ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1

1
နှုတ်ခွန်းဆက်ခြင်း
1သက်ကြီးဝါကြီး​ဖြစ်​သော​ငါ​သည် သမ္မာတရား​၌​ငါ​ချစ်​သည့် ရွေးကောက်​ခံရ​သော ဂုဏ်သရေ​ရှိ​အမျိုးသမီး​နှင့် သူ​၏​သားသမီး​များ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ သင်​တို့​ကို ငါ​တစ်ဦးတည်း​သာ ချစ်​သည်​မ​ဟုတ်။ သမ္မာတရား​ကို​သိ​သော​သူ​အပေါင်း​တို့​သည်​လည်း သင်​တို့​ကို​ချစ်​ကြ​၏။ 2ဤသို့ ငါတို့​ချစ်​ကြ​သည်​မှာ ငါ​တို့​၌​တည်​နေ​၍ ငါ​တို့​နှင့်အတူ ကာလ​အစဉ်အဆက်​ရှိ​မည့် သမ္မာတရား​ကြောင့်​ဖြစ်​၏။
3ခမည်းတော်​ဘုရားသခင်​ထံမှ​လည်းကောင်း၊ ခမည်းတော်​၏​သား​တော် ယေရှု​ခရစ်တော်​ထံမှ​လည်းကောင်း ကျေးဇူး​တော်၊ ကရုဏာ​တော်​နှင့် ငြိမ်သက်​ခြင်း​သည် သမ္မာတရား​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​ကို​အမှီပြု​လျက် ငါ​တို့​၌​ရှိ​ပါစေသော။
သမ္မာတရားနှင့်ချစ်ခြင်းမေတ္တာ
4သင်​၏​သားသမီး​အချို့​တို့​သည် ခမည်းတော်​ဘုရား​ထံမှ ငါ​တို့​ခံယူ​ရရှိ​သော​ပညတ်​တော်​အတိုင်း သမ္မာတရား​၌ အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သည်​ကို တွေ့​ရ​သဖြင့် ငါ​အလွန်​ဝမ်းမြောက်​၏။ 5သို့ဖြစ်၍ ဂုဏ်သရေ​ရှိ​အမျိုးသမီး၊ ပညတ်​တော်​အသစ်​မ​ဟုတ်​ဘဲ အစအဦး​ကပင် ငါ​တို့​၌​ရှိ​သော​ပညတ်တော်​ကို သင့်​ထံ​ရေးသား​လျက် ငါ​တို့​အချင်းချင်း​ချစ်​ကြ​စို့​ဟု ယခု သင့်​အား ငါ​တောင်းပန်​၏။ 6ချစ်​ခြင်း​မေတ္တာ​ဆိုသည်မှာ ကိုယ်တော်​၏​ပညတ်​တော်​အတိုင်း အသက်ရှင်​လျှောက်လှမ်း​ခြင်း​ဖြစ်​၏။ ထို​ပညတ်​တော်​သည်​ကား အစအဦး​ကပင် သင်​တို့​ကြား​ရ​သည့်​အတိုင်း ချစ်​ခြင်း​မေတ္တာ​၌ အသက်ရှင်​လျှောက်လှမ်း​ခြင်း​ဖြစ်​၏။
7အကြောင်းမူကား ယေရှု​ခရစ်တော်​သည် လူသား​အဖြစ်​ဖြင့်​ကြွလာ​တော်မူ​ခဲ့​သည်​ကို ဝန်​မ​ခံ​သော​သူ​ဖြစ်​သည့် လှည့်ဖြား​သော​သူ​များစွာ​တို့​သည် ဤ​လောက​၌​ပေါ်လာ​ကြ​ပြီ။ ထိုသို့​သော​သူ​သည် လှည့်ဖြား​သော​သူ​ဖြစ်​ပြီး ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​လည်း​ဖြစ်​၏။ 8သင်​တို့​သည် ငါ​တို့​လုပ်ဆောင်​ခဲ့​သော​အရာ​ကို​မ​ဆုံးရှုံး​စေ​ဘဲ အကျိုးကျေးဇူး​ကို​အပြည့်အဝ​ခံစား​ရ​စေရန် မိမိ​တို့​ကိုယ်ကို​သတိပြု​ကြ​လော့။ 9ခရစ်တော်​၏​သွန်သင်​ချက်​၌​မ​တည်​ဘဲ ၎င်း​ကို​ကျော်လွန်​သော​သူ​တိုင်း​သည် ဘုရားသခင်​ကို​မ​ရရှိ​ပေ။ ထို​သွန်သင်​ချက်​၌​တည်​သော​သူ​သည် ခမည်းတော်​နှင့်​သား​တော်​ကို​ရရှိ​၏။ 10ဤ​သွန်သင်​ချက်​မ​ပါ​သော​သူ​သည် သင်​တို့​ထံသို့​လာ​လျှင် သူ့​ကို အိမ်​၌​လက်​မ​ခံ​ကြ​နှင့်။ နှုတ်ခွန်း​လည်း​မ​ဆက်​ကြ​နှင့်။ 11အကြောင်းမူကား ထိုသို့သော​သူ​ကို​နှုတ်ခွန်းဆက်​လျှင် သူ​၏​ဆိုးညစ်​သော​အမှု​၌ ပါဝင်​ရာ​ရောက်​၏။
နှုတ်ဆက်စကား
12သင်​တို့​ထံ ငါ​ရေး​စရာ​များစွာ​ရှိ​သော်လည်း စက္ကူ​နှင့်​မင်​ဖြင့်​ငါ​မ​ရေး​လို​ပေ။ ငါ​တို့​၏​ဝမ်းမြောက်​ခြင်း​ပြည့်ဝ​စုံလင်​မည့်​အကြောင်း သင်​တို့​ထံသို့​လာ​၍ မျက်နှာချင်းဆိုင်​စကား​ပြောဆို​ရန် ငါ​မျှော်လင့်​ထား​၏။
13ရွေးကောက်​ခံရ​သော သင့်​ညီမ​၏​သားသမီး​တို့​သည် သင့်​ကို​နှုတ်ဆက်​ကြ​၏။

Korostus

Jaa

Kopioi

None

Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään

YouVersion käyttää evästeitä mukauttaakseen käyttökokemustasi. Käyttämällä verkkosivustoamme hyväksyt evästeiden käytön Tietosuojakäytännössämme kuvatulla tavalla