ရှင်ယောဟန်ခရစ်ဝင် 3

3
ယေရှုနှင့်နိကောဒင်
1ဖာရိရှဲ​တို့​ထဲတွင် နိကောဒင်​အမည်​ရှိ​သော ဂျူး​လူမျိုး​တို့​၏​အကြီးအကဲ​တစ်​ဦး​ရှိ​၏။ 2သူ​သည် ည​အခါ ယေရှု​ထံသို့​လာ​၍ “ရဗ္ဗိ၊ ကိုယ်တော်​သည် ဘုရားသခင်​ထံမှ​ကြွလာ​သော​ဆရာ​ဖြစ်​ကြောင်း​ကို အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​အတူ​ပါရှိ​တော်​မ​မူ​လျှင် ကိုယ်တော်​ပြု​နေ​သော ဤ​နိမိတ်​လက္ခဏာ​များ​ကို မည်သူမျှ ပြု​နိုင်​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။
3ယေရှု​က“သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ လူ​သည် အသစ်တစ်ဖန်​မွေးဖွား​ခြင်း​မ​ခံ​လျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို​မ​မြင်​နိုင်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။
4နိကောဒင်​က​လည်း “အသက်ကြီး​သော​သူ​သည် မည်ကဲ့သို့ မွေးဖွား​ခြင်း​ခံ​နိုင်​မည်နည်း။ သူ့​မိခင်​၏​ဝမ်း​ထဲသို့ နောက်တစ်ဖန်​ဝင်​၍ မွေးဖွား​ခြင်း​ကို​ခံ​နိုင်​ပါ​မည်​လော”​ဟု လျှောက်​လေ​၏။
5ယေရှု​က“သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ လူ​သည် ရေ​နှင့်​ဝိညာဉ်​တော်​အားဖြင့် မွေးဖွား​ခြင်း​ကို​မ​ခံ​လျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​မ​ဝင်​နိုင်။ 6အသွေး​အသား​အားဖြင့် မွေးဖွား​သော​အရာ​သည် အသွေး​အသား​ဖြစ်​၏။ ဝိညာဉ်​တော်​အားဖြင့် မွေးဖွား​သော​အရာ​သည် ဝိညာဉ်​ဖြစ်​၏။ 7‘သင်​တို့​သည် အသစ်တစ်ဖန်​မွေးဖွား​ခြင်း​ခံ​ရ​မည်’​ဟု ငါ​ဆို​သောကြောင့် မ​အံ့သြ​နှင့်။ 8လေ​သည် အလိုရှိ​ရာ​သို့​တိုက်​တတ်​၏။ သင်​သည် သူ့​အသံ​ကို​ကြား​ရ​သော်လည်း မည်သည့်​အရပ်​မှ​လာ​၍ မည်သည့်​အရပ်​သို့​သွား​သည်​ကို​မ​သိ။ ဝိညာဉ်​တော်​အားဖြင့် မွေးဖွား​သော​သူ​တိုင်း​လည်း ထိုနည်းတူ​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။
9နိကောဒင်​က​လည်း “ဤ​အရာ​တို့​သည် မည်သို့​ဖြစ်​နိုင်​ပါ​မည်နည်း”​ဟု လျှောက်​ပြန်​သော် 10ယေရှု​က“သင်​သည် အစ္စရေး​လူမျိုး​တို့​၏​ဆရာ​ဖြစ်​လျက်​နှင့် ဤ​အရာ​များ​ကို နား​မ​လည်​သလော။ 11သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ​တို့​သည် ကိုယ်​သိ​သော​အရာ​ကို​ပြောဆို​လျက် ကိုယ်​မြင်​သော​အရာ​ကို​သက်သေခံ​၏။ သို့သော် သင်​တို့​သည် ငါ​တို့​၏​သက်သေခံ​ချက်​ကို​လက်​မ​ခံ​ကြ။ 12လောက​နှင့်ဆိုင်သော​အရာ​များ​ကို သင်​တို့​အား ငါ​ပြော​၍ သင်​တို့​မ​ယုံကြည်​ကြ​လျှင် ကောင်းကင်​နှင့်ဆိုင်သော​အရာ​များ​ကို ငါ​ပြော​သောအခါ သင်​တို့​သည် မည်သို့​ယုံကြည်​ကြ​မည်နည်း။ 13ကောင်းကင်​မှ​ဆင်းသက်​သော​လူ့သား​မှတစ်ပါး ကောင်းကင်​သို့​တက်​သွား​ခဲ့​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ။ 14-15မောရှေ​သည် တော​ကန္တာရ​၌ မြွေ​ကို​မြှောက်​ထား​သကဲ့သို့ လူ့သား​သည်​လည်း သူ့​ကို​ယုံကြည်​သော​သူ​တိုင်း ထာဝရ​အသက်​ကို​ရရှိ​ရန် မြှောက်​ထား​ခြင်း​ခံရ​မည်။
16 ဘုရားသခင်​သည် မိမိ​၏​တစ်ပါးတည်း​သော​သား​တော်​ကို စွန့်​တော်မူ​သည့်​တိုင်အောင် လောကီသား​တို့​ကို​ချစ်​တော်မူ​၏။ ဤသည်ကား သား​တော်​ကို​ယုံကြည်​သော​သူ​တိုင်း မ​ပျက်စီး​ဘဲ ထာဝရ​အသက်​ကို​ရရှိ​စေရန်​ဖြစ်​၏။ 17ဘုရားသခင်​သည် သား​တော်​ကို ဤ​လောက​သို့​စေလွှတ်​တော်မူ​သည်​မှာ လောကီသား​တို့​ကို ပြစ်ဒဏ်​စီရင်​ရန်​မ​ဟုတ်။ လောကီသား​တို့​သည် သား​တော်​အားဖြင့် ကယ်တင်​ခြင်း​ခံရ​ရန်​အတွက်​ဖြစ်​၏။ 18သား​တော်​ကို​ယုံကြည်​သော​သူ​သည် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​မ​ခံရ။ မ​ယုံကြည်​သော​သူ​မူကား ဘုရားသခင်​၏​တစ်ပါးတည်း​သော​သား​တော်​၏​နာမ​တော်​ကို မ​ယုံကြည်​သောကြောင့် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​ပြီ​ဖြစ်​၏။ 19စီရင်​ဆုံးဖြတ်​ချက်​ကား ဤသို့​ဖြစ်​၏။ အလင်း​သည် ဤ​လောက​သို့​ရောက်ရှိ​ပြီ​ဖြစ်​သော်လည်း လူ​တို့​သည် မိမိ​တို့​ပြု​သော​အမှု​များ​မကောင်း​သောကြောင့် အလင်း​ထက် အမှောင်​ကို ပို၍​နှစ်သက်​ကြ​၏။ 20ဆိုးညစ်​သော​အမှု​များ​ကို ပြုကျင့်​သော​သူ​တိုင်း အလင်း​ကို​မုန်း​လျက် မိမိ​ပြု​သော​အမှု​များ ဖော်ပြ​ခြင်း​ခံရ​မည်​ကို​စိုးရိမ်​သဖြင့် အလင်း​ထံသို့​မ​ချဉ်းကပ်​ကြ။ 21သမ္မာတရား​ကို​ကျင့်သုံး​သော​သူ​မူကား မိမိ​ပြု​သော​အမှု​များ​သည် ဘုရားသခင်​အားဖြင့်​ပြု​ခြင်း​ဖြစ်​ကြောင်း ထင်ရှား​စေရန် အလင်း​ထံသို့​ချဉ်းကပ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။
ယေရှုနှင့်ဗတ္တိဇံဆရာယောဟန်
22ထို့နောက် ယေရှု​သည် တပည့်​တော်​တို့​နှင့်တကွ ယုဒ​နယ်​သို့​ကြွ​တော်မူ​ပြီး ထို​အရပ်​၌ သူ​တို့​နှင့်အတူ​နေ​လျက် ဗတ္တိဇံ​ပေး​တော်မူ​၏။ 23ယောဟန်​သည်​လည်း ရှာလိမ်​မြို့​အနီး အဲနုန်​အရပ်​တွင် ရေ​များစွာ​ရှိ​သောကြောင့် ထို​အရပ်​၌ ဗတ္တိဇံ​ပေး​လျက်​နေ​သဖြင့် လူ​တို့​သည်​လာ​၍ ဗတ္တိဇံ​ခံ​ကြ​၏။ 24(ယောဟန်​သည် ထောင်​ထဲ၌ ထည့်​ထား​ခြင်း​မ​ခံရ​သေး​သောကြောင့်​ဖြစ်​၏။) 25ထိုအခါ ယောဟန်​၏​တပည့်​တို့​သည် စင်ကြယ်​ခြင်း​ဝတ်​နှင့်​ပတ်သက်၍ ဂျူး​လူမျိုး​တစ်​ဦး​နှင့်​ငြင်းခုံ​ဆွေးနွေး​ကြ​၏။ 26သူ​တို့​သည် ယောဟန်​ထံသို့​လာ​၍ “ရဗ္ဗိ၊ ကြည့်​ပါ။ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၌ ရဗ္ဗိ​နှင့်အတူ​ရှိ​၍ ရဗ္ဗိ​က သက်သေခံ​ပေး​ခဲ့​သူ​သည် ဗတ္တိဇံ​ပေး​လျက်​နေ​သဖြင့် လူ​အပေါင်း​တို့​သည် သူ့​ထံသို့​သွား​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။ 27ယောဟန်​က “ကောင်းကင်​မှ​ပေး​တော်​မ​မူ​လျှင် လူ​သည် မည်သည့်​အရာ​ကို​မျှ​မ​ရ​နိုင်။ 28‘ငါ​သည် ခရစ်တော်​မ​ဟုတ်။ သူ့​ရှေ့၌​စေလွှတ်​ခြင်း​ခံရ​သူ​သာ​ဖြစ်​သည်’​ဟု ငါ​ပြော​ခဲ့​ကြောင်း သင်​တို့​ကိုယ်တိုင် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​၏။ 29သတို့သမီး​ကို​ရ​သော​သူ​သည် သတို့သား​ဖြစ်​၏။ သတို့သား​၏​အသံ​ကို ရပ်​လျက်​နားထောင်​နေ​သော သတို့သား​၏​မိတ်ဆွေ​မူကား သတို့သား​၏​အသံ​ကြောင့် ဝမ်းမြောက်​ဝမ်းသာ​ဖြစ်​၏။ သို့ဖြစ်၍ ငါ​သည်​လည်း ထို​ဝမ်းမြောက်​ခြင်း​နှင့် ပြည့်ဝ​လျက်​ရှိ​၏။ 30ထို​အရှင်​သည် တိုးပွား​ရ​မည်။ ငါ​မူကား ဆုတ်ယုတ်​ရ​မည်”​ဟု ပြန်ပြော​လေ​၏။
ကောင်းကင်ဘုံမှကြွလာသောသူ
31အထက်​မှ​ကြွလာ​သော​အရှင်​သည် အလုံးစုံ​တို့​၏​အထွတ်​ဖြစ်​၏။ မြေကြီး​မှ​ဖြစ်​သော​သူ​သည် မြေကြီး​နှင့်ဆိုင်​၍ မြေကြီး​နှင့်ဆိုင်သော​အရာ​ကို​ပြောဆို​တတ်​၏။ ကောင်းကင်​မှ​ကြွလာ​သော​အရှင်​သည် အလုံးစုံ​တို့​၏​အထွတ်​ဖြစ်​၏။ 32ကိုယ်တော်​သည် မိမိ​မြင်​ခဲ့၊ ကြား​ခဲ့​ရ​သော​အရာ​ကို သက်သေခံ​သော်လည်း ကိုယ်တော်​၏​သက်သေခံ​ချက်​ကို မည်သူမျှ​လက်​မ​ခံ​ကြ။ 33ကိုယ်တော်​၏​သက်သေခံ​ချက်​ကို လက်ခံ​သော​သူ​ကား ဘုရားသခင်​သည်​ဖြောင့်မှန်​တော်မူ​ကြောင်း တံဆိပ်​ခတ်နှိပ်​၏။ 34ဘုရားသခင်​စေလွှတ်​တော်မူ​သော​သူ​သည် ဘုရားသခင်​၏​စကား​တော်​များ​ကို​မြွက်ဆို​တတ်​၏။ အကြောင်းမူကား ဘုရားသခင်​သည် ဝိညာဉ်​တော်​ကို အတိုင်းအဆ​မ​ရှိ​ပေး​တော်မူ​၏။ 35ခမည်းတော်​သည် သား​တော်​ကို​ချစ်​တော်မူ​၍ အရာ​ခပ်သိမ်း​တို့​ကို သား​တော်​လက်​သို့​ပေးအပ်​တော်မူ​ပြီ။ 36သား​တော်​ကို​ယုံကြည်​သော​သူ​သည် ထာဝရ​အသက်​ကို​ရ​၏။ သား​တော်​ကို​မ​နာခံ​သော​သူ​မူကား အသက်​ကို​မ​တွေ့​မ​မြင်​ရ​သည်​သာမက ဘုရားသခင်​၏​အမျက်​တော်​သည် သူ့​အပေါ်၌​တည်​၏။

Korostus

Jaa

Kopioi

None

Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään

YouVersion käyttää evästeitä mukauttaakseen käyttökokemustasi. Käyttämällä verkkosivustoamme hyväksyt evästeiden käytön Tietosuojakäytännössämme kuvatulla tavalla