YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 6

6
ရှောလမုန်မင်းကြီး၏ဗိမာန်တော်ဆက်ကပ်ခြင်း
1ထိုအခါ ရှောလမုန်​မင်းကြီး​က “​တိမ်ထုကြီး​ထဲတွင် စံမြန်း​တော်မူ​မည်​ဟု ထာဝရဘုရား​မိန့်ဆို​ပြီ​။ 2ကိုယ်တော်​အဖို့ မြင့်မြတ်​သော​အိမ်​တော်​၊ ကိုယ်တော် အစဉ်အမြဲ​ကိန်းဝပ်​တော်မူ​ရာ​နေရာ​ကို အကျွန်ုပ်​တည်ဆောက်​ပါ​ပြီ​”​ဟု မြွက်ဆို​၏​။ 3ထို့နောက် ရှင်ဘုရင်​သည် ရပ်​လျက်​နေ​ကြ​သော​အစ္စရေး​လူထု​အပေါင်း​တို့​ဘက်​သို့​လှည့်​၍ အစ္စရေး​လူထု​တစ်ရပ်လုံး​ကို ကောင်းချီးပေး​ပြီးလျှင် 4“​အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား နှုတ်​ကတိထား​တော်မူ​ခဲ့​သည်​ကို လက်တွေ့ ပြည့်စုံ​စေ​တော်မူ​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို ချီးမွမ်းထောမနာ​ပြု​ပါ​၏​။ 5ကိုယ်တော်​က ‘​ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​လာ​ခဲ့​သည့်​နေ့​မှစ၍ ငါ့​နာမ​တည်​ရာ​အိမ်​တော်​ကို​တည်ဆောက်​ရန် အစ္စရေး​အမျိုးအနွယ်​တို့​ပိုင်​သော​မြို့​တစ်​မြို့​မြို့​ကို ငါ​မ​ရွေးချယ်​ခဲ့​။ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်စိုး​ရန် မည်သူ့​ကို​မျှ ငါ​မ​ရွေးချယ်​ခဲ့​။ 6သို့သော် ငါ့​နာမ​တော်​တည်​ရန် ဂျေရုဆလင်​မြို့​ကို ငါ​ရွေးချယ်​ခဲ့​ပြီ​။ ထိုနည်းတူ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်စိုး​ရန် ဒါဝိဒ်​ကို​လည်း ငါ​ရွေးချယ်​ခဲ့​ပြီ​’​ဟု မိန့်​တော်မူ​ခဲ့​၏​။ 7အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တော်​အဖို့ အိမ်​တော်​ကို​တည်ဆောက်​ရန် ငါ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး စိတ်ဆန္ဒ​ရှိ​ခဲ့​၏​။ 8သို့သော် ထာဝရဘုရား​က ငါ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား ‘​ငါ့​နာမ​အဖို့ အိမ်​တော်​ကို​တည်ဆောက်​ရန် သင်​စိတ်ဆန္ဒ​ရှိ​လေ​ပြီ​။ ထို​စိတ်ဆန္ဒ​ရှိ​ခြင်း​သည် ကောင်း​သော​အမှု​ဖြစ်​၏​။ 9သို့သော် အိမ်​တော်​ကို သင်​မ​တည်ဆောက်​ရ​။ သင့်​ရင်သွေး​၊ သင့်​သား​သာလျှင် ငါ့​နာမ​အဖို့ အိမ်​တော်​ကို တည်ဆောက်​ရ​လိမ့်မည်​’​ဟု မိန့်ဆို​ခဲ့​၏​။ 10ယခုမှာ ထာဝရဘုရား​သည် မိမိ​ပြု​ထား​သော​ကတိ​တော်​ကို တည်​စေ​ပြီ​။ ထာဝရဘုရား​မိန့်မှာ​ခဲ့​သည့်​အတိုင်း ငါ​သည် ငါ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​ပြီး အစ္စရေး​ရာဇပလ္လင်​ပေါ်တွင် စံမြန်း​နေ​ရ​ပြီ​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တော်​အဖို့ အိမ်​တော်​ကို​လည်း တည်ဆောက်​ခဲ့​ပြီ​။ 11အစ္စရေး​လူမျိုး​တို့​နှင့်​ဖွဲ့​ခဲ့​သော ထာဝရဘုရား​၏​ပဋိညာဉ်​ပါ​သေတ္တာ​တော်​ကို ထို​အိမ်​တော်​တွင်​ထားရှိ​ပြီ​”​ဟု မြွက်ဆို​လေ​၏​။
