ရှင်ယောဟန်ဩဝါဒစာပထမစောင် 5

5
1ယေရှု​သည် ခရစ်တော်​ဖြစ်​သည်​ဟု ယုံကြည်​သော​သူ​တိုင်း​သည် ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​ဖြစ်​၏။ ပေါက်ဖွား​စေ​တော်မူ​သော​အရှင်​ကို ချစ်​သော​သူ​တိုင်း​သည် ထို​အရှင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​ကို​လည်း​ချစ်​၏။ 2ငါ​တို့​သည် ဘုရားသခင်​ကို​ချစ်​၍ ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို​လိုက်နာ​ကျင့်သုံး​ကြ​လျှင် ထို​အမှုအရာ​အားဖြင့် ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ကို​ချစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ 3ဘုရားသခင်​ကို​ချစ်​ခြင်း​ဆိုသည်မှာ ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို စောင့်ထိန်း​ခြင်း​ပင်​ဖြစ်​၏။ ဘုရားသခင်​၏​ပညတ်​တော်​တို့​သည်​လည်း စောင့်ထိန်း​ရန်​ခဲယဉ်း​သည်​မ​ဟုတ်။ 4အကြောင်းမူကား ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​တိုင်း​သည် လောက​ကို​အောင်နိုင်​၏။ လောက​ကို​အောင်နိုင်​သော အောင်ပွဲ​မှာ ငါ​တို့​၏​ယုံကြည်​ခြင်း​ပင်​ဖြစ်​၏။ 5မည်သူ​သည် လောက​ကို​အောင်နိုင်​သနည်း။ ယေရှု​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်​ဟု ယုံကြည်​သော​သူ​ပင်​မ​ဟုတ်​လော။
သက်သေခံတော်မူချက်၏သေချာမှု
6ယေရှု​ခရစ်တော်​သည် ရေ​နှင့်​သွေး​အားဖြင့် ကြွလာ​တော်မူ​သော​အရှင်​ဖြစ်​၏။ ရေ​အားဖြင့်​သာ​မ​ဟုတ်​ဘဲ ရေ​နှင့်​သွေး​အားဖြင့်​ကြွလာ​တော်မူ​၏။ ဝိညာဉ်​တော်​သည် သက်သေခံ​သော​အရှင်​ဖြစ်​၏။ အကြောင်းမှာ ဝိညာဉ်​တော်​သည် သမ္မာတရား​ဖြစ်​တော်မူ​၏။ 7-8ဝိညာဉ်​တော်၊ ရေ၊ သွေး​တည်းဟူသော သက်သေ​သုံး​ပါး​ရှိ​၍ ထို​သုံး​ပါး​တို့​သည် တညီတညွတ်တည်း​ဖြစ်​ကြ​၏။ 9ငါ​တို့​သည် လူ​၏​သက်သေခံ​ချက်​ကို လက်ခံ​ကြ​သည်​ဆို​လျှင် ဘုရားသခင်​၏​သက်သေခံ​တော်မူ​ချက်​သည် ပို၍​ကြီးမြတ်​၏။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​၏​သက်သေခံ​တော်မူ​ချက်​သည် မိမိ​၏​သား​တော်​နှင့်​ပတ်သက်​၍​ပေး​ထား​သော​သက်သေခံ​တော်မူ​ချက်​ဖြစ်​၏။ 10ဘုရားသခင်​၏​သား​တော်​ကို​ယုံကြည်​သော​သူ​သည် ဤ​သက်သေခံ​ချက်​ကို မိမိ​အထဲ၌​ရရှိ​ထား​၏။ ဘုရားသခင်​ကို​မ​ယုံကြည်​သော​သူ​မူကား ဘုရားသခင်​ကို လိမ်လည်​သော​သူ​ဟု​ဆို​ရာ​ရောက်​၏။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​က မိမိ​၏​သား​တော်​နှင့်​ပတ်သက်၍ သက်သေခံ​တော်မူ​သော​သက်သေခံ​ချက်​ကို ထို​သူ​သည် မ​ယုံကြည်​သောကြောင့်​ဖြစ်​၏။ 11ထို​သက်သေခံ​ချက်​မှာ ဘုရားသခင်​သည် ငါ​တို့​အား ထာဝရ​အသက်​ကို​ပေး​တော်မူ​ပြီး ထို​အသက်​သည် ဘုရားသခင်​၏​သား​တော်​၌​ရှိ​၏​ဟူ၍ ဖြစ်​၏။ 12သား​တော်​ကို​ရရှိ​သော​သူ​သည် အသက်​ကို​ရ​၏။ ဘုရားသခင်​၏​သား​တော်​ကို​မ​ရရှိ​သော​သူ​မူကား အသက်​ကို​မ​ရ။
13ဘုရားသခင့်​သား​တော်​၏​နာမ​တော်​ကို​ယုံကြည်​သော​သင်​တို့​ထံ ဤ​အရာ​များ​ကို ငါ​ရေး​လိုက်​ခြင်း​မှာ သင်​တို့​သည် ထာဝရ​အသက်​ကို​ရရှိ​ပြီ​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​စေရန်​ဖြစ်​၏။
ထိရောက်သောဆုတောင်းချက်
14ဘုရားသခင်​၌ ငါ​တို့​ထားရှိ​သော​ယုံကြည်​စိတ်ချ​မှု​ကား ငါ​တို့​သည် အလို​တော်​နှင့်အညီ တစ်စုံတစ်ခု​ကို​တောင်းလျှောက်​လျှင် ဘုရားသခင်​သည်​နားညောင်း​တော်မူ​၏​ဟူ၍​ဖြစ်​၏။ 15ငါ​တို့​တောင်းလျှောက်​သမျှ​ကို နားညောင်း​တော်မူ​ကြောင်း ငါ​တို့​သိ​လျှင် ဘုရားသခင်​ထံ​တောင်းလျှောက်​ခဲ့​သော​အရာ​များ​ကို ငါ​တို့​ရရှိ​ပြီ​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။
16တစ်စုံတစ်ယောက်​သည် သေ​ခြင်း​သို့​မ​ပို့ဆောင်​သော​အပြစ်​မျိုး​ပြု​နေ​သည့် မိမိ​ညီအစ်ကို​ကို​တွေ့​လျှင် သူ​သည် ဆုတောင်း​ရ​မည်။ ထိုအခါ ဘုရားသခင်​သည် သေ​ခြင်း​သို့​မ​ပို့ဆောင်​သော​အပြစ်​ပြု​နေ​သည့် ထို​ညီအစ်ကို​အား အသက်​ကို​ပေး​တော်မူ​လိမ့်မည်။ သေ​ခြင်း​သို့​ပို့ဆောင်​သော​အပြစ်​မျိုး​ရှိ​၏။ ထိုသို့​သော​အပြစ်​အတွက် တောင်းလျှောက်​ရ​မည်​ဟု ငါ​မ​ဆို​လို။ 17မတရားမှု​ရှိသမျှ​သည် အပြစ်​ဖြစ်​၏။ သို့သော် သေ​ခြင်း​သို့​မ​ပို့ဆောင်​သော​အပြစ်​မျိုး​လည်း​ရှိ​၏။
နိဂုံး
18ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​သည် အပြစ်​ပြု​နေ​ခြင်း​မ​ရှိ​ကြောင်း ငါ​တို့​သိ​ကြ​၏။ ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​အရှင်​သည် သူ့​ကို​စောင့်ရှောက်​တော်မူ​သောကြောင့် မာရ်နတ်​သည် သူ့​ကို​မ​ထိခိုက်​နိုင်။ 19ငါ​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​ကြ​သည်​ကို​လည်းကောင်း၊ ကမ္ဘာ​လောက​တစ်ခုလုံး​သည် မာရ်နတ်​လက်​အောက်​၌​ရှိ​သည်​ကို​လည်းကောင်း ငါ​တို့​သိ​ကြ​၏။ 20ဘုရားသခင်​၏​သား​တော်​သည် ကြွလာ​၍ စစ်မှန်​သော​ဘုရားသခင်​ကို​သိရှိ​နိုင်​သည့် အသိဉာဏ်​ကို ငါ​တို့​အား​ပေး​တော်မူ​သည်​ကို​လည်း ငါ​တို့​သိ​ကြ​၏။ ထို့ကြောင့် ငါ​တို့​သည် စစ်မှန်​သော​ဘုရားသခင်​၌​လည်းကောင်း၊ ဘုရားသခင်​၏​သား​တော်​ယေရှု​ခရစ်တော်​၌​လည်းကောင်း ရှိ​ကြ​၏။ ကိုယ်တော်​သည် စစ်မှန်​သော​ဘုရားသခင်​ဖြစ်​တော်မူ​ပြီး ထာဝရ​အသက်​လည်း​ဖြစ်​တော်မူ​၏။
21သားသမီး​တို့၊ ရုပ်တု​များ​ကို​ရှောင်ကြဉ်​ကြ​လော့။

Korostus

Jaa

Kopioi

None

Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään

YouVersion käyttää evästeitä mukauttaakseen käyttökokemustasi. Käyttämällä verkkosivustoamme hyväksyt evästeiden käytön Tietosuojakäytännössämme kuvatulla tavalla