YouVersion Logo
Search Icon

ရှင်မဿဲခရစ်ဝင် 4

4
ဖြားယောင်းသွေးဆောင်ခြင်းကိုခံတော်မူခြင်း
1ထို့နောက် ယေရှု​သည် မာရ်နတ်​၏​ဖြားယောင်း​သွေးဆောင်​ခြင်း​ကို​ခံ​ရန် ဝိညာဉ်​တော်​အားဖြင့် တော​ကန္တာရ​သို့​ပင့်ဆောင်​ခြင်း​ကို​ခံ​တော်မူ​၏။ 2နေ့​ပေါင်း​လေးဆယ်​နှင့် ည​ပေါင်း​လေးဆယ် အစာရှောင်​ပြီးနောက် ဆာလောင်​တော်မူ​၏။ 3ထိုအခါ ဖြားယောင်း​သွေးဆောင်​သော​သူ​သည် ချဉ်းကပ်​လာ​၍ “သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် ဤ​ကျောက်ခဲ​တို့​ကို မုန့်​ဖြစ်​စေရန် အမိန့်​ရှိ​ပါ”​ဟု လျှောက်​လေ​၏။ 4ကိုယ်တော်​က​လည်း“ ‘လူ​သည် မုန့်​အားဖြင့်​သာ အသက်ရှင်​သည်​မ​ဟုတ်။ ဘုရားသခင်​၏​နှုတ်​တော်​ထွက်​စကား​ရှိသမျှ​အားဖြင့် အသက်ရှင်​၏’#တရား 8:3။ဟူ၍ ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်မူ​၏။
5ထို့နောက် မာရ်နတ်​သည် ကိုယ်တော်​ကို သန့်ရှင်း​သော​မြို့​တော်​သို့ ခေါ်ဆောင်​သွား​၍ ဗိမာန်​တော်​ထိပ်ဖျား​၌ ရပ်​စေ​ပြီးလျှင် 6“သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် အောက်သို့​ခုန်ချ​ပါ။ အကြောင်းမှာ ‘ဘုရားသခင်​သည် မိမိ​၏​ကောင်းကင်တမန်​တို့​ကို သင့်​အဖို့​မိန့်မှာ​တော်မူ​မည်​ဖြစ်၍ သင်​၏​ခြေ​ကို ကျောက်​နှင့်​မ​ထိ​မ​ခိုက်​စေရန် သူ​တို့​သည် သင့်​ကို လက်​ဖြင့်​ချီပင့်​ကြ​လိမ့်မည်’#ဆာ 91:11-12။​ဟူ၍ ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု လျှောက်​လေ​၏။ 7ယေရှု​က​လည်း“ ‘သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို အကဲ​မ​စမ်း​ရ’#တရား 6:16။ဟူ၍​လည်း ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်မူ​၏။
8တစ်ဖန် မာရ်နတ်​သည် ကိုယ်တော်​ကို အလွန်​မြင့်မား​သော​တောင်​ပေါ်သို့ ခေါ်ဆောင်​သွား​၍ လောကီ​နိုင်ငံ​အားလုံး​နှင့် ၎င်း​တို့​၏​ဘုန်း​စည်းစိမ်​တို့​ကို​ညွှန်ပြ​ကာ 9“သင်​သည် ပျပ်ဝပ်​လျက် ငါ့​ကို​ရှိခိုး​လျှင် ဤ​အရာ​အားလုံး​တို့​ကို သင့်​အား ငါ​ပေး​မည်”​ဟု လျှောက်​လေ​၏။ 10ယေရှု​က​လည်း“အချင်း​စာတန်၊ ထွက်သွား​လော့။ ‘သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို​ရှိခိုး​၍ ထို​အရှင်​တစ်ပါးတည်း​ကို​သာ ဝတ်ပြု​ရ​မည်’#ထွ 34:14၊ တရား 6:13။ဟူ၍ ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်မူ​၏။
11ထိုအခါ မာရ်နတ်​သည် ကိုယ်တော်​ထံမှ ထွက်ခွာ​သွား​၍ ကောင်းကင်တမန်​များ​သည် ချဉ်းကပ်​လာ​လျက် ကိုယ်တော်​ကို​ပြုစု​ကြ​၏။
ဂါလိလဲနယ်၌အမှုတော်ဆောင်ခြင်း
