YouVersion Logo
Search Icon

မဿဲ 7

7
သူတစ်ပါးကို စီရင်ခြင်း
1တဖန် ကိုယ်တော်က “မိမိအား သူတစ်ပါး၏ဝေဖန်ပြစ်တင်ခြင်း မခံရလိုပါက သူတစ်ပါးကိုလည်း ဝေဖန်ပြစ်တင်ခြင်းမပြုကြနှင့်။ 2သင်တို့သည် သူတစ်ပါးကို ဝေဖန်ပြစ်တင်သည့်အတိုင်း သင်တို့လည်း ဝေဖန်ပြစ်တင်ခံရမည်ဖြစ်၏။ သင်တို့ သူတစ်ပါးကို တိုင်းတာသည့်စံနှုန်းအတိုင်း သင်တို့ကိုလည်း အတိုင်းတာခံရကြလိမ့်မည်။
3သင်၏မျက်လုံးထဲမှ သစ်တုံးကိုမမြင်ဘဲ သင်၏ညီအစ်ကိုမျက်လုံးထဲက အမှုန်အစလေးကို အဘယ်ကြောင့် မြင်နေကြသနည်း။ 4သင်၏မျက်လုံးထဲတွင် သစ်တုံးရှိနေပါလျက်နှင့် သင်၏ညီအစ်ကိုအား ‘သင့်မျက်လုံးထဲက အမှုန်အစလေးကို ငါထုတ်ပေးပါရစေ’ ဟုမည်ကဲ့သို့ ပြောနိုင်မည်နည်း။ 5သူတော်ကောင်းအယောင်ဆောင်သောသူတို့၊ သင်၏မျက်လုံးထဲမှ သစ်တုံးကို ဦးစွာထုတ်လိုက်မှသာ သင်၏ညီအစ်ကိုမျက်လုံးထဲက အမှုန်အစကို ထုတ်ပေးရန် ရှင်းရှင်းလင်းလင်း မြင်ရမည်ဖြစ်၏။
6သန့်စင်မွန်မြတ်သောအရာတို့ကို ခွေးအား မပေးနှင့်။ သင်တို့၏ပုလဲများကိုလည်း ဝက်တို့၏ရှေ့တွင် မချထားကြနှင့်။ သင်တို့ ဤကဲ့သို့လုပ်ဆောင်လျှင် သူတို့သည် ထိုအရာများကို ခြေဖဝါးအောက်တွင် နင်းချေလိုက်ကြလိမ့်မည်။ ပြီးနောက် သင်တို့ဘက်သို့ လှည့်လာပြီး သင်တို့ကိုလည်း တိုက်ခိုက်ကြလိမ့်မည်။
တောင်းလော့၊ ရှာလော့၊ ခေါက်လော့
7တောင်းကြလော့။ တောင်းလျှင် သင်တို့ရကြလိမ့်မည်။ ရှာဖွေကြလော့။ ရှာဖွေလျှင် သင်တို့ တွေ့ရှိကြလိမ့်မည်။ တံခါးကို ခေါက်ကြလော့။ တံခါးခေါက်လျှင် သင်တို့ကို တံခါးဖွင့်ပေးလိမ့်မည်။ 8တောင်းသည့်သူတိုင်းသည်လည်း ရကြလိမ့်မည်ဖြစ်၏။ ရှာဖွေကြသည့်သူတိုင်းသည် တွေ့ကြလိမ့်မည်ဖြစ်၏။ တံခါးခေါက်သည့်သူတိုင်းကိုလည်း တံခါးဖွင့်ပေးလိမ့်မည်ဖြစ်၏။
