YouVersion Logo
Search Icon

ဒံယေလ 2

2
နေ​ဗု​ခဒ်​နေ​ဇာ​မင်း​၏​အိပ်​မက်
1နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် နန်း​စံ​နှစ်​နှစ်​တွင်၊ အိပ်​မက်​ကို မြင်​တော်​မူ၍ ထိတ်​လန့်​ခြင်း စိတ်​ရှိ​သော​ကြောင့်၊ စက်​တော်​မ​ခေါ်​နိုင်​သည်​ဖြစ်၍၊ 2အိပ်​မက်​တော်​ကို ပြန်​ပြော​စေ​ခြင်း​ငှာ မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ သူ​ပြု​ဆ​ရာ၊ ခါ​လ​ဒဲ​ဆ​ရာ​တို့​ကို ခေါ်​ချေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ သူ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လာ​ကြ​သည်​ရှိ​သော်၊ 3ရှင်​ဘု​ရင်​က၊ ငါ​သည် အိပ်​မက်​ကို​မြင်​ပြီ။ ထို​အိပ်​မက်​ကို​မ​သိ၊ နား​မ​လည်​သည်​ဖြစ်၍ စိတ်​မ​အီ​မ​သာ​ရှိ​သည်​ဟု မိန့်​တော်​မူ၏။ 4ခါ​လ​ဒဲ​ပ​ညာ​ရှိ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး၊ အ​သက်​တော်​အ​စဉ်​အ​မြဲ ရှင်​ပါ​စေ။ အ​ကျွန်ုပ်​တို့​အား အိပ်​မက်​တော်​ကို​မိန့်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် အ​နက်​ကို ဖော်​ပြ​ပါ​မည်​ဟု၊ ရှု​ရိ​ဘာ​သာ​ဖြင့် လျှောက်​ကြ၏။ 5ရှင်​ဘု​ရင်​က​လည်း၊ ငါ​အ​မိန့်​တော်​ရှိ​ပြီ။ ထို​အိပ်​မက်​နှင့် အ​နက်​ကို သင်​တို့​မ​ဖော်​မ​ပြ​လျှင်၊ သင်​တို့​ကို အ​ပိုင်း​ပိုင်း​စဉ်း​မည်။ သင်​တို့​အိမ်​များ​ကို​လည်း နောက်​ချေး​ပုံ​ဖြစ်​စေ​မည်။ 6အိပ်​မက်​နှင့် အ​နက်​ကို ဖော်​ပြ​လျှင်၊ ဆု​လာဘ်​သပ်​ပ​ကာ၊ ဂုဏ်​အ​သ​ရေ​များ​ကို ငါ​ပေး​မည်။ သို့​ဖြစ်၍၊ အိပ်​မက်​နှင့် အ​နက်​ကို ငါ့​အား​ဖော်​ပြ​ကြ​ဟု၊ ခါ​လ​ဒဲ​ပ​ညာ​ရှိ​တို့​ကို မိန့်​တော်​မူ၏။ 7ထို​သူ​တို့​က၊ အ​ရှင်​မင်း​ကြီး၊ မြင်​မက်​တော်​မူ​ချက်​ကို အ​မိန့်​ရှိ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် အ​နက်​ကို ဖော်​ပြ​ပါ​မည်​ဟု တစ်​ဖန်​လျှောက်​ကြ​ပြန်​လျှင်၊ 8ရှင်​ဘု​ရင်​က၊ ငါ့​အ​မိန့်​တော်​ရှိ​ပြီး​သော​ကြောင့်၊ သင်​တို့​သည် နေ့​ရက်​အ​ချိန်​ကာ​လ​ကြာ​စေ​ခြင်း​ငှာ ရွှေ့​ချင်​သည်​ကို ငါ​အ​မှန်​သိ၏။ 9အိပ်​မက်​ကို ငါ့​အား​မ​ဖော်​မ​ပြ​လျှင်၊ သင်​တို့​သည် အ​ကြံ​တစ်​ခု​တည်း​သာ​ရှိ​သည်​ဖြစ်၍၊ ကာ​လ​ပြောင်း​လဲ​သည်​တိုင်​အောင်၊ ငါ့​ရှေ့၌ လျှောက်​စ​ရာ​ဖို့ ကောက်​ကျစ်​လိမ်​လစ်​သော​စ​ကား​ကို ပြင်​ဆင်​နှင့်​ကြ​ပြီ။ အိပ်​မက်​ကို ပြန်​ပြော​ကြ။ ထို​သို့​ပြော​လျှင်၊ အိပ်​မက်​အ​နက်​ကို ဖော်​ပြ​နိုင်​သည်​ကို ငါ​သိ​မည်​ဟု ပြန်၍​မိန့်​တော်​မူ၏။
10ခါ​လ​ဒဲ​ဆ​ရာ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး၏ အ​မှု​အ​ရာ​ကို ဖြေ​နိုင်​မည်​သူ၊ မြေ​ကြီး​ပေါ်​မှာ တစ်​ယောက်​မျှ မ​ရှိ​ပါ။ အ​ဘယ်​မည်​သော ရှင်​ဘု​ရင်​သည် ဘုန်း​တန်​ခိုး ကြီး​သော်​လည်း၊ မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ​တို့​ကို ဤ​သို့​မေး​မြန်း​လေ့​မ​ရှိ​ပါ။ 11အ​ရှင်​မင်း​ကြီး မေး​မြန်း​တော်​မူ​သော​အ​ရာ​သည် ခက်​ခဲ​သော အ​ရာ​ဖြစ်​ပါ၏။ လူ​ပ​က​တိ​နှင့် မ​ဆက်​ဆံ​သော ဘု​ရား​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ အ​ရှင်​မင်း​ကြီး​ရှေ့​တော်၌ မ​ထုတ်​မ​ဖော်​နိုင်​ပါ​ဟု တစ်​ဖန်​ပြန်​ကြား လျှောက်​ထား​ကြ၏။ 12ထို​စ​ကား​ကို ကြား​တော်​မူ​လျှင် ပြင်း​စွာ အ​မျက်​တော်​ထွက်၍၊ ဗာ​ဗု​လုန်​မြို့၌ ရှိ​သ​မျှ​သော ပ​ညာ​ရှိ​တို့​ကို ပယ်​ရှင်း​စေ​ဟု အ​မိန့်​တော်​ရှိ၏။
13ထို​အ​မိန့်​တော်​ဆင့်၍ ဒံ​ယေ​လ​နှင့် သူ၏​အ​ပေါင်း​အ​ဖော်​တို့​ကို သတ်​ခြင်း​ငှာ ရှာ​ကြ​သော်၊
အိပ်​မက်​၏​အ​နက်​ကို​ဘု​ရား​သ​ခင်​ဖွင့်​ပြ​ခြင်း
14ဒံ​ယေ​လ​က၊ ရှင်​ဘု​ရင်၏​အ​မိန့်​တော်​သည် အ​ဘယ်​ကြောင့် ဤ​မျှ​လောက် လျင်​မြန်​သ​နည်း​ဟု၊ 15ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​ကို ပယ်​ရှင်း​ခြင်း​ငှာ ထွက်​သွား​သော ကိုယ်​ရံ​တော်​မှူး​အာ​ရုတ်​ကို သ​တိ​ပ​ညာ​နှင့် မေး​မြန်း၍၊ အာ​ရုတ်​သည် ထို​အ​ကြောင်း​ကို ကြား​ပြော​လျှင်၊ 16ဒံ​ယေ​လ​သည် နန်း​တော်​သို့​ဝင်၍ အိပ်​မက်​တော်​ကို ဖြေ​ရ​သော နေ့​ရက်​အ​ချိန်​ကို ပေး​တော်​မူ​မည်​အ​ကြောင်း အ​သ​နား​တော်​ခံ​ပြီး​မှ၊ 17မိ​မိ​အိမ်​သို့​ပြန်​သွား၍၊ ထို​အ​ကြောင်း​ကို မိ​မိ​အ​ပေါင်း​အ​ဖော် ဟာ​န​နိ၊ မိ​ရှေ​လ၊ အာ​ဇ​ရိ​တို့​အား ကြား​ပြော၍၊ 18ငါ​တို့​သည် အ​ခြား​သော ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​နှင့်​အ​တူ မ​သေ​မ​ပျောက်​စေ​ခြင်း​ငှာ၊ ဤ​နက်​နဲ​သော​အ​ရာ၌ က​ရု​ဏာ ကျေး​ဇူး​တော်​ကို ခံ​ရ​မည်​အ​ကြောင်း၊ ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​ကုန်​အံ့​ဟု ပြော​ဆို၏။ 19ည​အ​ခါ ဗျာ​ဒိတ်​တော်​အား​ဖြင့် ထို​နက်​နဲ​သော​အ​ရာ​ကို ဒံ​ယေ​လ​အား ဘု​ရား​သ​ခင်​ဖော်​ပြ​တော်​မူ၏။ 20ထို​အ​ခါ ဒံ​ယေ​လ​သည် ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်၊ ဘု​ရား​သ​ခင်၏​နာ​မ​တော်​သည် ထာ​ဝ​ရ​မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း။ ပ​ညာ​နှင့်​လည်း​ကောင်း၊ အ​စွမ်း​သ​တ္တိ​နှင့်​လည်း​ကောင်း ပြည့်​စုံ​တော်​မူ၏။ 21ကာ​လ​အ​ချိန် ဥ​တု​များ​ကို ပြောင်း​လဲ​စေ​တော်​မူ၏။ ရှင်​ဘု​ရင်​တို့​ကို​လည်း နှိမ့်​ချ​ချီး​မြှောက်​တော်​မူ၏။ ပ​ညာ​ရှိ​တို့​အား​ပ​ညာ​ကို ပေး​တော်​မူ၏။ ဉာဏ်​ရှိ​သော​သူ​တို့​သည် ကျေး​ဇူး​တော်​အား​ဖြင့်​သာ၊ ထိုး​ထွင်း၍ နား​လည်​တတ်​ကြ၏။ 22နက်​နဲ​ခက်​ခဲ​သော အ​ရာ​တို့​ကို ထင်​ရှား​စွာ ပြ​တော်​မူ၏။ မှောင်​မိုက်၌​ရှိ​သ​မျှ​တို့​ကို သိ​မြင်၍ အ​လင်း၏​တည်​ရာ ဖြစ်​တော်​မူ၏။ 23အ​ကျွန်ုပ် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အား ပ​ညာ​အ​စွမ်း​သ​တ္တိ​ကို ပေး​သ​နား၍၊ အ​ကျွန်ုပ်​တို့ ဆု​တောင်း​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်၏ အိပ်​မက်​ကို ဖွင့်​ပြ​တော်​မူ​သော ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ၏​ဟု ဒံ​ယေ​လ​မြွက်​ဆို​ပြီး​မှ၊
မင်း​ကြီး​အိပ်​မက်​နှင့်​အိပ်​မက်​၏​အ​နက်
24ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​ကို ပယ်​ရှင်း​စေ​ခြင်း​ငှာ၊ ရှင်​ဘု​ရင်​ခန့်​ထား​တော်​မူ​သော အာ​ရုတ်​ထံ​သို့​သွား၍၊ ဗာ​ဗု​လုန် ပ​ညာ​ရှိ​တို့​ကို မ​လုပ်​ကြံ​ပါ​နှင့်။ အ​ကျွန်ုပ်​ကို အ​ထံ​တော်​သို့ ခေါ်​သွင်း​ပါ။ အ​ကျွန်ုပ်​သည် အိပ်​မက်​တော်​နှင့် အ​နက်​ကို​ဖော်​ပြ၍ လျှောက်​ပါ​မည်​ဟု​ဆို၏။
25ထို​အ​ခါ အာ​ရုတ်​သည် ဒံ​ယေ​လ​ကို အ​လျင်​တ​ဆော အ​ထံ​တော်​သို့ ခေါ်​သွင်း​ပြီး​လျှင်၊ အိပ်​မက်​တော်​နှင့် အ​နက်​ကို အ​ရှင်​မင်း​ကြီး​အား ဖော်​ပြ​နိုင်​သော သူ​တစ်​ယောက်​ကို ယု​ဒ​အ​မျိုး လက်​ရ​လူ​တို့​တွင် အ​ကျွန်ုပ်​တွေ့​ပါ​ပြီ​ဟု လျှောက်​လေ၏။ 26ရှင်​ဘု​ရင်​က​လည်း၊ ငါ​မြင်​မက်​သော အိပ်​မက်​ကို ပြန်​ပြော၍ အ​နက်​ကို ဖော်​ပြ​နိုင်​သ​လော​ဟု၊ ဗေ​လ​တ​ရှာ​ဇာ​အ​မည်​ရှိ​သော ဒံ​ယေ​လ​ကို မေး​တော်​မူ​လျှင်၊ 27ဒံ​ယေ​လ​က၊ အ​ရှင်​မင်း​ကြီး မေး​မြန်း​တော်​မူ​သော​အ​ရာ​ကို ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ မာ​ဂု​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​သည် အ​ရှင်​မင်း​ကြီး​အား ဖော်​ခြင်း​ငှာ မ​တတ်​နိုင်​ကြ​ပါ။ 28နက်​နဲ​သော အ​ရာ​တို့​ကို ဖွင့်​ပြ၍၊ နောင်​ကာ​လ၌ ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့​ကို နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​အား ကြား​ပြော​တော်​မူ​သော ဘု​ရား​သ​ခင်​တစ်​ဆူ​သည် ကောင်း​ကင်​ဘုံ​မှာ ရှိ​တော်​မူ၏။ 29အ​ရှင်​မင်း​ကြီး၊ နောင်၌ ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့​ကို ကိုယ်​တော်​သည် စက်​တော်​ခေါ်၍ မျှော်​လင့်​တော်​မူ၏။ နက်​နဲ​သော​အ​ရာ​ကို ဖွင့်​ပြ​တော်​မူ​သော ဘု​ရား​သည် နောင်​ကာ​လ၌ ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့​ကို ကိုယ်​တော်​အား​ပြ​တော်​မူ၏။ 30ဤ​နက်​နဲ​သော​အ​ရာ​ကို​ကား၊ အ​ခြား​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​ထက် အ​ကျွန်ုပ်​သာ၍ ပ​ညာ​ရှိ​သော​ကြောင့်၊ အ​ကျွန်ုပ်​အား ဘု​ရား​သ​ခင် ဖွင့်​ပြ​တော်​မူ​သည် မ​ဟုတ်​ပါ။ ကိုယ်​တော်​သည် စိတ်​နှ​လုံး​တော်၏​အ​ထင်​ကို နား​လည်​မည်​အ​ကြောင်း၊ ထို​အ​နက်​ကို အ​ကျွန်ုပ်​ပြန်​ကြား လျှောက်​ထား​စိမ့်​သော​ငှာ​သာ ဘု​ရား​သ​ခင် ဖွင့်​ပြ​တော်​မူ၏။
31အ​ရှင်​မင်း​ကြီး၊ စက်​တော်​ခေါ်၍ မြင်​မက်​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ ကိုယ်​တော်​သည် ကြည့်​ရှု၍ ရုပ်​တု​ကြီး​ကို မြင်​တော်​မူ၏။ ထူး​မြတ်​သော အ​ရောင်​အ​ဝါ​နှင့် ပြည်​စုံ၍၊ ကြီး​မြင့်​သော ထို​ရုပ်​တု​သည် ကြောက်​မက်​ဖွယ်​သော ပုံ​သ​ဏ္ဌာန်​ကို​ဆောင်​လျက် ကိုယ်​တော်​ရှေ့၌ တည်​ရှိ၏။ 32သူ၏ ဦး​ခေါင်း​သည် ရွှေ​စင်​ဖြစ်၏။ ရင်​ပတ်​နှင့် လက်​နှစ်​ဖက်​သည် ငွေ​ဖြစ်၏။ 33ဝမ်း​နှင့် ပေါင်​နှစ်​ဖက်​သည် ကြေး​ဝါ​ဖြစ်၏။ ခြေ​သ​လုံး​နှစ်​ဖက်​သည် သံ​ဖြစ်၏။ ခြေ​ဖ​ဝါး​နှင့် ဖ​မိုး​သည် သံ​တစ်​ပိုင်း​သ​ရွတ်​တစ်​ပိုင်း ဖြစ်၏။ 34ကိုယ်​တော်​သည် ကြည့်​ရှု​တော်​မူ​စဉ်၊ လက်​ဖြင့် မ​ထု​မ​လုပ်​ဘဲ အ​လို​လို​ဖြစ်​သော ကျောက်​တစ်​လုံး​သည် သံ​နှင့် သ​ရွတ်​ဖြစ်​သော ရုပ်​တု၏​ခြေ​ကို ထိ​ခိုက်၍ ချိုး​ဖဲ့​သည်​ရှိ​သော်၊ 35သံ၊ သ​ရွတ်၊ ကြေး​ဝါ၊ ငွေ၊ ရွှေ​တို့​သည် ကျိုး​ပဲ့​ကြေ​မွ​လျက်၊ နွေ​ကာ​လ၌ ကောက်​နယ်​တ​လင်း အ​မုန့်​ကဲ့​သို့​ဖြစ်​သ​ဖြင့်၊ လေ​တိုက်​လွှင့်၍ သူ​တို့​နေ​ရာ​မ​ရှိ၊ ပျောက်​လေ၏။ ရုပ်​တု​ကို ထိ​ခိုက်​သော ကျောက်​မူ​ကား၊ တိုး​ပွား​သ​ဖြင့် တောင်​ကြီး​ဖြစ်၍၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ဖုံး​လွှမ်း​သည်​ဟု မြင်​မက်​တော်​မူ၏။
36ယ​ခု​တွင် အိပ်​မက်​တော်၏​အ​နက်​ကို ဖော်​ပြ၍ နား​တော်​လျှောက်​ပါ​မည်။ 37အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည် ဘု​ရင်​တို့၏ ဘု​ရင်​ဖြစ်​တော်​မူ၏။ ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်​သည် နိုင်​ငံ​နှင့်​တ​ကွ တန်​ခိုး​အာ​နု​ဘော်​အ​စွမ်း​သ​တ္တိ ဘုန်း​အ​သ​ရေ​ကို ကိုယ်​တော်​အား ပေး​တော်​မူ​ပြီ။ 38လူ​နေ​ရာ​ရှိ​သ​မျှ​တို့​နှင့် မြေ​ကြီး​သား တိ​ရ​စ္ဆာန်၊ မိုး​ကောင်း​ကင်​ငှက်​များ​တို့​ကို ကိုယ်​တော်​လက်၌ အပ်​ပေး၍၊ ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို အုပ်​စိုး​ရ​သော​အ​ခွင့်​ရှိ​တော်​မူ၏။ ကိုယ်​တော်​သည် ရုပ်​တု၏ ရွှေ​ဦး​ခေါင်း​ဖြစ်​တော်​မူ၏။ 39ကိုယ်​တော်​နောက်၌ ကိုယ်​တော်၏​နိုင်​ငံ​လောက်​မ​မြတ်​သော နိုင်​ငံ​တစ်​ခု​သည် တည်​ထောင်​လိမ့်​မည်။ ထို​နောက်၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အုပ်​စိုး​သော ကြေး​ဝါ​နိုင်​ငံ​တည်း​ဟူ​သော တ​တိ​ယ​နိုင်​ငံ တည်​ထောင်​လိမ့်​မည်။ 40စ​တု​တ္ထ​နိုင်​ငံ​သည် သံ​ကဲ့​သို့​ခိုင်​မာ​သော နိုင်​ငံ​ဖြစ်​လိမ့်​မည်။ သံ​သည် အ​ခြား​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ချိုး​ဖဲ့၍ နိုင်​သ​ကဲ့​သို့၊ စ​တု​တ္ထ​နိုင်​ငံ​သည် ချိုး​ဖဲ့​နှိပ်​စက်​ခြင်း​ကို ပြု​လိမ့်​မည်။ 41ရုပ်​တု၏​ခြေ​နှင့် ခြေ​ချောင်း​တို့​သည် သ​ရွတ်​တစ်​ပိုင်း သံ​တစ်​ပိုင်း​ရှိ​သည်​ကို မြင်​တော်​မူ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း​ကွဲ​ပြား​သော နိုင်​ငံ​ဖြစ်​လိမ့်​မည်။ သို့​သော်​လည်း ဖုတ်​သော​သ​ရွတ်​နှင့် သံ​ရော​နှော​သည်​ကို မြင်​တော်​မူ​သည်​ဖြစ်၍၊ သံ​သည် ခိုင်​မာ​ခြင်း​သ​တ္တိ ရှိ​လိမ့်​မည်။ 42ခြေ​ချောင်း​တို့​သည် သံ​တစ်​ပိုင်း​သ​ရွတ်​တစ်​ပိုင်း ဖြစ်​သည်​နှင့်​အ​ညီ၊ ထို​နိုင်​ငံ​သည် ခိုင်​မာ​ခြင်း​နှင့်​လည်း​ကောင်း၊ ကျိုး​ပဲ့​ခြင်း​နှင့်​လည်း​ကောင်း ဆက်​ဆံ​လိမ့်​မည်။ 43ဖုတ်​သော​သ​ရွတ်​နှင့် သံ​ရော​နှော​သည်​ကို မြင်​တော်​မူ​သည်​နှင့် လျော်​စွာ၊ နိုင်​ငံ​သား​တို့​သည် အ​ခြား​သော လူ​မျိုး​သား​တို့​နှင့် ပေါင်း​ဖော်​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ သ​ရွတ်​နှင့် သံ မ​ရော​နှော​နိုင်​သ​ကဲ့​သို့၊ သူ​တို့​သည် အ​ချင်း​ချင်း ပေါင်း​ဖော်၍ မ​သင့်​နိုင်​ကြ။ 44လက်​နှင့်​မ​ထု​မ​လုပ်​ဘဲ ကျောက်​တစ်​လုံး​သည် တောင်​ပေါ်​က အ​လို​လို​ပဲ့​ကွာ၍၊ 45သံ၊ ကြေး​ဝါ၊ သ​ရွတ်၊ ငွေ၊ ရွှေ​တို့​ကို ချိုး​ဖဲ့​သည်​ကို မြင်​တော်​မူ​သည် အ​ကြောင်း​အ​ရာ​မှာ၊ ပျက်​စီး​ခြင်း​သို့ မ​ရောက်​နိုင်​သော နိုင်​ငံ​တစ်​ခု​ကို ထို​မင်း​ကြီး​များ လက်​ထက်၌ ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်​သည် တည်​ထောင်​စေ​တော်​မူ​မည်။ ထို​နိုင်​ငံ​သည် အ​ခြား​သော လူ​မျိုး​လက်​သို့ မ​ရောက်​ရ​ဘဲ၊ အ​ထက်​ဆို​ခဲ့​ပြီး​သော နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို ချိုး​ဖဲ့​ဖျက်​ဆီး၍ အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်။ ထို​သို့​နောင်၌ ဖြစ်​လ​တ္တံ့​သော​အ​ရာ​တို့​ကို ကြီး​မြတ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် အ​ရှင်​မင်း​ကြီး​အား ကြား​ပြော​တော်​မူ၏။ အိပ်​မက်​တော် ရွေ့​လျော့​ခြင်း​မ​ရှိ။ အ​နက်​သည်​လည်း မှန်​ပါ၏​ဟု ဒံ​ယေ​လ​သည် အ​ထံ​တော်၌ လျှောက်​ထား၏။
ဒံ​ယေ​လ​ကို​ချီး​မြှောက်​ခြင်း
46ထို​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် ပျပ်​ဝပ်၍ ဒံ​ယေ​လ​ကို ရှိ​ခိုး​ကိုး​ကွယ်​ပြီး​လျှင်၊ ပူ​ဇော်​သ​ကာ​ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ နံ့​သာ​မျိုး​ကို မီး​ရှို့၍ ဆက်​ကပ်​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​တော်​မူ​လျက်၊ 47ကိုယ်​တော်​သည် ဤ​နက်​နဲ​သော​အ​ရာ​ကို ဖွင့်​ပြ​နိုင်​သည်​ဖြစ်၍၊ အ​ကယ်​စင်​စစ် ကိုယ်​တော်၏ ဘု​ရား​သ​ခင်​သည် ဘု​ရား​တို့၏​ဘု​ရား၊ ဘု​ရင်​တို့၏​အ​ရှင်၊ နက်​နဲ​သော​အ​ရာ​ကို ဖွင့်​ပြ​တော်​မူ​သော​သ​ခင် ဖြစ်​တော်​မူ၏​ဟု မိန့်​တော်​မူ၍၊ 48ဒံ​ယေ​လ​ကို ချီး​မြှောက်​လျက်၊ များ​စွာ​သော ဆု​လာဘ်​သပ်​ပ​ကာ တို့​ကို​ပေး၍၊ ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ဝန်​ကြီး​အ​ရာ၌​လည်း​ကောင်း၊ ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​ကို အုပ်​စိုး​သော ဝန်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ၏။ 49ထို​အ​ခါ ဒံ​ယေ​လ​သည် သံ​တော်​ဦး​တင်​သော​ကြောင့်၊ မင်း​ကြီး​သည် ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ဝန်​အ​ရာ၌ ခန့်​ထား​တော်​မူ၏။ ဒံ​ယေ​လ​သည် နန်း​တော်​ဦး၌ နေ​ရ​လေ၏။

Currently Selected:

ဒံယေလ 2: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy