ထာဝရဘုရားက “ငါ့ကိုမမေးမြန်းသောသူတို့ထံ ငါ့ကိုယ်ငါ ထင်ရှားပြ၏။ ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရှိကြ၏။ ငါ့နာမကိုမခေါ်သောလူမျိုးအား ‘ဤနေရာတွင် ငါရှိ၏။ ဤနေရာတွင် ငါရှိ၏’ဟု ငါဆို၏။ မိမိတို့အကြံအစည်အတိုင်း မကောင်းသောလမ်း၌လျှောက်လှမ်းလျက် ဆန့်ကျင်ပုန်ကန်တတ်သော လူမျိုးတို့ထံသို့ တစ်နေ့လုံး ငါ့လက်ကို ကမ်းလျက်နေ၏။ ဤလူမျိုးတို့သည် ငါ့ရှေ့မှောက်တွင် ဥယျာဉ်များထဲ၌ ယဇ်ပူဇော်၍ အုတ်ယဇ်ပလ္လင်ပေါ်တွင် နံ့သာပေါင်းကိုမီးရှို့ခြင်းဖြင့် ငါ့အမျက်ကို အစဉ်နှိုးဆော်ကြ၏။ သူတို့သည် သင်္ချိုင်းများတွင်ထိုင်ကြ၏။ ကွယ်ရာအရပ်တို့၌ ညအိပ်ကြ၏။ ဝက်သားကိုစားကြ၏။ သူတို့ခွက်များထဲ၌ ရွံရှာဖွယ်အသားပြုတ်ရည်ရှိ၏။ သူတို့က ‘တသီးတခြားနေလော့။ ငါသည် သင့်ထက်သန့်ရှင်း၏။ ငါ့အနီးသို့မလာနှင့်’ဟု ပြောဆိုကြ၏။ ဤသူတို့သည် ငါ့နှာခေါင်းထဲမှ မီးခိုး၊ တစ်နေ့လုံးတောက်လောင်နေသောမီးနှင့်တူ၏။ ကြည့်ရှုလော့။ ထိုအရာတို့ကို ငါ့ရှေ့မှောက်တွင်ရေးမှတ်ထားပြီ။ ငါသည် တိတ်ဆိတ်စွာမနေဘဲ ပြန်ပေးဆပ်စေမည်။ သူတို့ကို အပြည့်အဝ ပြန်ပေးဆပ်စေမည်။ တောင်ကြီးများပေါ်တွင် နံ့သာပေါင်းကိုမီးရှို့၍ တောင်ငယ်များပေါ်တွင် ငါ့ကိုစော်ကားပြုမူကြသော သင်တို့၏ဒုစရိုက်များနှင့် သင်တို့ဘိုးဘေးတို့၏ဒုစရိုက်များကို အတူတကွ ငါပြန်ပေးဆပ်စေမည်။ ထို့ကြောင့် ငါသည် သူတို့၏ယခင်လုပ်ရပ်တို့ကို အကုန်အစင်စစ်ဆေးမည်”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “စပျစ်ဝိုင်အသစ်ထွက်နိုင်သေးသော စပျစ်ခိုင်ကို တွေ့ရှိသောအခါ ‘မဖျက်ဆီးနှင့်၊ ကောင်းချီးမင်္ဂလာရှိသည်’ဟု လူတို့ပြောဆိုတတ်၏။ ငါသည်လည်း ငါ့အစေအပါးတို့ကိုထောက်၍ ထို့အတူပြုမည်။ ငါသည် အကုန်အစင်မဖျက်ဆီး။ ယာကုပ်မှ သားမြေးများကိုထွန်းကားစေ၍ ယုဒအမျိုးအနွယ်မှ ငါ့တောင်များပိုင်ဆိုင်မည့်သူကို ငါထွက်ပေါ်စေမည်။ ငါရွေးချယ်သောသူများသည် အမွေဆက်ခံ၍ ငါ၏အစေအပါးများသည် ထိုအရပ်၌နေကြလိမ့်မည်။ ငါ့ကိုရှာဖွေသော ငါ၏လူတို့အတွက် ရှာရုန်လွင်ပြင်သည် သိုးစားကျက်ဖြစ်မည်။ အာခေါ်ချိုင့်ဝှမ်းသည် နွားအုပ် လဲလျောင်းရာအရပ်ဖြစ်မည်။ သို့သော် ထာဝရဘုရားကိုစွန့်ပယ်သောသူများ၊ ငါ၏သန့်ရှင်းသောတောင်ကို မေ့လျော့သောသူများ၊ ဂါဒဘုရားရှေ့ စားပွဲခင်းသောသူများ၊ မေနိဘုရားရှေ့ ရောစပ်ထားသောဝိုင်ကို ခွက်ထဲသို့ ဖြည့်ပေးသောသူများဖြစ်ကြသော သင်တို့အတွက် ဓားဘေးကို ငါစီမံထားပြီ။ သင်တို့အားလုံးသည် သတ်ဖြတ်သူရှေ့၌ လည်စင်းပေးရလိမ့်မည်။ အကြောင်းမူကား ငါခေါ်သောအခါ သင်တို့မထူး။ ငါမိန့်သောအခါ သင်တို့နားမထောင်။ ငါ့မျက်မှောက်၌ မကောင်းမှုကိုပြု၍ ငါမနှစ်သက်သောအရာကို သင်တို့ရွေးချယ်သောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။ ထို့ကြောင့် အရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ့အစေအပါးတို့စားရသော်လည်း သင်တို့ဆာလောင်မွတ်သိပ်ကြလိမ့်မည်။ ငါ့အစေအပါးတို့သောက်ရသော်လည်း သင်တို့ရေငတ်ကြလိမ့်မည်။ ငါ့အစေအပါးတို့ဝမ်းမြောက်ရသော်လည်း သင်တို့အရှက်ကွဲကြလိမ့်မည်။ ကြည့်ရှုလော့။ ငါ့အစေအပါးတို့သည် ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြလိမ့်မည်။ သင်တို့မူကား နာကျင်သောစိတ်နှင့် အော်ဟစ်ကြ၍ ကြေကွဲသောစိတ်နှင့် ညည်းတွားမြည်တမ်းကြလိမ့်မည်။ သင်တို့၏နာမည်သည် ငါရွေးချယ်သောသူတို့ ကျိန်ဆဲစရာအဖြစ် ကျန်ရစ်မည်။ အရှင်ထာဝရဘုရားသည် သင့်ကိုကွပ်မျက်တော်မူမည်။ မိမိ၏အစေအပါးများကိုကား အခြားနာမည်ဖြင့် ခေါ်တော်မူမည်။ မြေကြီးပေါ်၌ မိမိကိုယ်မိမိ ကောင်းချီးပေးသောသူသည် သစ္စာရှိသောဘုရားသခင်ကိုအမှီပြု၍ ကောင်းချီးပေးလိမ့်မည်။ မြေကြီးပေါ်၌ကျိန်ဆိုသောသူသည်လည်း သစ္စာရှိသောဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုလိမ့်မည်။ အကယ်စင်စစ် ယခင်ဆင်းရဲဒုက္ခတို့ကို ငါမေ့လျော့ပြီ။ ငါ့မျက်မှောက်မှ ကွယ်ပျောက်ပြီ။
ဟေရှာယအနာဂတ္တိကျမ်း 65 ကို ဖတ်ရှုရန်
နားထောင်ရန် ဟေရှာယအနာဂတ္တိကျမ်း 65
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယအနာဂတ္တိကျမ်း 65:1-16
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