9သားဖြစ်သူက ပေါင်မုန့်ကိုတောင်းလျှင် သင်တို့ထဲမှ မည်သူက မိမိ၏သားကို ကျောက်တုံးကိုပေးမည်နည်း။ 10သားဖြစ်သူက ငါးကိုတောင်းလျှင် မြွေကိုပေးမည့်သူ ရှိသလော။ 11သင်တို့သည် အပြစ်ဒုစရိုက်သားများဖြစ်ပါလျက် သင်တို့၏သားသမီးများကို ကောင်းသည့်အရာများကိုသာ ပေးတတ်လျှင် ရွှေမြို့တော်တွင်ရှိသည့် သင်တို့၏အဖဘုရားရှင်သည်လည်း သူ့ထံတွင် တောင်းလျှောက်သည့်သူတို့အား ကောင်းမွန်သည့်အရာများကို ပို၍ပေးမည်မဟုတ်လော။ 12ထို့ကြောင့် သင်တို့ကို သူတစ်ပါးမှ ပြုမူဆက်ဆံစေလိုသည့်အတိုင်း သူတစ်ပါးကိုလည်း ပြုမူဆက်ဆံကြလော့။ ဤသည်မှာ ပညတ်တရားတော်ကျမ်းများနှင့် အရိယာသူတော်စင်တို့ရေးသားခဲ့သည့် ကျမ်းစာများ၏အနှစ်ချုပ်ပင်ဖြစ်၏။
ကျဉ်းမြောင်းသောတံခါး
13ကျဉ်းမြောင်းသည့် တံခါးမှသာ ဘုရားရှင်၏သာသနာတော်သို့ ဝင်ကြလော့။ အကြောင်းမူကား ပျက်ဆီးခြင်းသို့ ဦးတည်သောတံခါးသည် ကျယ်ဝန်း၍ လမ်းသည်ပြန့်ပြူး၏။ ထိုဝင်ပေါက်မှ ဝင်ကြသည့်သူတို့သည်လည်း အလွန်များပြားလှ၏။ 14အသက်ရှင်ခြင်းသို့ ဦးတည်သောတံခါးသည် ကျဉ်းမြောင်း၍ ခက်ခဲကြမ်းတမ်းသဖြင့် ရှာတွေ့ကြသောသူတို့သည်လည်း နည်းပါးလှ၏။
15အရိယာသူတော်စင်အတုအယောင်တို့အား သတိထားကြလော့။ သူတို့သည် သိုးသားရေကိုခြုံ၍ ရက်စက်ကြမ်းကြုတ်သည့် ဝံပုလွေများကဲ့သို့ သင်တို့ထံ လာကြလိမ့်မည်။ 16သင်တို့သည် ထိုသူတို့၏လုပ်ရပ်များကို ကြည့်ခြင်းအားဖြင့် သူတို့သည် အရိယာသူတော်စင်အတုအယောင်များဖြစ်ကြောင်း သိနိုင်၏။ ဆူးချုံပင်မှ စပျစ်သီးကိုလည်းကောင်း၊ ဆူးပင်မှ သဖန်းသီးကိုလည်းကောင်း ခူးဆွတ်နိုင်မည်လော။ 17ထိုနည်းတူ ကောင်းသောအပင်သည် ကောင်းသောအသီးကိုသာ သီးတတ်ပြီး မကောင်းသောအပင်သည် မကောင်းသောအသီးကိုသာ သီးတတ်၏။ 18ကောင်းသောအပင်မှ မကောင်းသောအသီးကို မသီးနိုင်သကဲ့သို့ မကောင်းသောအပင်သည်လည်း ကောင်းသောအသီးကို မသီးနိုင်။ 19ကောင်းသောအသီးကို မသီးသည့်အပင်တိုင်းသည်လည်း ခုတ်လှဲခံရ၍ မီးထဲသို့ ပစ်ချခံရမည်ဖြစ်၏။ 20သို့ဖြစ်၍ သင်တို့သည် အသီးကိုကြည့်၍ အပင်၏အကြောင်းကို သိနိုင်သကဲ့သို့ အရိယာသူတော်စင်အတုအယောင်တို့၏ ပြုမူနေထိုင်ပုံကိုကြည့်ခြင်းအားဖြင့်လည်း ထိုသူတို့၏အကြောင်းကို သိနိုင်၏။
