင်ဖြစ်၏ဆိုသောလူတို့သည် များစွာပေါ်ထွက်လာပြီး ထိုသူတို့သည် ဘုရားရှင်ရွေးကောက်တော်မူထားသည့်လူအများအား လိမ်လည်လှည့်ဖြားရန် အံ့ဖွယ်အမှုကိစ္စအမျိုးမျိုးကိုလည်း လုပ်ပြကြလိမ့်မည်။ 23အရာခပ်သိမ်းတို့ကို သင်တို့အား ငါကြိုတင်ပြောထားပြီဖြစ်သဖြင့် သင်တို့သည် သတိတရားကို လက်ကိုင်ထား၍ နေကြလော့။”
လူ့သားတော် ကြွရောက်လာခြင်း
(မ၊ ၂၄:၂၉-၃၁။ လု၊ ၂၁:၂၅-၂၈)
24“ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့်အချိန်ကာလ ကျရောက်ပြီးသောအခါ နေသည် အလင်းရောင်ပျောက်ကွယ်၍ လသည်လည်း မှောင်မိုက်နေလိမ့်မည်။ 25ကောင်းကင်မှ ကြယ်တို့သည်လည်းကြွေကျကာ ကောင်းကင်တန်ခိုးတို့သည်လည်း#13:25 ရှေးကာလလူတို့သည် ကြယ်တာရာများကို ကောင်းကင်တန်ခိုးစွမ်းအားများဟု ယုံကြည်ကြသည်။ တုန်လှုပ်ကြလိမ့်မည်။ 26ထို့နောက် ဘုရားရှင်စေလွှတ်တော်မူသည့် လူ့သားတော်သည် မိုးတိမ်တိုက်များကိုစီးလျက် ကြီးမြတ်သောဘုန်းတန်ခိုးတော်နှင့် ဂုဏ်အသရေတော်ကိုဆောင်၍ ပေါ်ထွက်လာသည်ကို သင်တို့ တွေ့မြင်ရလိမ့်မည်။ 27လူ့သားတော်သည် နတ်ဒေဝါများအား စေလွှတ်၍ မိမိရွေးချယ်ထားသည့်သူများအား ကမ္ဘာမြေကြီးအစွန်းမှ မိုးကောင်းကင်အစွန်းအထိတိုင်အောင် အရပ်လေးမျက်နှာတို့မှ စုစည်းစေလိမ့်မည်။”
သဖန်းပင် ပုံဥပမာ
(မ၊ ၂၄:၃၂-၃၅။ လု၊ ၂၁:၂၉-၃၃)
28“ဤသဖန်းပင်မှ ပုံဥပမာကို သင်ယူကြလော့။ သဖန်းပင်၏အကိုင်းအခက်တွေက သစ်ရွက်နုများ ထွက်လာသည့်အချိန်၌ နွေကာလနီးပြီဟု သင်တို့သိကြ၏။ 29ထိုကဲ့သို့ပင် ငါမိန့်ဆိုသည့်အကြောင်းအရာများ ဖြစ်လာသည်ကို မြင်ရသောအခါ လူ့သားတော် ပြန်လာမည့်အချိန် နီးကပ်လာပြီဆိုသည်ကို သင်တို့သိမှတ်ကြလော့။ 30သင်တို့အား ငါအမှန်ဆိုမည်ကား၊ ဤမျိုးဆက်လူများမကုန်ခင်၌ပင် ထိုအရာအားလုံးသည် ဖြစ်ပျက်ကြလိမ့်မည်။ 31ကောင်းကင်နှင့်ကမ္ဘာမြေကြီးသည် ထာဝရမတည်မြဲသော်လည်း ငါ၏စကားများသည် အစဉ်ထာဝရ တည်နေလိမ့်မည်။”
မည်သည့်နေ့ရက်အချိန်တွင် ဖြစ်ပျက်မည်ကို မည်သူမျှမသိ
(မ၊ ၂၄:၃၆-၄၄)
32“သို့သော်ထိုအရာများ ဖြစ်ပျက်လာမည့် နေ့ရက်အချိန်နာရီအား အဖဘုရားရှင်မှတစ်ပါး မည်သူမျှမသိနိုင်။ ရွှေမြို့တော်၌ရှိသော နတ်ဒေဝါများလည်းမသိနိုင်သည့်အပြင် သားတော်ကိုယ်တိုင်ပင် မသိနိုင်။ 33ထိုကာလသည် မည်သည့်အချိန်၌ ကျရောက်လာမည်ဆိုသည်ကို မသိနိုင်ကြသည့်အတွက် သင်တို့ သတိတရားနှင့် နိုးနိုးကြားကြားနေကြလော့။ 34ဥပမာအနေနှင့် ခရီးထွက်တော့မည့်သူ တစ်ယောက်သည် သူမထွက်ခွါမီ မိမိအိမ်မှအစေအပါးများနှင့် ဂိတ်စောင့်အား သူတို့အသီးသီးလုပ်ဆောင်ရမည့်အရာများနှင့်တကွ သူပြန်လာမည့်အချိန်ကို သတိနှင့်စောင့်နေရန် မှာကြားခဲ့သည်နှင့်တူ၏။ 35အိမ်ရှင်သည် ညနေစောင်းချိန်၊ ညဉ့်ဦးယံအချိန် သို့မဟုတ် သန်းခေါင်ယံချိန်၊ မနက်မိုးသောက်ချိန်တို့တွင် မည်သည့်အချိန်၌ ပြန်ရောက်လာမည်နည်းဆိုတာ သင်တို့မသိနိုင်ကြသည့်အတွက် အမြဲသတိဝီရိယနှင့်စောင့်နေကြလော့။ 36ထိုသို့မဟုတ်လျှင် အိမ်ရှင်သည် ရုတ်တရက်ပြန်ရောက်လာသောအချိန်၌ သင်တို့ သတိဝီရိယကင်းမဲ့စွာ အိပ်ပျော်နေကြသည်ကို တွေ့လိမ့်မည်။ 37ထို့ကြောင့် သင်တို့နှင့်အတူ ဤကမ္ဘာပေါ်မှ လူခပ်သိမ်းတို့အား ငါမိန့်မှာသည်ကား၊ သတိဝီရိယနှင့် နိုးနိုးကြားကြားစောင့်နေကြလော့” ဟု မိန့်တော်မူ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in