ရှင်ဧလိရှဲ၏ ထူးဆန်းလှသော သဒ္ဓါယုံကြည်ခြင်းနမူနာ

(၄ရာ၊ ၁၃း၁၀-၂၁) တွင်၊ ရှင်ဧလိရှဲ၏ ကွယ်လွန်ခြင်းကို တွေ့နိုင်ပါသည်။ သို့သော်၊ အနိစ္စရောက်ပြီးမှ၊ သူ၏ အထူးခြားဆုံးသော အံ့ဩဖွယ်နိမိတ်လက္ခဏာကို တွေ့နိုင်ပါသည်။ ရှင်ဧလိရှဲ သေ၍ သင်္ဂြိုဟ်ခြင်းကို ခံပြီးမှ၊ နောင်နှစ်တွင် မောဘတပ်သားတို့သည် ဣသရေလပြည်ကို တိုက်လာကြ၏။ ဣသရေလလူတို့သည် လူတစ်ယောက်ကို သင်္ဂြိုဟ်စဉ်တွင်၊ မောဘတပ်လာသည်ကို မြင်၍၊ အလောင်းကို ဧလိရှဲသင်္ချိုင်းတွင်း၌ ချထားကြ၏။ သေသောသူသည် အောက်သို့ ရောက်၍၊ ဧလိရှဲအရိုးတို့ကို ထိသောအခါ၊ အသက်ရှင်ပြန်သဖြင့် မတ်တတ်ထ၏ (၄ရာ၊ ၁၃း၁၀-၂၁)။ ရှင်ဧလိရှဲသည် အနိစ္စရောက်သော်လည်း ဘုရားသခင်သည် သူကို ဆက်လက်အသုံးပြုတော်မူသည်။ ရှင်ဧလိရှဲ၏ သဒ္ဓါယုံကြည်ခြင်း၊ ဆက်ကပ်ခြင်း၊ မေတ္တာကရုဏာနှင့် ရဲရင့်သတ္တိတို့သည် အလွန်ထူးဆန်းပါသည်။ ပုဆိန်ကို ပြန်လည်ရရှိခြင်း၊ ဧလိယ၏ ခေါ်တော်မူခြင်းကို နာခံ၍ လယ်ထွန်သောတန်ဆာတို့ကို မီးရှို့ခြင်း၊ သူကိုယ်တိုင် သေပြီးနောက် သေလွန်သူကို အသက်ပြန်ရှင်စေခြင်းအမှုတော်အားဖြင့် ရှင်ဧလိရှဲသည် သမ္မာကျမ်းစာရှိ အလွန်ထင်းရှားလှသော ပဂ္ဂိုလ်တစ်ပါး ဖြစ်သည်ဟု သိနိုင်ပါသည်။
ကျွန်တော်တို့သည်လည်း ရှင်ဧလိရှဲကဲ့သို့ အလွန်ထူးဆန်းသော သဒ္ဓါယုံကြည်ခြင်းကို ရှိစေဖို့ အချိန်တန်ပါပြီ။ လောကီလမ်းသို့ မလိုက်ဘဲ အရာရာ၌ ဘုရားသခင်အဖို့ အသက်ရှင်ကြပါစို့။ ရှင်ဧလိရှဲ၏ ဇာတ်တော်ကို ထောက်ပြီး အထူးသဖြင့်အသက်တာထဲသို့ ဝင်စားလိုက်ပါ။ မိတ်ဆွေသည် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်၍ ယုံကြည်သောအခါ၊ ဘုရားသခင်သည် မိမိအသက်တာ၌ အလွန့်အလွန် အံ့ဩဖွယ်နိမိတ်လက္ခဏာတို့ကို သေချာစွာ ပြတော်မူလိမ့်မည်။ မိတ်ဆွေသည် ၎င်းသမ္မာတရားကို တကယ်ယုံကြည်ပါသလား။ မိတ်ဆွေသည် ရှင်ဧလိရှဲကဲ့သို့ မည်သို့အသက်ရှင်နိုင်မနည်း။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ရှင်ဧလိရှဲသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် အလွန်ထင်ရှားလှသော ပုဂ္ဂိုလ်တစ်ပါး ဖြစ်ပါသည်။ သူသည် ပရောဖက်တစ်ပါး ဖြစ်ပြီး မိမိထူးဆန်းသော ယုံကြည်ခြင်းအားဖြင့် ထူးဆန်းသော တန်ခိုးဣဒ္ဓိပါဒ်များကို ပြခဲ့ပါသည်။ ဤ (၁၃) ရက်တာအစီအစဉ်တွင် ရှင်ဧလိရှဲ၏ ဇာတ်တော်ကို ဖတ်ရှုလေ့လာ၍ ထူးဆန်းသော ယုံကြည်ခြင်းကို ပြုစုသော အသက်တာထဲသို့ ဝင်စားလိုက်ပါ။
More