ကမ္ဘာဦး 3
3
လူ၏မနာခံခြင်း
1မြွေသည် ထာဝရအရှင်ဘုရားသခင်ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား၊ သင်တို့သည် ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော်မူသလောဟု မေး၏။ 2မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်၌ရှိသောအပင်တို့၏ အသီးကိုစားရသော အခွင့်ရှိ၏။ 3ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားဘဲ နေကြလော့။ သို့မဟုတ်သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။ 4မြွေကလည်း၊ သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။ 5အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံ့သည်ကို၊ ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို၏။ 6ထိုအပင်သည် စားဖွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှာ၊ နှစ်သက်ဖွယ်သောအပင်ဖြစ်ခြင်းကို မိန်းမသည်မြင်လျှင်၊ အသီးကို ယူ၍စား၏။ မိမိခင်ပွန်းအားလည်းပေး၍ သူသည်လည်းစား၏။ 7ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍၊ မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို သိမြင်လျှင်၊ မိမိတို့ဝတ်ရန်ဖို့ သင်္ဘောသဖန်းပင်အရွက်တို့ကိုချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။
8နေဧသောအချိန်တွင်၊ ထိုဥယျာဉ်၌ ထာဝရအရှင်ဘုရားသခင် ကြွတော်မူသောအသံကို လူလင်မယားတို့သည်ကြားလျှင်၊ အထံတော်မှလွတ်ခြင်းငှာ၊ ဥယျာဉ်အပင်တို့တွင် ပုန်းကွယ်လျက်နေကြ၏။ 9ထာဝရအရှင်ဘုရားသခင်ကလည်း၊ သင်သည် အဘယ်မှာရှိသနည်းဟု၊ လူကိုခေါ်တော်မူ၏။ 10လူကလည်း၊ ဥယျာဉ်၌ ကိုယ်တော်၏အသံကို ကျွန်တော်ကြားလျှင်၊ အဝတ်အချည်းစည်းရှိသောကြောင့်၊ ကြောက်၍ ပုန်းလျက်နေပါသည်ဟု လျှောက်လေ၏။ 11ဘုရားသခင်ကလည်း၊ သင်၌ အဝတ်အချည်းစည်းရှိသည်ကို သင်အားအဘယ်သူပြောသနည်း။ မစားရဟု ငါပညတ်သော အပင်၏အသီးကိုစားပြီလောဟု မေးတော်မူ၏။ 12လူကလည်း ကျွန်တော်၌အပ်ပေးတော်မူသော မိန်းမသည် ထိုအပင်၏အသီးကိုပေး၍ ကျွန်တော်စားမိပါသည်ဟု လျှောက်လေ၏။ 13ထာဝရအရှင်ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ပြုပြီးသနည်းဟု မိန်းမအားမေးတော်မူလျှင်၊ မိန်းမက မြွေသည် ကျွန်တော်မကိုလှည့်စား၍၊ ကျွန်တော်မသည်စားမိပါပြီဟု လျှောက်လေ၏။
14ထာဝရအရှင်ဘုရားသခင်သည် မြွေကိုခေါ်၍ သင်သည် ဤအမှုကိုပြုသောကြောင့်၊ သားယဉ်သားရဲအပေါင်းတို့ထက် ကျိန်ခြင်းကိုခံရ၏။ သင်သည် ဝမ်းဖြင့်သွား၍ မြေမှုန့်ကို တစ်သက်လုံးစားရမည်။ 15သင်နှင့် မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။
16မိန်းမကိုလည်း၊ သင်၌ကိုယ်ဝန်ဆောင်ခြင်းဝေဒနာကို ငါအလွန်များပြားစေမည်။ ပင်ပန်းစွာဝေဒနာကိုခံ၍ သားဖွားရမည်။ ကိုယ်ခင်ပွန်း၏အလိုသို့လိုက်၍၊ သူ၏အုပ်စိုးခြင်းကိုလည်းခံရမည်ဟု မိန့်တော်မူ၏။ 17ယောက်ျားကိုလည်း၊ ထိုအပင်၏အသီးကိုမစားရဟု ငါပညတ်သော်လည်း၊ သင်သည်မယား၏စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းကို ခံလျက်ရှိ၏။ မြေ၏အသီးကို တစ်သက်ပတ်လုံး ပင်ပန်းစွာ စားရမည်။ 18ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့ မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင်စားရမည်။ 19သင်ထွက်ရာမြေသို့မပြန်မီတိုင်အောင်၊ သင်၏မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည်မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။
20ထိုအခါလူသည် မိမိမယားကို ဧဝအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ သူသည် အသက်ရှင်သော သူအပေါင်းတို့၏အမိ ဖြစ်သတည်း။
21ထာဝရအရှင်ဘုရားသခင်သည်လည်း၊ လူလင်မယားဖို့သားရေဖြင့် ၀တ်လုံကိုလုပ်၍ ဝတ်ခြုံစေတော်မူ၏။
ဥယျာဉ်ထဲမှနှင်ထုတ်ခြင်း
22ထာဝရအရှင်ဘုရားသခင်ကလည်း၊ လူသည် ငါတို့တွင် တစ်ပါးပါးကဲ့သို့ဖြစ်၍၊ ကောင်းမကောင်းသိတတ်၏။ ယခုမှာ သူသည် ထာဝရအသက်ကိုရခြင်းငှာ၊ လက်ကိုဆန့်လျက် အသက်ပင်၏အသီးကိုယူ၍ မစားသင့်ဟု မိန့်တော်မူ၍၊#ဗျာ၊ ၂၂:၁၄။ 23လူသည် မိမိထွက်သောမြေ၌လုပ်ရမည်အကြောင်း၊ ထာဝရအရှင်ဘုရားသခင်သည်၊ ဧဒင်ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ၏။ 24ထိုသို့လူကိုနှင်ထုတ်ပြီးလျှင်၊ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှာ၊ မီးစက်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။
Trenutno izbrano:
ကမ္ဘာဦး 3: JBMLE
Označeno
Deli
Kopiraj

Želiš, da so tvoji poudarki shranjeni v vseh tvojih napravah? Registriraj se ali se prijavi
Judson Bible Revision © Bible Society of Myanmar, 2021.