ရှောလမုန်မင်းကြီး၏ဆုတောင်းချက်
12ထို့နောက် ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​ယဇ်ပလ္လင်​တော်​ရှေ့​၊ အစ္စရေး​လူထု​အပေါင်း​တို့​ရှေ့​တွင်​ရပ်​လျက် လက်​ကို​ဖြန့်​တော်မူ​၏​။ 13ရှောလမုန်​မင်းကြီး​သည် ဝင်း​တော်​အလယ်​၌ မိမိ​ဆောက်လုပ်​၍​တည်​ထား​သော အလျား​ငါး​တောင်#6:13 “90 လက်မ သို့မဟုတ် 225 စင်တီမီတာ”။​၊ အနံ​ငါး​တောင်​၊ အမြင့်​သုံး​တောင်#6:13 “54 လက်မ သို့မဟုတ် 135 စင်တီမီတာ”။​ရှိ​သည့် ကြေးနီ​စင်မြင့်​ပေါ်သို့​တက်​ပြီး အစ္စရေး​လူထု​အပေါင်း​တို့​ရှေ့​၌ ဒူးထောက်​၍ လက်​ကို ကောင်းကင်​သို့​ဖြန့်​လျက် 14“​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကောင်းကင်​နှင့်​မြေကြီး​ပေါ်တွင် ကိုယ်တော်​နှင့်​တူ​သော​ဘုရား​မ​ရှိ​ပါ​။ ရှေ့​တော်​၌ စိတ်နှလုံး​အကြွင်းမဲ့​လိုက်လျှောက်​သော ကိုယ်တော်​၏​အစေအပါး​တို့​အား ကရုဏာ​တော်​ကို ပြ​တော်မူ​ပြီ​။ ပဋိညာဉ်​ကို တည်​စေ​တော်မူ​ပြီ​။ 15ကိုယ်တော်​၏​အစေအပါး အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၌ ထား​ခဲ့​သော​ကတိ​တော်​များ​ကို တည်​စေ​တော်မူ​ပြီ​။ နှုတ်​တော်​ဖြင့် ကတိထား​တော်မူ​ခဲ့​သည်​ကို ယနေ့ လက်တွေ့​ပြည့်စုံ​စေ​ပါ​ပြီ​။ 16အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​အစေအပါး အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား ‘​ငါ့​ရှေ့မှောက်​၌ သင်​အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည့်​နည်းတူ သင့်​သားမြေး​တို့​သည်​လည်း ငါ့​ပညတ်တရား​အတိုင်း တည်ကြည်​စွာ​အသက်ရှင်​လျှောက်လှမ်း​လျှင် သင့်​မျိုးရိုး​သည် ငါ့​ရှေ့မှောက် အစ္စရေး​ရာဇပလ္လင်​တွင် မ​ပြတ်​စံမြန်း​ရ​လိမ့်မည်​’​ဟု မိန့်ဆို​ခဲ့​သည့်​စကား​ကို တည်​စေ​တော်မူ​ပါ​။ 17အို အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​အစေအပါး ဒါဝိဒ်​မင်းကြီး​အား မိန့်ဆို​ခဲ့​သည့်​ကတိ​တော်​ကို ယခု အမှန်​ဖြစ်လာ​စေ​တော်မူ​ပါ​။ 18အကယ်စင်စစ် ဘုရားသခင်​သည် လူသား​တို့​နှင့်အတူ ဤ​မြေကြီး​ပေါ်တွင် ကိန်းဝပ်​တော်မူ​မည်လော​။ ကြည့်ရှု​လော့​။ ကောင်းကင်​သာမက အမြင့်ဆုံးသောကောင်းကင်ကြီး​ပင် ကိုယ်တော်​နှင့်​မ​ဆံ့​နိုင်​ပါ​။ သို့ဖြစ်၍ အကျွန်ုပ်​ဆောက်​ထား​သော​ဤ​အိမ်​တော်​ကား အဘယ်​ဆိုဖွယ်ရာ​ရှိ​ပါ​လိမ့်​မည်နည်း​။ 19အို အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော့်​အစေအပါး​ဆုတောင်း​အသနားခံ​သည်​ကို ဂရုစိုက်​လှည့်​ပါ​။ ကိုယ်တော့်​ရှေ့​တော်​တွင် ကိုယ်တော့်​အစေအပါး တောင်းလျှောက်​သော​ဆုတောင်းသံ​၊ အော်ဟစ်သံ​ကို