YouVersion Logo
Search Icon

ဒံယေလ 3

3
ရွှေ​ရုပ်​တု
1တ​ရံ​ရော​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် အ​မြင့် အ​တောင်​ခြောက်​ဆယ်၊ အ​နံ​ခြောက်​တောင် ရှိ​သော ရွှေ​ရုပ်​တု​ကို လုပ်​ပြီး​မှ၊ ဗာ​ဗု​လုန် ကျေး​လက် ဒု​ရ​လွင်​ပြင်၌ တည်​ထား​တော်​မူ၍၊ 2စော်​ဘွား၊ မြို့​ဝန်၊ စစ်​ကဲ၊ တ​ရား​သူ​ကြီး၊ အ​ခွန်​တော်​ဝန်၊ တိုင်​ပင်​မှူး​မတ်၊ မြို့​စာ​ရေး၊ နိုင်​ငံ​တော် အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် မင်း​ကြီး​တည်​ထား​တော်​မူ​သော ရုပ်​တု​ကို သာ​ဓု​အ​နု​မော​ဒ​နာ​ခေါ်​သော​ပွဲ​သို့ စု​ဝေး​စေ​ခြင်း​ငှာ အ​မိန့်​တော်​ရှိ၍၊ 3စော်​ဘွား၊ မြို့​ဝန်၊ စစ်​ကဲ၊ တ​ရား​သူ​ကြီး၊ အ​ခွန်​တော်​ဝန်၊ တိုင်​ပင်​မှူး​မတ်၊ မြို့​စာ​ရေး၊ နိုင်​ငံ​တော် အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် စု​ဝေး​ရောက်​လာ၍၊ တည်​ထား​တော်​မူ​သော ရုပ်​တု​ရှေ့​မှာ ရပ်​နေ​ကြ၏။ 4ထို​အ​ခါ သံ​တော်​ဆင့်​တစ်​ယောက်​က၊ အ​သီး​သီး အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို​ပြော​သော လူ​အ​မျိုး​မျိုး​တို့၊ 5တံ​ပိုး၊ ခ​ရာ၊ စောင်း၊ ပု​လွေ၊ တ​ယော၊ ပတ်​သာ အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​တီး​မှုတ်​ခြင်း​အ​သံ​ကို ကြား​သော​အ​ခါ၊ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​တည်​ထား​တော်​မူ​သော ရွှေ​ရုပ်​တု​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ရ​ကြ​မည်။ 6မ​ပျပ်​ဝပ်​မ​ကိုး​ကွယ်​ဘဲ​နေ​သော​သူ မည်​သည်​ကို မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့ ချက်​ချင်း​ချ​ပစ်​စေ​ဟု အ​မိန့်​တော်​မြတ်​ရှိ​သည်​ဟု ဟစ်​ကြော်၏။ 7ထို​ကြောင့်၊ လူ​အ​ပေါင်း​တို့​သည် တံ​ပိုး၊ ခ​ရာ၊ စောင်း၊ ပု​လွေ၊ တ​ယော၊ ပတ်​သာ အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး တီး​မှုတ်​ခြင်း​အ​သံ​ကို ကြား​သော​အ​ခါ၊ အ​သီး​သီး​အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို​ပြော​သော လူ​အ​မျိုး​မျိုး​အ​ပေါင်း​တို့​သည် ပျပ်​ဝပ်၍၊ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး တည်​ထား​သော ရွှေ​ရုပ်​တု​ကို ကိုး​ကွယ်​ကြ၏။
ဒံ​ယေ​လ​၏​အ​ဖော်​သုံး​ဦး​အားစွပ်​စွဲ​ခြင်း
8ထို​အ​ခါ၊ ခါ​လ​ဒဲ​လူ​အ​ချို့​တို့​သည် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​ထံ​တော်​သို့ ချဉ်း​ကပ်​လျက်၊ 9အ​ရှင်​မင်း​ကြီး၊ အ​သက်​တော်​အ​စဉ်​အ​မြဲ ရှင်​ပါ​စေ။ 10တံ​ပိုး၊ ခ​ရာ၊ စောင်း၊ ပု​လွေ၊ တ​ယော၊ ပတ်​သာ အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​တီး​မှုတ်​ခြင်း​အ​သံ​ကို ကြား​သော​သူ​ရှိ​သ​မျှ​တို့​သည် ရွှေ​ရုပ်​တု​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ရ​ကြ​မည်။ 11မ​ပျပ်​ဝပ်​မ​ကိုး​ကွယ်​ဘဲ နေ​သော​သူ​မည်​သည်​ကို မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့​ချ​ပစ်​စေ​ဟု အ​မိန့်​တော်​မြတ်​ရှိ​ပါ၏။ 12အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည် ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ဝန်​အ​ရာ၌ ခန့်​ထား​တော်​မူ​သော ယု​ဒ​လူ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​အ​မည်​ရှိ​သော သူ​တို့​သည် အာ​ဏာ​တော်​ကို ပ​မာ​ဏ​မ​ပြု​ပါ။ ကိုယ်​တော်၏ ဘု​ရား​တို့​ကို ဝတ်​မ​ပြု​ပါ။ တည်​ထား​တော်​မူ​သော ရွှေ​ရုပ်​တု​ကို​လည်း မ​ကိုး​ကွယ်​ပါ​ဟု၊ ယု​ဒ​လူ​တို့​ကို အ​ပြစ်​တင်၍ လျှောက်​ထား​ကြ၏။ 13ထို​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် ပြင်း​စွာ​အ​မျက်​ထွက်၍၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ခေါ်​ချေ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လျှင်၊ 14ဟယ်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၊ ငါ၏​ဘု​ရား​တို့​ကို ဝတ်​မ​ပြု​လော။ ငါ​တည်​ထား​သော ရွှေ​ရုပ်​တု​ကို မ​ကိုး​ကွယ်​လော။ 15ယ​ခု​တွင် တံ​ပိုး၊ ခ​ရာ၊ စောင်း၊ ပု​လွေ၊ တ​ယော၊ ပတ်​သာ​အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​တီး​မှုတ်​ခြင်း အ​သံ​ကို ကြား​သော​အ​ခါ၊ ငါ​လုပ်​သော ရွှေ​ရုပ်​တု​ကို ပျပ်​ဝပ် ကိုး​ကွယ်​အံ့​သော​ငှာ အ​သင့်​နေ​ကြ။ သို့​မ​ဟုတ်​လျှင်၊ မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့ ချက်​ချင်း​ချ​ပစ်​မည်။ ငါ၏​လက်​မှ ကယ်​လွှတ်​နိုင်​သော ဘု​ရား​ကား၊ အ​ဘယ်​ဘု​ရား​ရှိ​သ​နည်း​ဟု မိန့်​တော်​မူ၏။ 16ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး နေ​ဗု​ခဒ်​နေ​ဇာ၊ အ​ကျွန်ုပ်​တို့​သည် ဤ​အ​မှု၌ ပြန်​လျှောက်​ရ​မည်​အ​ကြောင်း မ​ရှိ​ပါ။ 17အ​ကျွန်ုပ်​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​က အ​ကျွန်ုပ်​တို့​ကို ကယ်​လွှတ်​နိုင်​တော်​မူ၏။ ကိုယ်​တော်၏​လက်​မှ​လည်း ကယ်​လွှတ်​တော်​မူ​လိမ့်​မည်။ 18ထို​သို့ ကယ်​လွှတ်​တော်​မ​မူ​သော်​လည်း အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်၏​ဘု​ရား​တို့​ကို အ​ကျွန်ုပ်​တို့​သည် ဝတ်​မ​ပြု​ပါ။ တည်​ထား​တော်​မူ​သော ရွှေ​ရုပ်​တု​ကို​လည်း မ​ကိုး​ကွယ်​ပါ​ဟု ပြန်​လျှောက်​ကြ၏။
မီး​ဖို​ကြီး
19ထို​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် ပြင်း​စွာ အ​မျက်​ထွက်​သ​ဖြင့်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ကြည့်​ရှု၍ မျက်​နှာ​တော်​ပျက်​လျက်၊ မီး​ဖို​ကို အ​ရင်​ထက် ခု​နစ်​ဆ​တိုး၍ ပူ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ 20ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​တို့​သည် ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို တုပ်​နှောင်၍၊ မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့ ချ​ပစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​မိန့်​တော် ရှိ​သည်​အ​တိုင်း၊ 21ထို​သူ​သုံး​ယောက်​တို့​ကို ဘောင်း​ဘီ၊ အင်္ကျီ၊ ဝတ်​လုံ အ​စ​ရှိ​သည်​တို့​နှင့်​တ​ကွ တုပ်​နှောင်၍၊ မီး​လောင်​လျက် ရှိ​သော မီး​ဖို​ထဲ​သို့ ချ​ပစ်​ကြ​သော​အ​ခါ၊ 22ရှင်​ဘု​ရင်၏ အ​မိန့်​တော်​ကျပ်​တည်း၍ မီး​ဖို​သည် အ​လွန်​ပူ​သော​ကြောင့်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ဆွဲ​ချ​သော သူ​တို့​သည် မီး​လျှံ​အ​ရှိန်​ကြောင့် သေ​ကြ၏။ 23ထို​သူ​သုံး​ယောက်​တို့​မူ​ကား၊ တုပ်​နှောင်​လျက် ပြင်း​စွာ​လောင်​သော မီး​ဖို​ထဲ​သို့ ကျ​ရောက်​လေ၏။
24ထို​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် အံ့​ဩ​မိန်း​မော၍ အ​လျင်​တ​ဆော​ထ​ပြီး​လျှင်၊ လူ​သုံး​ယောက်​တို့​ကို တုပ်​နှောင်၍ မီး​ထဲ​သို့ ချ​ပစ်​သည် မ​ဟုတ်​လော​ဟု တိုင်​ပင်​မှူး​မတ်​တို့​အား မေး​တော်​မူ၏။ မှူး​မတ်​တို့​က​လည်း၊ မှန်​ပါ၏​ဘု​ရား​ဟု ပြန်​လျှောက်​ကြ​လျှင်၊ 25ရှင်​ဘု​ရင်​က၊ လူ​လေး​ယောက်​တို့​သည် မ​တုပ်​မ​နှောင်​ဘဲ မီး​ထဲ၌​သွား​လာ၍ ဘေး​ဥ​ပဒ်​နှင့် ကင်း​လွတ်​သည်​ကို ငါ​မြင်​သည်​တ​ကား။ စ​တု​တ္ထ​သူ​သည် ဘု​ရား​သား၏ အ​ဆင်း​သ​ဏ္ဌာန်​ရှိ​သည်​ဟု မိန့်​တော်​မူ၍၊
ထို​သူ​သုံး​ဦး​ကို​ချီး​မြှောက်​ခြင်း
26မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ဝ​နား​သို့ ချဉ်း​ကပ်​ပြီး​လျှင်၊ အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏​ကျွန်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၊ ထွက်၍​လာ​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် မီး​ထဲ​က ထွက်​လာ​ကြ၏။ 27စော်​ဘွား၊ မြို့​ဝန်၊ စစ်​ကဲ၊ အ​တွင်း​ဝန်​တို့​သည် ဝိုင်း၍ မီး​မ​လောင်​နိုင်​သော ထို​သူ​တို့​ကို ကြည့်​ရှု​ကြ၏။ သူ​တို့​ဆံ​ခြည်​တစ်​ပင်​မျှ မ​မြိုက်၊ ဝတ်​လုံ​လည်း ခြား​နား​ခြင်း မ​ရှိ၊ မီး​လောင်​သော​အ​နံ့​လည်း ကင်း​လွတ်၏။
28နေ​ဗု​ခဒ်​နေ​ဇာ မင်း​ကြီး​က​လည်း၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၏ ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ မိ​မိ​တို့​ဘု​ရား​မှ​တစ်​ပါး၊ အ​ခြား​သော ဘု​ရား​ကို ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကိုး​စား၍ မင်း​ကြီး​အ​မိန့်​တော်​ကို ဆန်​လျက်၊ မိ​မိ​တို့​ကိုယ်​ကို​ပင် အပ်​နှံ​သော ကျွန်​တော်​ရင်း​တို့​ရှိ​ရာ​သို့၊ ထို​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍ ကယ်​တင်​တော်​မူ​ပြီ။ 29ထို​ကြောင့်၊ အ​ရပ်​ရပ်​တို့၌​နေ၍ အ​သီး​သီး​အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​မျိုး​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၏ ဘု​ရား​သ​ခင်​အား ပြစ်​မှား​သော​စ​ကား​ကို ပြော​လျှင်၊ ထို​သူ​ကို အ​ပိုင်း​ပိုင်း​စဉ်း​စေ။ သူ၏​အိမ်​ကို​လည်း နောက်​ချေး​ပုံ​ဖြစ်​စေ​ဟု ငါ​အ​မိန့်​တော်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​မျှ​လောက်​သော ကယ်​တင်​ခြင်း​ကို ထို​ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​ဘု​ရား​မျှ မ​ပြု​နိုင်​ဟု မိန့်​တော်​မူ​ပြီး​မှ၊ 30ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ချီး​မြှောက်​တော်​မူ၏။

Currently Selected:

ဒံယေလ 3: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy