ဟေရှာယ 65:1-16
ဟေရှာယ 65:1-16 Judson Bible (JBMLE)
ငါ့ကို မမေးမလျှောက်သော သူတို့၏စကားကို ငါနားထောင်ပြီ။ ငါ့ကို မရှာသောသူတို့သည် ငါ့ကိုတွေ့ရကြပြီ။ ငါ့ကို ကြည့်ကြလော့။ ကြည့်ကြလော့ဟု ငါ့နာမကို ပတ္ထနာမပြုသော လူမျိုးအား ငါပြောဆိုပြီ။ မိမိအလိုအတိုင်း မကောင်းသောလမ်းကိုလိုက်၍၊ ငြင်းဆန်တတ်သော လူမျိုးကို မျက်နှာပြုလျက်၊ တစ်နေ့လုံး ငါသည် ကိုယ်လက်ဝါးကို ဖြန့်ရပြီ။ ထိုလူမျိုးသည် ဥယျာဉ်၌ ယဇ်ပူဇော်၍၊ အုတ်ပေါ်မှာ လောဗန်ကိုမီးရှို့သဖြင့်၊ ငါ့အမျက်ကို နှိုးဆော်ခြင်းငှာ၊ ငါ့မျက်မှောက်၌ အစဉ်ပြုတတ်၏။ သင်္ချိုင်းမှာနေ၍၊ သင်္ချိုင်းတွင်း၌ အိပ်တတ်၏။ ဝက်သားကိုစား၍၊ ရွံရှာဖွယ်သော အမဲသားပြုတ်ရည်ကိုသောက်တတ်၏။ သူတို့ကလည်း၊ သင်သည် အသီးအခြားနေလော့။ ငါ့ထံသို့ မချဉ်းနှင့်။ ငါသည် သင့်ထက်သာ၍ သန့်ရှင်းသည်ဟု ဆိုတတ်၏။ ထိုသို့သောသူတို့သည် ငါ့နှာခေါင်း၌ မီးခိုးကဲ့သို့လည်းကောင်း၊ အစဉ်လောင်သော မီးကဲ့သို့လည်းကောင်း ဖြစ်ကြ၏။ ငါ့ရှေ့မှာ စာရင်းမှတ်လျက် ရှိသည်ဖြစ်၍၊ ငါသည် တိတ်ဆိတ်စွာမနေ၊ အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်တို့၏ ဒုစရိုက်အပြစ်ကိုလည်းကောင်း၊ တောင်ပေါ်မှာ လောဗန်ကို မီးရှို့၍၊ ကုန်းပေါ်မှာ ငါ့ကိုကဲ့ရဲ့သော သင်တို့ဘိုးဘေး၏ ဒုစရိုက်အပြစ်ကိုလည်းကောင်း သင်တို့ရင်ခွင်၌ ငါဆပ်ပေးမည်။ အကယ်စင်စစ် သူတို့ပြုဖူးသော အကျင့်တို့၏အကျိုးအပြစ်ကို သူတို့ရင်ခွင်၌ ငါခြင်၍ပေးမည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ စပျစ်သီးပြွတ်၌ စပျစ်ရည်ကိုတွေ့သောအခါ မဖျက်နှင့်၊ မင်္ဂလာရှိသည်ဟု ဆိုတတ်သကဲ့သို့၊ ထိုအတူ၊ ငါ့ကျွန်တို့၏အကျိုးအလိုငှာ ငါပြုမည်။ အကုန်အစင် မဖျက်။ ယာကုပ်အမျိုးထဲက မျိုးစေ့ကိုလည်းကောင်း၊ ယုဒအမျိုးထဲက ငါ့တောင်ကို အမွေခံရသောသူကိုလည်းကောင်း ငါထုတ်ဖော်မည်။ ငါရွေးကောက်သောသူတို့သည် ပြည်တော်ကို အမွေခံ၍၊ ငါ၏ကျွန်တို့သည် နေရကြလိမ့်မည်။ ငါ့ကိုရှာသော ငါ၏လူတို့အဖို့၊ ရှာရုန်အရပ်သည် သိုးခြံဖြစ်လိမ့်မည်။ အာခေါ်ချိုင့်သည်လည်း နွားများ အိပ်ရာအရပ် ဖြစ်လိမ့်မည်။ သင်တို့မူကား၊ ထာဝရဘုရားကို စွန့်ပစ်သောသူ၊ ငါ၏သန့်ရှင်းသောတောင်ကို မေ့လျော့သောသူ၊ ဂါဒဘုရားရှေ့မှာ စားပွဲကိုခင်း၍၊ မေနိဘုရားအား သွန်းလောင်းရာ ပူဇော်သကာကို ပြင်သောသူဖြစ်ကြ၏။ သင်တို့ကို ငါရေတွက်၍၊ ဓား၌အပ်မည်။ ရှိသမျှတို့သည် အသေသတ်ခြင်းကိုခံရအောင် ဦးချရကြလိမ့်မည်။ အကြောင်းမူကား၊ သင်တို့သည် ငါခေါ်သောအခါ မထူးကြ။ ငါပြောသောအခါ နားမထောင်ကြ။ ငါ့မျက်မှောက်၌ မကောင်းသော အကျင့်ကို ကျင့်ကြ၏။ ငါမနှစ်သက်သောအရာကို ရွေးယူကြ၏။ ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ကျွန်တို့သည် စားကြလိမ့်မည်။ သင်တို့မူကား၊ မွတ်သိပ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် သောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရေငတ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရှက်ကြောက်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြလိမ့်မည်။ သင်တို့မူကား၊ ဝမ်းနည်းသောစိတ်နှင့် ငိုကြွေးကြလိမ့်မည်။ ကြေကွဲသောနှလုံးနှင့် ညည်းတွားမြည်တမ်းကြလိမ့်မည်။ သင်တို့သည် ကိုယ်နာမကို၊ ငါရွေးကောက်သောသူတို့၌ ကျိန်ဆဲဖို့ရာ ကျန်ရစ်စေကြလိမ့်မည်။ အရှင် ထာဝရဘုရားသည် သင်တို့ကို ကွပ်မျက်၍၊ ကိုယ်တော်၏ကျွန်တို့ကို အခြားသောနာမဖြင့် မှည့်တော်မူမည်။ မြေကြီးပေါ်မှာ မိမိကိုမိမိ ကောင်းချီးပေးသောသူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင်ကို အမှီပြု၍ ကောင်းချီးပေးလိမ့်မည်။ မြေကြီးပေါ်မှာ ကျိန်ဆိုသောသူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုလိမ့်မည်။ အကြောင်းမူကား၊ အရင်အမှုတို့ကို မေ့လျော့ရ၏။ ငါ့မျက်မှောက်၌ ကွယ်ပျောက်လျက်ရှိကြ၏။
ဟေရှာယ 65:1-16 Common Language Bible (BCL)
ထာဝရဘုရားက``ငါသည်မိမိလူမျိုး တော်၏ဆုတောင်းပတ္ထနာများကိုနားညောင်း ရန်အသင့်ရှိသော်လည်း သူတို့သည်ဆုတောင်း ပတ္ထနာမပြုကြ။ ငါသည်သူတို့ရှာလျှင် တွေ့မြင်နိုင်ရန်အသင့်စောင့်၍နေသော်လည်း သူတို့သည်ငါ့ကိုရှာရန်ပင်မကြိုးစားကြ။ ငါသည်ဤအရပ်တွင်ရှိ၏။ ငါသည်ကူမမည် ဟုဖြေကြားရန်အသင့်ရှိသော်လည်း၊ ဣသ ရေလအမျိုးသားတို့သည်ငါ့ထံသို့ဆု တောင်းပတ္ထနာမပြုကြ။- ခေါင်းမာလျက်အမှားကိုပြုကျင့်ကာမိမိ တို့၏ထင်ရာသို့လိုက်တတ်သူ ဤလူစုအား ငါသည်ကြိုဆိုလက်ခံရန်အစဉ်အမြဲ အသင့်ရှိပါ၏။- သို့ရာတွင်သူတို့သည်အရှက်မရှိ။ ငါ၏ အမျက်တော်ကိုလှုံ့ဆော်ကြ၏။ သူတို့သည် မြေသြဇာနတ်ဘုရားတို့ကိုဥယျာဉ်များ တွင်ယဇ်ပူဇော်ကြ၏။ ရုပ်တုကိုးကွယ်ရာ ယဇ်ပလ္လင်များတွင်နံ့သာပေါင်းကိုမီးရှို့ ပူဇော်ကြ၏။- ညဥ့်အခါ၌သူတို့သည်ဂူများသင်္ချိုင်းတွင်း များသို့သွား၍သူသေဝိညာဉ်များနှင့်နှီး နှောတိုင်ပင်ကြ၏။ သူတို့သည်ဝက်သားကို စား၍သူတို့၏အိုးများတွင် မသန့်ရှင်း သောအသားပြုတ်ရည်ရှိကြ၏။- ထိုနောက်သူတို့ကမိမိတို့သည်အလွန်ပင် မြင့်မြတ်သန့်ရှင်းလှသည်၊ အခြားသူတို့နှင့် မထိမတွေ့အပ်ဟုဆိုကာ အဘယ်သူကိုမျှ မိမိတို့အနီးသို့မချဉ်းမကပ်စေကြ။ ငါ သည်ဤသို့သောလူတို့ကိုသည်းမခံနိုင်။ ထိုသူတို့အပေါ်သို့သက်ရောက်သည့်ငါ၏ အမျက်ဒေါသသည်အစဉ်တောက်လောင် လျက်နေသည့်မီးနှင့်တူ၏။ ``သူတို့အားအဘယ်သို့အပြစ်ဒဏ်ခတ်မည် ကိုငါဆုံးဖြတ်ပြီးလေပြီ။ သူတို့အတွက် စီရင်ချက်ကိုလည်းရေးမှတ်၍ထား၏။ ငါ သည်သူတို့ပြုခဲ့သည့်အမှုတို့ကိုလျစ် လူရှုလိမ့်မည်မဟုတ်။- သူတို့၏အပြစ်ကြွေးများကိုလည်းကောင်း၊ သူတို့ဘိုးဘေးတို့၏အပြစ်ကြွေးများကို လည်းကောင်းငါဆပ်စေမည်။ သူတို့သည်တောင် ပေါ်ရှိရုပ်တုကိုးကွယ်ရာဌာနများတွင်နံ့ သာပေါင်းကိုမီးရှို့ပူဇော်ကာ ငါ့ကိုကဲ့ရဲ့ ကြလေပြီ။ သို့ဖြစ်၍သူတို့အားထိုက် လျောက်ရာအပြစ်ဒဏ်ကိုငါပေးမည်'' ဟု မိန့်တော်မူ၏။ ထာဝရဘုရားက``စပျစ်သီးကောင်းများ ကို အဘယ်သူမျှမဖျက်ဆီးတတ်။ နယ်၍ စပျစ်ရည်လုပ်တတ်ကြ၏။ ငါသည်လည်း ငါ၏လူအပေါင်းကိုသုတ်သင်ဖျက်ဆီး ပစ်လိမ့်မည်မဟုတ်။- ငါ့အားဝတ်ပြုကိုးကွယ်သူကိုငါကယ်တင် မည်။ ယုဒအနွယ်ဝင်တို့ကိုကောင်းချီးပေး မည်။ ယုဒ၏သားမြေးများသည်တောင်ပေါ် ဒေသများဖြစ်သော ငါ၏ပြည်တော်ကို အပိုင်ရရှိကြလိမ့်မည်။ ငါ၏ကျွန်ငါ ၏လူမျိုးတော်သည်ထိုပြည်တွင်နေထိုင်၍ အမွေခံရကြလိမ့်မည်။- သူတို့သည်ငါ့ကိုရှိခိုးဝတ်ပြုကာမိမိတို့ ၏သိုးနှင့်ကျွဲနွားများကိုအနောက်ဘက်ရှိ ရှာရုန်လွင်ပြင်တွင်လည်းကောင်း၊ အရှေ့ဘက် ရှိအာခေါ်ချိုင့်စားကျက်များတွင်လည်း ကောင်း နားနေစရာအဖြစ်ကျောင်းကြ လိမ့်မည်။ ``သို့ရာတွင်ငါ့ကိုစွန့်ပစ်သူငါ၏သန့်ရှင်း မြင့်မြတ်သည့်ဇိအုန်တောင်ကိုဂရုမစိုက်ဘဲ ကံကြမ္မာဘုရား၊ ဂါဒနှင့်မေနိတို့ကိုဝတ် ပြုကိုးကွယ်သူသင်တို့အဖို့မှာမူကား၊- ဋ္ဌားနှင့်အသေသတ်ခြင်းခံရလိမ့်မည်။ သင် တို့သည်ငါခေါ်သောအခါမထူးကြ။ ငါ ပြောသောအခါနားမထောင်ကြ။ သင်တို့ သည်ငါ၏ရှေ့တွင်ဒုစရိုက်ပြုလျက် ငါမ နှစ်သက်သောအရာကိုလုပ်ဆောင်ကြ၏။- ထို့ကြောင့်ငါ့စကားကိုနားထောင်ရန်ငါ့ကို ဝတ်ပြုသူတို့သည်ဖောဖောသီသီစားသောက် ရကြလျက် သင်တို့မူကားဆာငတ်မွတ်သိပ် လျက်ရေငတ်ကြလိမ့်မည်။ ငါ၏ကျွန်တို့ သည်ပျော်ရွှင်ကြလျက် သင်တို့မူကားအရှက် ကွဲကြလိမ့်မည်ဖြစ်ကြောင်းသင်တို့အား ငါ ထာဝရအရှင်ဘုရားသခင်ပြောကြား၏။- ငါ၏ကျွန်တို့သည်ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုရကြလျက် သင်တို့မူကားစိတ် နှလုံးကြေကွဲကျိုးပဲ့လျက်ငိုကြွေးရ ကြလိမ့်မည်။- ငါ၏ရွေးချယ်တော်ခံလူမျိုးတော်သည် သင်တို့နာမည်ကိုကျိန်စာအဖြစ်အသုံး ပြုကြလိမ့်မည်။ ငါထာဝရအရှင်ဘုရားသခင်သည်လည်းသင်တို့အားကွပ်မျက်တော် မူမည်။ သို့ရာတွင်ငါ၏စကားကိုနားထောင် သူတို့အားငါသည်နာမည်သစ်ကိုပေး တော်မူမည်။- ပြည်တော်တွင်ကောင်းချီးမင်္ဂလာခံယူလိုသူ မှန်သမျှသည်သစ္စာတော်အရှင်၊ ဘုရားသခင် ၏ကောင်းချီးမင်္ဂလာကိုတောင်းခံကြလိမ့်မည်။ ကျိန်ဆိုပြောဆိုသူမှန်သမျှသည်လည်း သစ္စာတော်အရှင်၊ ဘုရားသခင်၏နာမတော် ကိုတိုင်တည်ကျိန်ဆိုကြလိမ့်မည်။ အတိတ် ကာလကဆင်းရဲဒုက္ခများသည်ကွယ်ပျောက် သွားလိမ့်မည်။ ယင်းတို့ကိုလူတို့သည်မေ့ လျော့သွားကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ဟေရှာယ 65:1-16 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထာဝရဘုရားက “ငါ့ကိုမမေးမြန်းသောသူတို့ထံ ငါ့ကိုယ်ငါ ထင်ရှားပြ၏။ ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရှိကြ၏။ ငါ့နာမကိုမခေါ်သောလူမျိုးအား ‘ဤနေရာတွင် ငါရှိ၏။ ဤနေရာတွင် ငါရှိ၏’ဟု ငါဆို၏။ မိမိတို့အကြံအစည်အတိုင်း မကောင်းသောလမ်း၌လျှောက်လှမ်းလျက် ဆန့်ကျင်ပုန်ကန်တတ်သော လူမျိုးတို့ထံသို့ တစ်နေ့လုံး ငါ့လက်ကို ကမ်းလျက်နေ၏။ ဤလူမျိုးတို့သည် ငါ့ရှေ့မှောက်တွင် ဥယျာဉ်များထဲ၌ ယဇ်ပူဇော်၍ အုတ်ယဇ်ပလ္လင်ပေါ်တွင် နံ့သာပေါင်းကိုမီးရှို့ခြင်းဖြင့် ငါ့အမျက်ကို အစဉ်နှိုးဆော်ကြ၏။ သူတို့သည် သင်္ချိုင်းများတွင်ထိုင်ကြ၏။ ကွယ်ရာအရပ်တို့၌ ညအိပ်ကြ၏။ ဝက်သားကိုစားကြ၏။ သူတို့ခွက်များထဲ၌ ရွံရှာဖွယ်အသားပြုတ်ရည်ရှိ၏။ သူတို့က ‘တသီးတခြားနေလော့။ ငါသည် သင့်ထက်သန့်ရှင်း၏။ ငါ့အနီးသို့မလာနှင့်’ဟု ပြောဆိုကြ၏။ ဤသူတို့သည် ငါ့နှာခေါင်းထဲမှ မီးခိုး၊ တစ်နေ့လုံးတောက်လောင်နေသောမီးနှင့်တူ၏။ ကြည့်ရှုလော့။ ထိုအရာတို့ကို ငါ့ရှေ့မှောက်တွင်ရေးမှတ်ထားပြီ။ ငါသည် တိတ်ဆိတ်စွာမနေဘဲ ပြန်ပေးဆပ်စေမည်။ သူတို့ကို အပြည့်အဝ ပြန်ပေးဆပ်စေမည်။ တောင်ကြီးများပေါ်တွင် နံ့သာပေါင်းကိုမီးရှို့၍ တောင်ငယ်များပေါ်တွင် ငါ့ကိုစော်ကားပြုမူကြသော သင်တို့၏ဒုစရိုက်များနှင့် သင်တို့ဘိုးဘေးတို့၏ဒုစရိုက်များကို အတူတကွ ငါပြန်ပေးဆပ်စေမည်။ ထို့ကြောင့် ငါသည် သူတို့၏ယခင်လုပ်ရပ်တို့ကို အကုန်အစင်စစ်ဆေးမည်”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “စပျစ်ဝိုင်အသစ်ထွက်နိုင်သေးသော စပျစ်ခိုင်ကို တွေ့ရှိသောအခါ ‘မဖျက်ဆီးနှင့်၊ ကောင်းချီးမင်္ဂလာရှိသည်’ဟု လူတို့ပြောဆိုတတ်၏။ ငါသည်လည်း ငါ့အစေအပါးတို့ကိုထောက်၍ ထို့အတူပြုမည်။ ငါသည် အကုန်အစင်မဖျက်ဆီး။ ယာကုပ်မှ သားမြေးများကိုထွန်းကားစေ၍ ယုဒအမျိုးအနွယ်မှ ငါ့တောင်များပိုင်ဆိုင်မည့်သူကို ငါထွက်ပေါ်စေမည်။ ငါရွေးချယ်သောသူများသည် အမွေဆက်ခံ၍ ငါ၏အစေအပါးများသည် ထိုအရပ်၌နေကြလိမ့်မည်။ ငါ့ကိုရှာဖွေသော ငါ၏လူတို့အတွက် ရှာရုန်လွင်ပြင်သည် သိုးစားကျက်ဖြစ်မည်။ အာခေါ်ချိုင့်ဝှမ်းသည် နွားအုပ် လဲလျောင်းရာအရပ်ဖြစ်မည်။ သို့သော် ထာဝရဘုရားကိုစွန့်ပယ်သောသူများ၊ ငါ၏သန့်ရှင်းသောတောင်ကို မေ့လျော့သောသူများ၊ ဂါဒဘုရားရှေ့ စားပွဲခင်းသောသူများ၊ မေနိဘုရားရှေ့ ရောစပ်ထားသောဝိုင်ကို ခွက်ထဲသို့ ဖြည့်ပေးသောသူများဖြစ်ကြသော သင်တို့အတွက် ဓားဘေးကို ငါစီမံထားပြီ။ သင်တို့အားလုံးသည် သတ်ဖြတ်သူရှေ့၌ လည်စင်းပေးရလိမ့်မည်။ အကြောင်းမူကား ငါခေါ်သောအခါ သင်တို့မထူး။ ငါမိန့်သောအခါ သင်တို့နားမထောင်။ ငါ့မျက်မှောက်၌ မကောင်းမှုကိုပြု၍ ငါမနှစ်သက်သောအရာကို သင်တို့ရွေးချယ်သောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။ ထို့ကြောင့် အရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ့အစေအပါးတို့စားရသော်လည်း သင်တို့ဆာလောင်မွတ်သိပ်ကြလိမ့်မည်။ ငါ့အစေအပါးတို့သောက်ရသော်လည်း သင်တို့ရေငတ်ကြလိမ့်မည်။ ငါ့အစေအပါးတို့ဝမ်းမြောက်ရသော်လည်း သင်တို့အရှက်ကွဲကြလိမ့်မည်။ ကြည့်ရှုလော့။ ငါ့အစေအပါးတို့သည် ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြလိမ့်မည်။ သင်တို့မူကား နာကျင်သောစိတ်နှင့် အော်ဟစ်ကြ၍ ကြေကွဲသောစိတ်နှင့် ညည်းတွားမြည်တမ်းကြလိမ့်မည်။ သင်တို့၏နာမည်သည် ငါရွေးချယ်သောသူတို့ ကျိန်ဆဲစရာအဖြစ် ကျန်ရစ်မည်။ အရှင်ထာဝရဘုရားသည် သင့်ကိုကွပ်မျက်တော်မူမည်။ မိမိ၏အစေအပါးများကိုကား အခြားနာမည်ဖြင့် ခေါ်တော်မူမည်။ မြေကြီးပေါ်၌ မိမိကိုယ်မိမိ ကောင်းချီးပေးသောသူသည် သစ္စာရှိသောဘုရားသခင်ကိုအမှီပြု၍ ကောင်းချီးပေးလိမ့်မည်။ မြေကြီးပေါ်၌ကျိန်ဆိုသောသူသည်လည်း သစ္စာရှိသောဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုလိမ့်မည်။ အကယ်စင်စစ် ယခင်ဆင်းရဲဒုက္ခတို့ကို ငါမေ့လျော့ပြီ။ ငါ့မျက်မှောက်မှ ကွယ်ပျောက်ပြီ။