12ယောဟန်​အကျဉ်းချ​ခံရ​ကြောင်း​ကို ယေရှု​သည်​ကြား​လျှင် ဂါလိလဲ​နယ်​သို့ ကြွ​တော်မူ​၏။ 13ထို့နောက် နာဇရက်​မြို့​ကို​စွန့်ခွာ​၍ ပင်လယ်​ကမ်းနား​၌​ရှိ​သော ကပေရနောင်​မြို့​သို့ သွားရောက်​နေထိုင်​တော်မူ​၏။ ထို​မြို့​သည် ဇာဗုလုန်​နယ်​နှင့်​နဿလိ​နယ်​ဆိုင်ရာ​အရပ်​ဒေသ​၌​ရှိ​၏။ 14ဤသည်ကား ပရောဖက်​ဟေရှာယ​အားဖြင့် မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။ 15မိန့်​တော်မူ​ချက်​မှာ “ဇာဗုလုန်​နယ်​နှင့်​နဿလိ​နယ်၊ ပင်လယ်​လမ်း​တစ်လျှောက်၊ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း၊ လူမျိုးခြား​တို့​၏​ဂါလိလဲ​နယ်၊ 16အမှောင်​ထဲ၌​နေထိုင်​သော​သူ​တို့​သည် ကြီးမား​သော​အလင်း​ကို​မြင်​ရ​ကြ​၍ သေ​ခြင်း​အရိပ်​လွှမ်းမိုး​သော​ပြည်​၌ နေထိုင်​သော​သူ​တို့​ထံသို့ အလင်း​ပေါ်ထွက်​လာ​ပြီ”#ဟေရှာ 9:1-2။​ဟူ၍​ဖြစ်​၏။
17ထို​အချိန်​မှစ၍ ယေရှု​သည်“ကောင်းကင်​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်၍ နောင်တရ​ကြ​လော့”​ဟု စတင်​ဟောပြော​တော်မူ​၏။
ပထမဦးဆုံးတပည့်တော်များ
18ဂါလိလဲ​ပင်လယ်​ကမ်းနား​တွင် လမ်းလျှောက်​တော်မူ​စဉ် ညီအစ်ကို​နှစ်​ဦး​ဖြစ်​သော ရှိမုန်​ဟု​ခေါ်​သည့်​ပေတရု​နှင့် သူ​၏​ညီ​အန္ဒြေ​တို့​သည် တံငါသည်​များ​ဖြစ်​၍ ပင်လယ်​ထဲတွင် ပိုက်ကွန်​ချ​နေ​ကြ​သည်​ကို မြင်​တော်မူ​၏။ 19ကိုယ်တော်​က“ငါ့​နောက်​သို့​လိုက်​ကြ​လော့။ သင်​တို့​အား လူ​ကို​ဖမ်း​သော​တံငါသည်​ဖြစ်​စေ​မည်”​ဟု သူ​တို့​အား မိန့်​တော်မူ​လျှင် 20သူ​တို့​သည် ချက်ချင်း​ပင် ပိုက်ကွန်​များ​ကို​ထားခဲ့​၍ နောက်​တော်​သို့​လိုက်​ကြ​၏။
21တစ်ဖန် ထို​နေရာ​မှ ဆက်၍​ကြွ​တော်မူ​ရာ အခြား​ညီအစ်ကို​နှစ်​ဦး​ဖြစ်​သော ဇေဗေဒဲ​၏​သား ယာကုပ်​နှင့်​သူ့​ညီ​ယောဟန်​တို့​သည် သူ​တို့​၏​ဖခင်​ဇေဗေဒဲ​နှင့်အတူ လှေ​ထဲ၌ မိမိ​တို့​၏​ပိုက်ကွန်​များ​ဖာထေး​နေ​ကြ​သည်​ကို​မြင်​၍ သူ​တို့​ကို​ခေါ်​တော်မူ​၏။ 22သူ​တို့​သည်​လည်း ချက်ချင်း​ပင် လှေ​နှင့် သူ​တို့​၏​ဖခင်​ကို​ထားခဲ့​၍ နောက်​တော်​သို့​လိုက်​ကြ​၏။
ဟောပြောသွန်သင်လျက် လူနာတို့ကိုကျန်းမာစေတော်မူခြင်း
23ထို့နောက် ကိုယ်တော်​သည် ဂါလိလဲ​နယ်​တစ်နယ်လုံး​ကို လှည့်လည်​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ သွန်သင်​တော်မူ​ကာ နိုင်ငံ​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျက် လူ​တို့​ထဲ၌​စွဲကပ်​နေ​သော ရောဂါ​အမျိုးမျိုး​နှင့်​အဖျားအနာ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေ​တော်မူ​၏။ 24ထိုအခါ ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယား​ပြည်​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​သွား​သဖြင့် လူ​တို့​သည် ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ ဝေဒနာ​ခံစား​နေ​ရ​သူ​များ၊ နတ်ဆိုး​ပူး​သူ​များ၊ ဝက်ရူးပြန်​ရောဂါ​စွဲ​သော​သူ​များ​နှင့် လေဖြတ်​သော​သူ​များ စသည့်​နာမကျန်း​ဖြစ်​သူ​အပေါင်း​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။ 25သို့ဖြစ်၍ ဂါလိလဲ​နယ်၊ ဒေကာပေါလိ​နယ်၊ ဂျေရုဆလင်​မြို့၊ ယုဒ​နယ်​နှင့် ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​တို့​မှ များစွာ​သော​လူထု​ပရိသတ်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy