5
တောင်ပေါ်ဒေသနာတော်
1ကိုယ်တော်ယေရှုသည် နောက်တော်သို့လိုက်ပါလာကြသော လူထုပရိသတ်များကို မြင်သောအခါ တောင်ပေါ်သို့တက်၍ ထိုင်တော်မူ၏။ တပည့်တော်များသည်လည်း ကိုယ်တော့်ထံသို့ ချဉ်းကပ်လာကြ၏။ 2ထိုအခါ ကိုယ်တော်သည် သူတို့အား စတင်၍ ဟောပြောသွန်သင်တော်မူ၏။
မင်္ဂလာရှိသူများ
3ကိုယ်တော်က “ဘုရားရှင်မှအပ အားကိုးစရာမရှိဟု မှတ်ယူကြသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ရွှေမြို့တော်၏သာသနာတော်သည် ထိုသူတို့အတွက်ဖြစ်၏။ 4အပြစ်ဒုစရိုက်များနှင့် ပြည့်နှက်နေသော ကမ္ဘာလောကကြီးကြောင့် ပူဆွေးသောကရောက်နေကြသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရားရှင်သည် ထိုသူတို့ကို နှစ်သိမ့်ပေးတော်မူမည်ဖြစ်၏။ 5မိမိကိုယ်မိမိ နှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရားရှင်သည် ထိုသူတို့အား ကမ္ဘာမြေတစ်ခုလုံးကို အမွေအဖြစ်ပေးမည်ဖြစ်၏။ 6ဖြောင့်မတ်မှန်ကန်သည့်အရာတို့အား လုပ်ဆောင်ရန်အတွက် စိတ်ဆန္ဒပြင်းပြကြသူများသည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရားရှင်သည် ထိုသူတို့ကို ပြည့်စုံစေတော်မူမည်ဖြစ်၏။ 7သူတစ်ပါးကို သနားကရုဏာထားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရားရှင်သည် ထိုသူတို့အပေါ်တွင်လည်း သနားကရုဏာထားတော်မူမည်ဖြစ်၏။ 8ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး ကြည်လင်သန့်ရှင်းသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားရှင်ကို မြင်တွေ့ကြရမည်ဖြစ်၏။ 9သူတစ်ပါးအား ငြိမ်းချမ်းစွာနေထိုင်နိုင်ရန်အတွက် လုပ်ဆောင်ပေးကြသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည် ဘုရားရှင်၏သားသမီးများဟုခေါ်ဝေါ်ခြင်းခံရမည်ဖြစ်၏။ 10ဘုရားရှင်၏အလိုတော်အတိုင်း လုပ်ဆောင်သည့်အတွက် လူတို့၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ ရွှေမြို့တော်၏သာသနာတော်သည်လည်း ထိုသူတို့အတွက်ဖြစ်၏။
11ငါ၏အတွက်ကြောင့် လူတို့သည် သင်တို့အား စော်ကားပြောဆိုခြင်း၊ ဆိုးဝါးစွာဆက်ဆံကြခြင်းများနှင့် သင်တို့၏အကြောင်းကို မကောင်းသော လိမ်လည်မှုအမျိုးမျိုးဖြင့် ဆန့်ကျင်ပြောဆိုကြခြင်းကို ခံရလျှင် သင်တို့သည် မင်္ဂလာရှိကြ၏။ 12ဤကဲ့သို့ဖြစ်ပျက်လာပါက သင်တို့သည် ရွှေမြို့တော်၌ ကြီးစွာသော ဆုလာဘ်ကို ရရှိကြမည်ဖြစ်သည့်အတွက် ဝမ်းမြောက်ရွှင်လန်းကြလော့။ အကြောင်းမူကား ရှေးယခင်ကတည်းကပင် လူတို့သည် အရိယာသူတော်စင်များအား ထိုနည်းတူပင် ညှင်းပန်းနှိပ်စက်ခဲ့ကြသောကြောင့်ဖြစ်၏” ဟုမိန့်တော်မူ၏။
ဆားနှင့်အလင်း
13တဖန် ကိုယ်တော်က “သင်တို့သည် ကမ္ဘာပေါ်ရှိ လူအားလုံးတို့ အရသာအတွက် အသုံးပြုနေကြသည့် ဆားနှင့်တူ၏။ သို့သော် ဆားသည် အငန်ဓါတ်ပျောက်ဆုံးသွားပါက အငန်ဓါတ်ပြန်လည်ရရှိစေရန် မည်ကဲ့သို့ ပြုလုပ်ရမည်နည်း။ ထိုဆားသည် မည်သည့်အရာအတွက်မျှ အသုံးမဝင်တော့သဖြင့် အပြင်သို့ပစ်၍ လူတို့၏နင်းချေခြင်းကို ခံရရုံသာရှိပေတော့မည်။
14သင်တို့သည် ဤလောက၏အလင်းနှင့်တူ၏။ တောင်ပေါ်တွင်တည်ရှိသော မြို့ကို ကွယ်ဝှက်၍မရနိုင်။ 15မီးအိမ်ကို ထွန်းညှိ၍ မည်သူကမျှ တောင်းအောက်တွင် ထားမည်မဟုတ်။ ထိုအစား အိမ်ထဲ၌ရှိသောလူတိုင်းအတွက် အလင်းရောင်ရရန် မီးတိုင်တွင် ချိတ်ဆွဲထားကြမည်သာဖြစ်၏။ 16ထိုနည်းတူပင် သင်တို့၏အလင်းရောင်သည် လူအများ၏ရှေ့၌ ထွန်းလင်းနေကြရမည်ဖြစ်၏။ သို့မှသာ သင်တို့ပြုလုပ်ကြသည့် ကောင်းသောအရာများကို မြင်ကြပြီး ရွှေမြို့တော်တွင်ရှိသော သင်တို့အဖဘုရားရှင်၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်ဖြစ်၏” ဟုမိန့်တော်မူ၏။
ပညတ်တရားတော်ပြည့်စုံခြင်း
17ကိုယ်တော်က ဆက်လက်၍ “မောရှေ၏ပညတ်ကျမ်းနှင့် အရိယာသူတော်စင်များ၏ သွန်သင်ဟောပြောချက်များအား ပယ်ဖျက်ရန် ငါသည် ရောက်လာခြင်းဖြစ်သည်ဟု မထင်ကြနှင့်။ ငါသည် ပယ်ဖျက်ရန် လာခြင်းမဟုတ်ဘဲ ထိုကျမ်းများတွင် ဖေါ်ပြထားသည့်အတိုင်း ပြည့်စုံဖြစ်ပျက်လာစေရန် ရောက်လာခြင်းဖြစ်၏။ 18သင်တို့အား ငါအမှန်ဆိုသည်ကား ကောင်းကင်နှင့်မြေကြီး မကွယ်ပျောက်မီတိုင်အောင်၊ အရာအားလုံးမပြည့်စုံမချင်း ဘုရားရှင်၏ပညတ်တော်များထဲမှ အသေးငယ်ဆုံးသော အက္ခရာတစ်လုံးမျှပင် ကွယ်ပျောက်မည်မဟုတ်။ 19ထို့ကြောင့် ပညတ်တော်များထဲမှ အသေးငယ်ဆုံးသော ပညတ်တော်တစ်ခုကိုပင် ကိုယ်တိုင်ဖောက်ဖျက်၍ သူတစ်ပါးကိုလည်း ထိုကဲ့သို့ဖောက်ဖျက်ရန် သွန်သင်သောသူသည် ရွှေမြို့တော်၏ သာသနာတော်တွင် အရေးမပါဆုံးသောသူဖြစ်လိမ့်မည်။ ပညတ်တော်တိုင်းကို လိုက်နာပြီး သူတစ်ပါးတို့ကိုလည်း လိုက်နာရန်သွန်သင်သောသူသည် ရွှေမြို့တော်၏သာသနာတော်တွင် အကြီးမြတ်ဆုံးသောသူဖြစ်လိမ့်မည်။ 20သင်တို့အား ငါဆိုသည်ကား သင်တို့သည် ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာတို့ထက် သာ၍ဘုရားရှင်၏ပညတ်တော်တို့ကို လိုက်နာရမည်။ သင်တို့မလိုက်နာပါက သင်တို့သည် ရွှေမြို့တော်၏သာသနာတော်သို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်ကြလိမ့်မည်မဟုတ်” ဟုမိန့်တော်မူ၏။
အမျက်ဒေါသအကြောင်း သွန်သင်ခြင်း
21ဆက်လက်၍ ကိုယ်တော်က “‘လူ့အသက်ကို မသတ်ရ။ လူ့အသက်ကို သတ်သောသူ မည်သူမဆို အပြစ်စီရင်ခြင်းကို ခံထိုက်၏’ ဟု ရှေးလူတို့အား မိန့်မှာထားသည်ကို သင်တို့ကြားသိခဲ့ပြီမဟုတ်လော။ 22သို့သော် သင်တို့အား ငါဆိုသည်ကား မိမိ၏ညီအစ်ကိုအပေါ် အမျက်ဒေါသထွက်သော မည်သူမဆို အပြစ်စီရင်ခြင်းကို ခံထိုက်၏။ မိမိ၏ညီအစ်ကိုအပေါ် စော်ကားပြောဆိုလျှင် တရားလွှတ်တော်ရှေ့တွင် အပြစ်စီရင်ခြင်းကို ခံထိုက်ပြီး မိမိ၏ညီအစ်ကိုတို့အား ‘လူမိုက်’ ဟုဆိုလျှင်လည်း ငရဲသို့ပစ်ချခံထိုက်၏။
23ထို့ကြောင့် သင်သည် ပူဇော်ပလ္လင်တွင် ပူဇော်သက္ကာဖြင့် ဘုရားရှင်ကို ပူဇော်သည့်အချိန်၌ သင့်ညီအစ်ကိုက သင့်အပေါ်တွင် အပြစ်တစ်စုံတစ်ရာပြုလုပ်ထားသည်ကို သတိရလျှင် 24ပူဇော်သက္ကာအား ပလ္လင်၏ရှေ့၌ ထားခဲ့ပြီး သင်၏ညီအစ်ကိုဆီသို့ ဦးစွာသွား၍ သူနှင့်ပြန်လည်သင့်မြတ်အောင် ဆောင်ရွက်လော့။ ထို့နောက်မှပြန်လာ၍ ပူဇော်သက္ကာကို လှူဒါန်းကြလော့။
25သင်သည် သင့်ကို တရားစွဲဆိုသောသူနှင့် တရားရုံးသို့ အတူသွားသောအခါ လမ်း၌ရှိစဉ်မှာပင် သူနှင့်သင့်မြတ်အောင် အလျင်အမြန်ပြုလုပ်လော့။ ထိုကဲ့သို့မပြုလုပ်လျှင် သူသည် သင့်အား တရားသူကြီးလက်ထဲသို့ အပ်နှံမည်ဖြစ်ပြီး တရားသူကြီးသည် သင့်ကို အစောင့်တပ်သားများထံပို့ကာ ထောင်ထဲသို့ ထည့်လိမ့်မည်ဖြစ်၏။ 26သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့ပေးဆောင်ရမည့်ငွေကို မကျေမချင်း သင်တို့သည် ထိုနေရာမှ လွတ်မြောက်ကြလိမ့်မည်မဟုတ်။
အိမ်ထောင်ရေးဖောက်ပြန်ခြင်းအကြောင်း သွန်သင်ခြင်း
27‘အိမ်ထောင်ရေးဖောက်ပြန်ခြင်းကို မကျူးလွန်ရ’ ဟုမိန့်မှာထားသည်ကို သင်တို့ကြားသိကြပြီးမဟုတ်လော။ 28သို့သော် သင်တို့အား ငါဆိုသည်ကား အမျိုးသမီးတစ်ယောက်ကို တက်မက်သောစိတ်နှင့်ကြည့်သောသူတိုင်းသည် သူတို့၏စိတ်နှလုံး၌ အိမ်ထောင်ရေးဖောက်ပြန်ခြင်းအမှုကို ကျူးလွန်ခြင်းပင်ဖြစ်၏။ 29သင်၏ညာမျက်လုံးသည် သင့်ကို အပြစ်ကျူးလွန်စေလျှင် ထိုမျက်လုံးကို ဖောက်ထုတ်၍ အဝေးသို့ပစ်လော့။ သင်၏ခန္ဓာကိုယ်တစ်ခုလုံး ငရဲသို့ ကျရောက်ခြင်းထက် သင့်ခန္ဓာကိုယ်၏မကောင်းသည့် အစိတ်အပိုင်းတစ်ခုကို ဆုံးရှုံးရခြင်းသည် သာ၍ကောင်း၏။ 30သင်၏ညာလက်သည် သင့်ကို အပြစ်ကိုကျူးလွန်စေလျှင် ထိုလက်ကို ဖြတ်ထုတ်၍ အဝေးသို့ ပစ်လော့။ သင်၏ခန္ဓာကိုယ်တစ်ခုလုံး ငရဲသို့ ကျရောက်ခြင်းထက် သင့်ခန္ဓာကိုယ်၏မကောင်းသည့် အစိတ်အပိုင်းတစ်ခုကို ဆုံးရှုံးရခြင်းသည် သာ၍ကောင်း၏။
ကွာရှင်းခြင်းအကြောင်း သွန်သင်ခြင်း
31‘မည်သူမဆို မိမိ၏ဇနီးမယားနှင့်ကွာရှင်းလျှင် ကွာရှင်းစာချုပ်အား သူမထံသို့ပေးရမည်’ ဟုလည်း ပြောထားသည်မဟုတ်လော။ 32သို့သော် သင်တို့အား ငါဆိုသည်ကား မည်သူမဆို မိမိ၏ဇနီးမယားအား အိမ်ထောင်ရေးဖောက်ပြန်သည့်အကြောင်းမှလွဲ၍ အခြားအကြောင်းဖြင့် ကွာရှင်းသူသည် ထိုမယားအား အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်စေ၏။ ထိုမယားသည် နောက်အိမ်ထောင်ပြုလျှင် ကွာရှင်းသောသူနှင့် အမျိုးသမီးသာမက ထိုအမျိုးသမီးအား လက်ထပ်ယူသောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်ခြင်းအမှုကို ကျူးလွန်ရာရောက်၏။
ကတိသစ္စာအကြောင်း သွန်သင်ခြင်း
33ထို့အပြင် ‘မမှန်မကန် ကတိသစ္စာတိုင်တည်ခြင်းကို မပြုကြနှင့်။ သင်ပြုသောကတိသစ္စာကို ဘုရားရှင်ထံတော်ထိ ရောက်သည့်တိုင်အောင် စောင့်ထိန်းရမည်’ ဟုရှေးလူတို့အား မိန့်မှာခဲ့သည်ကို သင်တို့ကြားသိကြပြီးမဟုတ်လော။ 34သို့သော် သင်တို့အား ငါဆိုသည်ကား မည်သည့်အရာကိုမျှ တိုင်တည်၍ ကတိသစ္စာမပြုရ။ ရွှေမြို့တော်သည် ဘုရားရှင်၏ရာဇပလ္လင်ဖြစ်သည့်အတွက် ရွှေမြို့တော်ကိုလည်း တိုင်တည်၍ ကတိသစ္စာမပြုရ။ 35ကမ္ဘာမြေကြီးသည် ဘုရားရှင်၏ ခြေတော်ချသည့်နေရာဖြစ်သည့်အတွက် ကမ္ဘာမြေကြီးကိုလည်း တိုင်တည်၍ ကတိသစ္စာမပြုရ။ ကြီးမြတ်တော်မူသောဘုရင်၏မြို့တော်ဖြစ်သည့်အတွက် ဂျေရုဆလင်မြို့တော်ကိုလည်း တိုင်တည်၍ ကတိသစ္စာမပြုရ။ 36သင်တို့၏ဆံချည်တစ်မျှင်ကိုပင် ဖြူအောင် သို့မဟုတ် မဲအောင် မလုပ်နိုင်ကြသည့်အတွက် မိမိ၏ဦးခေါင်းကိုလည်း တိုင်တည်၍ ကတိသစ္စာမပြုရ။ 37သို့ဖြစ်၍ သင်တို့ပြောဆိုသည့်အခါတိုင်းတွင် ဟုတ်သည်ကို ‘ဟုတ်ပါ၏’ မဟုတ်သည်ကို ‘မဟုတ်ပါ’ ဟုသာ ပြောဆိုကြလော့။ ထိုထက်ပိုသော စကားသည် မာရ်နတ်ထံမှ လာသောစကားများသာဖြစ်၏။
လက်တုံ့ပြန်ခြင်းအကြောင်း သွန်သင်ခြင်း
38‘မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပေးရမည်။ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းကိုပေးရမည်’ ဟုသင်တို့ကို ဆုံးမသွန်သင်ထားခဲ့သည်မဟုတ်လော။ 39သို့သော် သင်တို့အား ငါဆိုသည်ကား သင်တို့အပေါ် ပြစ်မှားသောသူတို့အား ပြန်လည်၍ မပြစ်မှားကြနှင့်။ ထိုအစား သင်၏ညာဘက်ပါးကို ရိုက်လျှင် ဘယ်ဘက်ပါးကိုပါ လှည့်ပေးလော့။ 40သင့်ကို တရားစွဲ၍ သင်၏အင်္ကျီကိုယူလိုသောသူအား သင်၏အပေါ်ဝတ်ရုံကိုပါ ယူခွင့်ပေးလော့။ 41သင့်အား ဝန်ထုတ်ဝန်ပိုးကို ထမ်းစေပြီး ခရီးတစ်မိုင်မျှ အတင်းအကျပ်သွားစေသောသူရှိလျှင် ထိုသူနှင့်အတူ နောက်ထပ်ခရီးတစ်မိုင် သွားလော့။ 42သင့်ထံမှ တောင်းခံသူများကို ပေးကမ်းလော့။ သင့်ထံမှ ချေးငှားလိုသူများကိုလည်း မငြင်းပယ်ကြနှင့်။
ရန်သူကိုမေတ္တာထားလော့
43‘မိမိ၏အသိုင်းအဝိုင်းကို မေတ္တာထား၍ ရန်သူအား မုန်းတီးရမည်’ ဟုဆိုထားသည်ကို သင်တို့ ကြားသိကြပြီးမဟုတ်လော။ 44သို့သော် သင်တို့အား ငါဆိုသည်ကား ရန်သူကို မေတ္တာထား၍ သင့်အား ညှဉ်းပန်းနှိပ်စက်သူတို့အား ဆုတောင်းမေတ္တာပို့ကြလော့။ 45သို့မှသာ သင်တို့သည် ရွှေမြို့တော်တွင်ရှိတော်မူသော အဖဘုရားရှင်၏သားသမီးများ ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ဘုရားရှင်သည် နေကိုထွက်စေ၍ လူကောင်း၊ လူဆိုးမခွဲခြားဘဲ အလင်းရောင်ပေးစေသကဲ့သို့ တရားသောသူ၊ မတရားသောသူ မခွဲခြားစေဘဲ မိုးကိုလည်း ရွာသွန်းစေတော်မူသည့်အတွက်ကြောင့်ဖြစ်၏။ 46သင့်ကို မေတ္တာထားသူတို့ကိုသာ ပြန်၍မေတ္တာထားမည်ဆိုပါက သင့်အတွက် မည်သည့်အကျိုးကျေးဇူးရှိမည်နည်း။ အခွန်ကောက်သမားများပင် ဤကဲ့သို့ ပြုလုပ်တတ်ကြသည်မဟုတ်လော။ 47သင်သည် မိတ်ဆွေများကိုသာ ကြိုဆိုနှုတ်ခွန်းဆက်မည်ဆိုလျှင် တခြားသူများထက် မည်သို့ပို၍ သာလွန်နိုင်မည်နည်း။ သာသနာပြင်ပရှိ လူမျိုးခြားများပင် ဤကဲ့သို့ လုပ်တတ်ကြသည်မဟုတ်လော။ 48သို့ဖြစ်၍ သင်တို့၏အဖဘုရားရှင်သည် ပြီးပြည့်စုံသူဖြစ်သည့်နည်းတူ သင်တို့သည်လည်း ပြီးပြည့်စုံသူများဖြစ်ကြရမည်” ဟုမိန့်တော်မူ၏။