YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိသြဝါဒစာ 3:12-21

ဖိလိပ္ပိသြဝါဒစာ 3:12-21 MSBU

ငါ​သည် ထို​အခွင့်​ကို​ရရှိ​ပြီ​၊ သို့မဟုတ် စုံလင်​ခြင်း​သို့​ရောက်​ပြီ​ဟု ဆိုလို​သည်​မ​ဟုတ်​ဘဲ ခရစ်တော်​ယေရှု​သည် ထို​အခွင့်​အတွက် ငါ့​ကို ဖမ်းကိုင်​ထား​သည်​ဖြစ်၍ ငါ​သည်​လည်း ထို​အခွင့်​ကို ဖမ်းကိုင်​နိုင်​ရန် ကြိုးစား​လျက်​ရှိ​၏။ ညီအစ်ကို​တို့၊ ငါ​ဖမ်းကိုင်​ထား​ပြီ​ဟု ငါ​ကိုယ်တိုင်​မ​မှတ်ယူ။ သို့သော် ငါ​ပြု​သော​အရာ​တစ်​ခု​မှာ နောက်၌​ရှိ​သော​အရာ​များ​ကို​မေ့​ထား​၍ ရှေ့၌​ရှိ​သော​အရာ​များ​သို့​တက်လှမ်း​ကာ ခရစ်တော်​ယေရှု​အားဖြင့် အထက်​အရပ်​သို့ ဘုရားသခင်​ခေါ်ယူ​၍ ပေး​တော်မူ​မည့်​ဆု​ကို​ရရှိ​ရန် ပန်းတိုင်​သို့​ကြိုးစား​၍​ပြေး​၏။ ထို့ကြောင့် စုံလင်​ရင့်ကျက်​သော​သူ​ရှိသမျှ​တို့​သည် ဤသို့​သော​စိတ်သဘော​ရှိ​သင့်​၏။ သင်​တို့​၌ ခြားနား​သော​စိတ်သဘော​တစ်စုံတစ်ခု​ရှိ​လျှင်​လည်း ဘုရားသခင်​သည် ထို​အရာ​ကို​ပင် သင်​တို့​အား ဖော်ပြ​တော်မူ​လိမ့်မည်။ မည်သို့ပင်ဖြစ်စေ ငါ​တို့​သည် မိမိ​တို့​ရောက်ရှိ​သည့်​အနေအထား​နှင့်အညီ လိုက်လျှောက်​ကြ​ကုန်စို့။ ညီအစ်ကို​တို့၊ ငါ့​ကို​အတုယူ​သူ​များ​ဖြစ်​ကြ​လော့။ ငါ​တို့​ထံမှ​ရရှိ​သော​စံနမူနာ​အတိုင်း အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သော​သူ​တို့​ကို​လည်း ကြည့်ရှု​မှတ်သား​ကြ​လော့။ အကြောင်းမူကား သင်​တို့​အား မကြာခဏ ငါ​ပြော​ခဲ့​ပြီး ယခု​တစ်ဖန် မျက်ရည်​ကျ​လျက်​ပြော​သည်​မှာ များစွာ​သော​သူ​တို့​သည် ခရစ်တော်​၏​လက်ဝါးကပ်တိုင်​ကို​ရန်ဘက်​ပြု​လျက် အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​၏။ ထို​သူ​တို့​၏​နိဂုံး​သည် ပျက်စီး​ခြင်း​ဖြစ်​၏။ သူ​တို့​၏​ဘုရား​သည် သူ​တို့​၏​ဝမ်းဗိုက်​ဖြစ်​၍ သူ​တို့​သည် မိမိ​တို့​၏​ရှက်ဖွယ်ရာ​၌ ဂုဏ်ယူ​ဝါကြွား​ကြ​၏။ သူ​တို့​စွဲလမ်း​သော​အရာ​သည် လောက​နှင့်ဆိုင်သော​အရာ​များ​ပင်​ဖြစ်​ကြ​၏။ သို့သော် ငါ​တို့​၏​နိုင်ငံသား​အရိုက်အရာ​သည် ကောင်းကင်​ဘုံ​၌​ရှိ​၏။ ထို​အရပ်​မှ​ကြွလာ​တော်မူ​မည့် ကယ်တင်ရှင်​သခင်​ယေရှု​ခရစ်တော်​ကို ငါ​တို့​စောင့်မျှော်​နေ​ကြ​၏။ ထို​သခင်​သည် အရာ​ခပ်သိမ်း​တို့​ကို မိမိ​အား​နာခံ​စေ​နိုင်​သော​တန်ခိုး​အားဖြင့် ငါ​တို့​၏​ဂုဏ်​သေးသိမ်​သော​ကိုယ်ခန္ဓာ​ကို မိမိ​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ကိုယ်ခန္ဓာ​နှင့်​တူညီ​စေရန် ပြောင်းလဲ​စေ​တော်မူ​လိမ့်မည်။