နားညောင်း​တော်မူ​ပါ​။ 20‘​ဤ​နေရာ​၌ ငါ့​နာမ​တည်​မည်​’​ဟု ကိုယ်တော်​မိန့်မှာ​ထား​သည့်​အတိုင်း ဤ​နေရာ​၊ ဤ​အိမ်​တော်​ကို နေ့ညမပြတ်​စောင့်ကြည့်​တော်မူ​ပါ​။ ဤ​နေရာ​သို့​မျက်နှာမူ​ပြီး​ဆုတောင်း​သော ကိုယ်တော့်​အစေအပါး​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​ပါ​။ 21ကိုယ်တော်​၏​အစေအပါး​နှင့် ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​သည် ဤ​နေရာ​သို့​မျက်နှာမူ​ပြီး ဆုတောင်း​အသနားခံ​ကြ​သောအခါ ကိုယ်တော်​နားညောင်း​တော်မူ​ပါ​။ ကိုယ်တော်​ကိန်းဝပ်​တော်မူ​ရာ​ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​ပါ​။ နားညောင်း​တော်မူ​၍ ခွင့်လွှတ်​တော်မူ​ပါ​။ 22တစ်စုံတစ်ဦး​သည် မိမိ​အိမ်နီးချင်း​ကို ပြစ်မှား​မိ​သဖြင့် ကျိန်ဆိုစရာ​အကြောင်း​ရှိ​၍ ဤ​အိမ်​တော်​ရှိ ကိုယ်တော်​၏​ယဇ်ပလ္လင်​ရှေ့​တွင် လာရောက်​ကျိန်ဆို​လျှင် 23ကိုယ်တော်​သည် ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​၍ ကိုယ်တော်​၏​အစေအပါး​တို့​အား အရေးယူ​စီရင်​တော်မူ​ပါ​။ အပြစ်ရှိ​သူ​ကို သူ​ပြု​ခဲ့​သည့်​အပြစ်​အတိုင်း ပြန်ခံရ​စေရန် စီရင်​တော်မူ​ပါ​။ ဖြောင့်မတ်​မှန်ကန်​သူ​ကို​မူ သူ​ဖြောင့်မတ်​သည့်​အတိုင်း အကျိုး​ကို​ခံစား​ရ​စေရန် စီရင်​တော်မူ​ပါ​။ 24ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​သည် ကိုယ်တော့်​ကို​ပြစ်မှား​မိ​သဖြင့် ရန်သူ​ကို ရှုံးနိမ့်​သွား​ပြီးမှ သူ​တို့​သည် ကိုယ်တော့်​ထံ​ပြန်လာ​၍ နာမ​တော်​ကို​ဝန်ခံ​လျက် ဤ​အိမ်​တော်​၌ ကိုယ်တော့်​ထံ ဆုတောင်း​အသနားခံ​လျှင် 25ကိုယ်တော်​သည် ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​၍ ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​၏​အပြစ်​ကို ခွင့်လွှတ်​တော်မူ​ပါ​။ သူ​တို့​နှင့် သူ​တို့​ဘိုးဘေး​တို့​အား ကိုယ်တော်​ပေးသနား​တော်မူ​သော​ပြည်​သို့ သူ​တို့​ကို ပြန်လည်​ပို့ဆောင်​တော်မူ​ပါ​။ 26ကိုယ်တော့်​ကို​ပြစ်မှား​မိ​၍ ကိုယ်တော်​သည် သူ​တို့​ကို ဆုံးမ​သော​အားဖြင့် ကောင်းကင်​တံခါး​ကို​ပိတ်​လျက် မိုးခေါင်​စေ​သောအခါ သူ​တို့​သည် အပြစ်လမ်း​မှ​ပြန်လှည့်​၍ ကိုယ်တော်​၏​နာမ​တော်​ကို​ဝန်ခံ​လျက် ဤ​နေရာ​သို့​မျက်နှာမူ​ပြီး ဆုတောင်း​အသနားခံ​လျှင် 27ကိုယ်တော်​သည် ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​၍ ကိုယ်တော်​၏​အစေအပါး​တို့​နှင့် ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​၏​အပြစ်​များ​ကို ခွင့်လွှတ်​တော်မူ​ပါ​။ မှန်ကန်​သော​လမ်း​ကို လိုက်လျှောက်​နိုင်​ရန် သွန်သင်​တော်မူ​ပါ​။ ကိုယ်တော်​၏​လူမျိုး​တော်​အား အမွေ​ပေး​တော်မူ​သော ကိုယ်တော်​၏​မြေ​ပေါ်တွင် မိုး​ကို​ရွာ​စေ​တော်မူ​ပါ​။ 28ပြည်​တော်​တွင် ငတ်မွတ်ခြင်းဘေး​၊ ကပ်ရောဂါ​ဘေး ကျရောက်​သောအခါ​၊ လောင်မီးပိုး​၊ မှိုရောဂါ​၊ ကျိုင်းကောင်​၊ နှံကောင်​တို့​ကျ​သောအခါ​၊ ပြည်​တော်​၏​မြို့​တံခါး​တို့​တွင် ရန်သူ​တို့​ဝိုင်း​လာ​သောအခါ​၊ ဘေးဒဏ်​တစ်စုံတစ်ရာ​၊ အနာရောဂါ​တစ်စုံတစ်ရာ ဖြစ်​သောအခါ 29တစ်စုံတစ်ယောက်​ဖြစ်စေ​၊ ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​အပေါင်း​တို့​ဖြစ်စေ ကိုယ့်​နာကျင်​ခြင်း​၊ ကိုယ့်​ဝေဒနာ​ကိုယ်​သိမှတ်​လျက် ဤ​အိမ်​တော်​သို့​မျက်နှာမူ​ပြီး လက်​ကို​ဆန့်​လျက် ဆုတောင်း​အသနားခံ​လျှင် 30ကိုယ်တော်​သည် ကိန်းဝပ်​တော်မူ​ရာ​ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​၍ ခွင့်လွှတ်​တော်မူ​ပါ​။ ကိုယ်တော်​သည် လူသား​အားလုံး​တို့​၏​စိတ်နှလုံး​အကြံအစည်​ကို သိ​တော်မူ​ပါ​၏​။ သူ​တို့​၏​စိတ်နှလုံး​အကြံအစည်​ကို သိ​တော်မူ​သည်​နှင့်အညီ သူ​တို့​၏​အကျင့်​အတိုင်း သူ​တို့​ကို ပြန်​ပေးဆပ်​စေ​တော်မူ​ပါ​။ 31သို့မှသာ အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​အား ကိုယ်တော်​ပေးသနား​တော်မူ​သော​ပြည်​တွင် သူ​တို့​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကိုယ်တော့်​ကို ကြောက်ရွံ့ရိုသေ​၍ ကိုယ်တော်​၏​လမ်း​တော်​ကို လိုက်လျှောက်​ကြ​ပါ​လိမ့်မည်​။ 32ထို့ပြင် ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​မ​ဟုတ်​သော တစ်ပါးအမျိုးသား​တို့​သည်​လည်း ကိုယ်တော်​၏​ကြီးမြတ်​သော​နာမ​တော်​၊ အားကြီး​သော​လက်​တော်​၊ တန်ခိုးကြီး​သော​လက်ရုံး​တော်​ကြောင့် ဝေး​သော​အရပ်​မှ​လာ​၍ ဤ​အိမ်​တော်​သို့​မျက်နှာမူ​ပြီး ဆုတောင်း​ကြ​လျှင် 33ကိုယ်တော်​သည် ကိန်းဝပ်​တော်မူ​ရာ​ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​ပါ​၊ ထို​တစ်ပါးအမျိုးသား​တို့ တောင်းလျှောက်​သမျှ​ကို ပြု​ပေး​တော်မူ​ပါ​။ သို့မှ မြေကြီးသား​အပေါင်း​တို့​သည် ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​ကဲ့သို့ ကိုယ်တော်​၏​နာမ​တော်​ကို​သိကျွမ်း​၍ ကိုယ်တော့်​ကို ကြောက်ရွံ့ရိုသေ​ကြ​ပါ​လိမ့်မည်​။ အကျွန်ုပ်​တည်ဆောက်​သော ဤ​အိမ်​တော်​ကို​လည်း ကိုယ်တော်​၏​နာမ​တော်​တည်​ရာ​အိမ်​တော်​ဟု ခေါ်ဝေါ်​ကြောင်း သိ​ကြ​ပါ​လိမ့်မည်​။ 34ကိုယ်တော်​၏​လူမျိုး​တော်​တို့​သည် ကိုယ်တော်​စေ​ရာ​လမ်း​အတိုင်း ရန်သူ​တို့​အား စစ်​ထွက်တိုက်​ရ​သောအခါ သူ​တို့​သည် ကိုယ်တော်​ရွေးချယ်​တော်မူ​သော​ဤ​မြို့​၊ ကိုယ်တော်​၏​နာမ​တော်​အဖို့ အကျွန်ုပ်​တည်ဆောက်​သော​အိမ်​တော်​သို့ မျက်နှာမူ​ပြီး ကိုယ်တော့်​ထံ​ဆုတောင်း​ကြ​လျှင် 35ကောင်းကင်ဘုံ​မှ​နေ​၍ သူ​တို့​၏​ဆုတောင်း​အသနားခံ​သံ​ကို နားညောင်း​တော်မူ​ပြီး သူ​တို့​၏​စစ်မှု​ကို စီရင်​ပေး​တော်မူ​ပါ​။ 36မ​ပြစ်မှား​ဘဲ​နေ​နိုင်​သူ တစ်ယောက်​မျှ​မ​ရှိ​သည်​ဖြစ်၍ သူ​တို့​သည် ကိုယ်တော့်​ကို​ပြစ်မှား​မိ​လျှင် ကိုယ်တော်​သည် သူ​တို့​ကို​အမျက်ထွက်​၍ ရန်သူ​လက်​သို့​အပ်လိုက်​သဖြင့် ရပ်နီး​ရပ်ဝေး​ပြည်​သို့ သူ​တို့​ကို ဖမ်းဆီးခေါ်ဆောင်​သွား​ပြီး 37ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ပြည်​၌ သူ​တို့​စိတ်နှလုံး​ပြောင်းလဲ​၍ ‘​အကျွန်ုပ်​တို့​ပြစ်မှား​မိ​ပါ​ပြီ​။ ဒုစရိုက်​ကို​ပြု​မိ​ပါ​ပြီ​။ မကောင်းမှု​များ​ကို​ပြု​မိ​ပါ​ပြီ​’​ဟု ဆို​လျက် နောင်တရ​ကာ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သည့်​အရပ်​၌ပင် ကိုယ်တော့်​ထံ ဆုတောင်း​အသနားခံ​လျှင်​၊ 38သူ​တို့​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ပြည်​၌ပင် စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​ဖြင့် ကိုယ်တော့်​ထံ​ပြန်လာ​၍ သူ​တို့​၏​ဘိုးဘေး​တို့​အား ကိုယ်တော်​ပေးသနား​တော်မူ​သော​ပြည်​၊ ကိုယ်တော်​ရွေးချယ်​တော်မူ​ရာ​မြို့​၊ နာမ​တော်​အဖို့ အကျွန်ုပ်​တည်ဆောက်​သော​အိမ်​တော်​ဘက်​သို့ မျက်နှာမူ​ပြီး ဆုတောင်း​ကြ​လျှင် 39ကိန်းဝပ်​တော်မူ​ရာ​ကောင်းကင်ဘုံ​မှ​နေ​၍ သူ​တို့​ဆုတောင်း​အသနားခံသံ​ကို နားညောင်း​တော်မူ​ပြီး သူ​တို့​၏​အမှု​ကို​စီရင်​ပေး​တော်မူ​ပါ​။ ကိုယ်တော့်​ကို​ပြစ်မှား​မိ​သော ကိုယ်တော့်​လူမျိုး​တော်​တို့​၏​အပြစ်​ကို ခွင့်လွှတ်​တော်မူ​ပါ​။ 40အို အကျွန်ုပ်​၏​ဘုရားသခင်​၊ ယခု မြင်​တော်မူ​လှည့်​ပါ​။ ဤ​နေရာ​တွင် ဆုတောင်း​သော​အသံ​ကို နားစွင့်​တော်မူ​ပါ​။ 41အို ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​နှင့် ကိုယ်တော်​၏​အစွမ်းတန်ခိုး​တည်​ရာ​သေတ္တာ​တော်​နှင့်အတူ စံ​တော်မူ​ရာ​နေရာ​သို့ ကြွ​တော်မူ​ပါ​။ အို ဘုရားသခင်​ထာဝရဘုရား​၊ ယဇ်ပုရောဟိတ်​တို့​သည် ကယ်တင်​ခြင်း​တန်ဆာ​ကို​ဝတ်ဆင်​၍ ကိုယ်တော်​၏​သန့်ရှင်း​သူ​တို့​သည်​လည်း ကိုယ်တော်​၏​ကောင်းမြတ်​ခြင်း​၌ ဝမ်းမြောက်​ကြ​ပါစေသော​။ 42အို ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​ဘိသိက်ပေး​တော်မူ​သော​သူ​ကို မျက်နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​အစေအပါး​ဒါဝိဒ်​မင်းကြီး​အပေါ်​ထား​သော ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို အောက်မေ့​တော်မူ​ပါ​”​ဟု တောင်းလျှောက်​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 6: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။