ဖိလိပ္ပိ 3:12-21
ဖိလိပ္ပိ 3:12-21 Judson Bible (JBMLE)
ထိုသို့ဆိုသော် အကျိုးကိုခံရပြီ၊ စုံလင်ခြင်းသို့ ရောက်ရပြီဟု ငါမဆိုလို၊ အကြင်အကျိုးကိုပေးခြင်းငှာ ခရစ်တော်သည် ငါ့ကို ကိုင်ဖမ်းတော်မူ၏။ ထိုအကျိုးကို ကိုင်မိခြင်းငှာ ငါပြေး၍ လိုက်သေး၏။ ညီအစ်ကိုတို့၊ ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ် မထင်သော်လည်း၊ ငါပြုသောအမှုတစ်ခု ဟူမူကား၊ နောက် ကျသောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ ရှိသောအရာတို့ကို လှမ်းကမ်း၍၊- ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကို ရခြင်းငှာ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။- ထိုကြောင့် စုံလင်သောသူ ရှိသမျှတို့သည် ဤသို့သောသဘောကို စွဲလမ်းရကြမည်။ သင်တို့သည် တစ်စုံတစ်ခုသောအရာ၌ သဘောခြားနားလျှင်၊ ထိုအရာကိုပင် ဘုရားသခင် ဖော်ပြတော်မူလိမ့်မည်။- သို့မဟုတ်သော်လည်း၊ ယခုမီသမျှအတိုင်း တစ်နည်းတည်းကျင့်၍ တစ်သဘောတည်း ရှိရကြမည်။- ညီအစ်ကိုတို့၊ ငါကျင့်သည်နည်းတူ သင်တို့သည် တညီတညွတ်တည်း ကျင့်ကြလော့။ ငါတို့ပေးသော ပုံသက်သေနှင့်အညီ ကျင့်သောသူတို့ကိုလည်း ရှုမှတ်ကြလော့။- အကြောင်းမူကား၊ အထက်အဖန်ဖန် ငါပြော၍၊ ယခုပင် မျက်ရည်ကျလျက်နှင့် ပြောသည်အတိုင်း၊ ခရစ်တော်၏ လက်ဝါးကပ်တိုင်ကို ရန်ဘက်ပြု၍ ကျင့်သောသူအများရှိကြ၏။- ထိုသူတို့သည် ပျက်စီးခြင်း၌ လမ်းဆုံးတတ်ကြ၏။ သူတို့၏ ဘုရားမူကား၊ မိမိတို့ဝမ်းပေတည်း။ မိမိတို့ ရှက်ကြောက်ဖွယ်သော အကျင့်၌သာ မိမိတို့ဝါကြွားကြ၏။ လောကီအရာတို့ကိုသာ စိတ်စွဲလမ်းခြင်းရှိကြ၏။- ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မျှော်လင့်လျက်နေကြ၏။- ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိအောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်းအားဖြင့် ယုတ်ညံ့သော ငါတို့၏ ကိုယ်ခန္ဓာကိုပင်၊ ဘုန်းအသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓာတော်၏နည်းတူ ဖြစ်စေခြင်းငှာ အသစ် ပြင်ဆင်တော်မူလတ္တံ့။
ဖိလိပ္ပိ 3:12-21 Common Language Bible (BCL)
ငါသည်အောင်မြင်မှုကိုရရှိပြီ၊ အြုပစ်ဆိုဖွယ်မရှိသူ ဖြစ်ပြီဟုမဆိုလို။ သို့ရာတွင်ထိုဆုကိုငါ့အားပေး ရန်အတွက်ခရစ်တော်ယေရှုသည်ငါ့ကိုဆွဲဆောင် ရရှိတော်မူပြီဖြစ်ရာငါသည်ထိုဆုကိုရရှိနိုင်ရန် ကြိုးစားလျက်နေ၏။- ညီအစ်ကိုတို့၊ ငါသည်ထိုဆုကိုရရှိပြီဟုမထင်မှတ်။ ငါပြုသောတစ်ခုတည်းသောအရာကားငါသည်နောက်၌ ရှိသောအရာတို့ကိုမေ့ပစ်ပြီးလျှင်ရှေ့၌ရှိသောအရာ တို့သို့ရောက်ခြင်းငှာအစွမ်းကုန်ကြိုးစား၏။- သို့ဖြစ်၍ငါသည်ဆုကိုရရန်ပန်းတိုင်သို့ရှေးရှု လျက်ပြေး၏။ ထိုဆုကားအထက်အရပ်၌အသက် ရှင်ရေးအတွက်ခရစ်တော်ယေရှုအားဖြင့်ဘုရား သခင်ဖိတ်ခေါ်တော်မူခြင်းပင်ဖြစ်သတည်း။ ငါတို့တွင်ဝိညာဉ်ရေးရင့်ကျက်သူတို့သည် ဤစိတ် သဘောမျိုးထားရှိသင့်ကြသည်။ အကယ်၍အချို့ တို့သည်ကွဲလွဲသောစိတ်သဘောရှိပါလျှင် ဘုရား သခင်သည်ယင်းတို့ကိုရှင်းလင်းဖော်ပြတော်မူ လိမ့်မည်။- မည်သို့ပင်ဖြစ်စေ၊ ငါတို့သည်မိမိတို့ယနေ့တိုင် အောင်လိုက်လျှောက်ခဲ့သည့်ထုံးစံအတိုင်းပြုကျင့် ကြကုန်စို့။ ညီအစ်ကိုတို့၊ သင်တို့အပေါင်းသည် ငါ့ထံမှအတု ယူကြလော့။ ငါတို့ပြသောစံနမူနာကောင်းကို လိုက်ကြသူတို့အားရှုမှတ်ကြလော့။- ဤအချက်ကိုကြိမ်ဖန်များစွာငါဖော်ပြဖူးလေပြီ။ ယခုလည်းမျက်ရည်ဖြင့်ထပ်မံ၍ဖော်ပြ၏။ ခရစ်တော် လက်ဝါးကပ်တိုင်ပေါ်၌ အသေခံတော်မူခြင်းတရား တော်နှင့်ဆန့်ကျင်၍ပြုကျင့်သူလူအများပင် ရှိပေသည်။- ထိုသူတို့သည်ငရဲတွင်လမ်းဆုံးကြလိမ့်မည်။ သူ တို့၏ဘုရားကား မိမိတို့ဝမ်းပေတည်း။ သူတို့သည် ရှက်ကြောက်သင့်သောအရာတို့တွင် ဂုဏ်ယူဝါကြွား ကြ၏။ လောကအရာတို့ကိုသာစိတ်စွဲလမ်းကြ၏။- ငါတို့မူကားကောင်းကင်ဘုံနိုင်ငံသားများဖြစ် သဖြင့် ကောင်းကင်ဘုံမှငါတို့၏ကယ်တင်ရှင် သခင်ယေရှုခရစ်ကြွလာတော်မူမည်ကို စောင့်မျှော်လျက်ရှိကြ၏။- ကိုယ်တော်သည်အရာခပ်သိမ်းကိုမိမိ၏အာဏာ စက်အောက်တွင်ရောက်စေတော်မူသောတန်ခိုးတော် အားဖြင့် ငါတို့၏သေကြေပျက်စီးတတ်သောကိုယ် ခန္ဓာကိုဘုန်းအသရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာ တော်နှင့်တူအောင် ပြောင်းလဲစေတော်မူလိမ့်မည်။
ဖိလိပ္ပိ 3:12-21 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါသည် ထိုအခွင့်ကိုရရှိပြီ၊ သို့မဟုတ် စုံလင်ခြင်းသို့ရောက်ပြီဟု ဆိုလိုသည်မဟုတ်ဘဲ ခရစ်တော်ယေရှုသည် ထိုအခွင့်အတွက် ငါ့ကို ဖမ်းကိုင်ထားသည်ဖြစ်၍ ငါသည်လည်း ထိုအခွင့်ကို ဖမ်းကိုင်နိုင်ရန် ကြိုးစားလျက်ရှိ၏။ ညီအစ်ကိုတို့၊ ငါဖမ်းကိုင်ထားပြီဟု ငါကိုယ်တိုင်မမှတ်ယူ။ သို့သော် ငါပြုသောအရာတစ်ခုမှာ နောက်၌ရှိသောအရာများကိုမေ့ထား၍ ရှေ့၌ရှိသောအရာများသို့တက်လှမ်းကာ ခရစ်တော်ယေရှုအားဖြင့် အထက်အရပ်သို့ ဘုရားသခင်ခေါ်ယူ၍ ပေးတော်မူမည့်ဆုကိုရရှိရန် ပန်းတိုင်သို့ကြိုးစား၍ပြေး၏။ ထို့ကြောင့် စုံလင်ရင့်ကျက်သောသူရှိသမျှတို့သည် ဤသို့သောစိတ်သဘောရှိသင့်၏။ သင်တို့၌ ခြားနားသောစိတ်သဘောတစ်စုံတစ်ခုရှိလျှင်လည်း ဘုရားသခင်သည် ထိုအရာကိုပင် သင်တို့အား ဖော်ပြတော်မူလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ငါတို့သည် မိမိတို့ရောက်ရှိသည့်အနေအထားနှင့်အညီ လိုက်လျှောက်ကြကုန်စို့။ ညီအစ်ကိုတို့၊ ငါ့ကိုအတုယူသူများဖြစ်ကြလော့။ ငါတို့ထံမှရရှိသောစံနမူနာအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောသူတို့ကိုလည်း ကြည့်ရှုမှတ်သားကြလော့။ အကြောင်းမူကား သင်တို့အား မကြာခဏ ငါပြောခဲ့ပြီး ယခုတစ်ဖန် မျက်ရည်ကျလျက်ပြောသည်မှာ များစွာသောသူတို့သည် ခရစ်တော်၏လက်ဝါးကပ်တိုင်ကိုရန်ဘက်ပြုလျက် အသက်ရှင်လျှောက်လှမ်းနေကြ၏။ ထိုသူတို့၏နိဂုံးသည် ပျက်စီးခြင်းဖြစ်၏။ သူတို့၏ဘုရားသည် သူတို့၏ဝမ်းဗိုက်ဖြစ်၍ သူတို့သည် မိမိတို့၏ရှက်ဖွယ်ရာ၌ ဂုဏ်ယူဝါကြွားကြ၏။ သူတို့စွဲလမ်းသောအရာသည် လောကနှင့်ဆိုင်သောအရာများပင်ဖြစ်ကြ၏။ သို့သော် ငါတို့၏နိုင်ငံသားအရိုက်အရာသည် ကောင်းကင်ဘုံ၌ရှိ၏။ ထိုအရပ်မှကြွလာတော်မူမည့် ကယ်တင်ရှင်သခင်ယေရှုခရစ်တော်ကို ငါတို့စောင့်မျှော်နေကြ၏။ ထိုသခင်သည် အရာခပ်သိမ်းတို့ကို မိမိအားနာခံစေနိုင်သောတန်ခိုးအားဖြင့် ငါတို့၏ဂုဏ်သေးသိမ်သောကိုယ်ခန္ဓာကို မိမိ၏ဘုန်းအသရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာနှင့်တူညီစေရန် ပြောင်းလဲစေတော်မူလိမ့်မည်။