21ငါ့အား ‘အရှင်၊ အရှင်’ ဟုခေါ်သည့်သူတိုင်းသည် ရွှေမြို့တော်၏သာသနာတော်သို့ ဝင်ရောက်ခွင့်ရကြမည်မဟုတ်။ ရွှေမြို့တော်တွင်ရှိသော ငါ၏အဖဘုရားရှင်၏အလိုတော်အတိုင်း လိုက်နာကြသောသူများသာ ဝင်ရောက်ခွင့်ရကြမည်ဖြစ်၏။ 22တရားစီရင်သောနေ့သို့ ရောက်သည့်အခါ လူများစွာတို့သည် ငါ့အား ‘အရှင်၊ အရှင်၏အမည်နာမတော်ကို အမှီပြု၍ ကျွန်ုပ်တို့သည် ဘုရားရှင်၏ မင်္ဂလာသတင်းကောင်းကို ဟောပြောခဲ့ကြပါသည်။ အရှင်၏အမည်နာမတော်ကို အမှီပြု၍ မကောင်းဆိုးဝါးများကို မောင်းထုတ်ပြီး အံ့ဖွယ်အမှုကိစ္စများစွာတို့ကိုလည်း လုပ်ဆောင်ခဲ့ကြသည် မဟုတ်ပါလော’ ဟု ပြောဆိုကြလိမ့်မည်။ 23ထိုအခါ ငါသည် ထိုသူတို့အား ‘သင်တို့ကို ငါလုံးဝမသိပေ။ အပြစ်ဒုစရိုက်ကျူးလွန်ကြသောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့’ ဟုအတိအလင်းပြောဆိုမည်ဖြစ်၏။
အိမ်ဆောက်သူများ
24ထို့ကြောင့် ငါဆိုသော တရားစကားကို ကြား၍ လိုက်နာကျင့်ကြံသူတိုင်းသည် ကျောက်ပေါ်တွင် အိမ်ဆောက်သောပညာရှိနှင့်တူ၏။ 25မိုးရွာသွန်း၍ ရေလွှမ်းမိုးချိန်တွင် လေပြင်းထန်စွာ တိုက်ခတ်သော်လည်း ထိုအိမ်သည် ကျောက်ပေါ်တွင် တည်ဆောက်ထားသောကြောင့် မပြိုလဲနိုင်ပေ။ 26သို့သော် ငါဟောပြောသောတရားစကားများကို ကြား၍ လိုက်နာကျင့်ကြံခြင်းမရှိသောသူတို့သည် သဲပေါ်တွင် အိမ်ဆောက်သော ပညာမဲ့တို့နှင့်တူ၏။ 27မိုးရွာသွန်း၍ လေပြင်းတိုက်ကာ ရေလွှမ်းမိုးချိန်တွင် ထိုအိမ်သည် ပြိုလဲသွားမည်ဖြစ်ပြီး လုံးဝပျက်ဆီးသွားရလိမ့်မည်” ဟု မိန့်တော်မူလေ၏။
28ကိုယ်တော်ယေရှုသည် ဤသို့တရားဒေသနာတို့ကို ဟောပြောသွန်သင်ပြီးသောအခါ လူထုပရိသတ်တို့သည် ကိုယ်တော်၏သွန်သင်ချက်များကို အံ့ဩချီးမွမ်းကြလေ၏။ 29အကြောင်းမူကား ကိုယ်တော်သည် ကျမ်းတတ်ဆရာများကဲ့သို့မဟုတ်ဘဲ တန်ခိုးအာဏာပြည့်ဝစွာရှိသောသူကဲ့သို့ ဟောပြောသွန်သင်တော်မူသောကြောင့်ဖြစ်၏။

Currently Selected:

မဿဲ 7: TPV-RV

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in