YouVersion Logo
Search Icon

ဟဂ္ဂဲ 1

1
အိမ်တော်​ပြန်​လည်​ဆောက်​ရန်အ​မိန့်​ပေး ခြင်း
1ဒါ​ရိ​မင်း​ကြီး နန်း​စံ​နှစ်​နှစ်၊ ဆ​ဋ္ဌ​မ​လ တစ်​ရက်​နေ့​တွင်၊ ပ​ရော​ဖက်​ဟ​ဂ္ဂဲ​အား​ဖြင့် ယု​ဒ​မြို့​ဝန်၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား​ယော​ရှု​ဆီ​သို့ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ရောက်​လာ၍၊#ဧ​ဇ၊ ၄:၂၄-၅:၂၊ ၆:၁၄။ 2ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ချိန်​မ​ရောက်​သေး၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို တည်​ဆောက်​ရ​သော အ​ချိန်​မ​ရောက်​သေး​ဟု၊ ဤ​လူ​များ​ပြော​ဆို​ကြ​သည်​မှာ၊ 3ပ​ရော​ဖက် ဟ​ဂ္ဂဲ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ရောက်​လာ​သည်​ကား၊ 4အ​ချင်း​လူ​တို့၊ သင်​တို့​သည် အ​မိုး​နှစ်​ထပ်​နှင့် ပြည့်​စုံ​သော​အိမ်၌ နေ​ချိန်​ရှိ​လျက်​ပင်၊ အိမ်​တော်​ပျက်​လျက် နေ​ရ​မည်​လော။ 5ယ​ခု​မှာ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​ကျင့်​သော အ​ကျင့်​တို့​ကို​ဆင်​ခြင်​ကြ​လော့။ 6သင်​တို့​သည် များ​စွာ​သော မျိုး​စေ့​ကို ကြဲ​သော်​လည်း အ​သီး​အ​နှံ​နည်း​ပါး​ရ၏။ စား​ရ​သော်​လည်း ဝ​စွာ​မ​စား​ရ​ကြ။ သောက်​သော်​လည်း ဝ​စွာ မ​သောက်​ရ​ကြ။ အ​ဝတ်​ကို​ဝတ်​ရ​သော်​လည်း နွေး​စွာ မ​ဝတ်​ရ​ကြ။ အ​လုပ်​လုပ်၍ အ​ခ​ကို​ခံ​ရ​သော်​လည်း မ​လုံ​သော​အိတ်​ထဲ​မှာ သို​ထား​ရ​ကြ၏။
7ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​အ​ကျင့်​တို့​ကို ဆင်​ခြင်​ကြ​လော့။ 8တောင်​ပေါ်​သို့​တက်​သွား၍ သစ်​သား​ကို​ဆောင်​ခဲ့​ပြီး​လျှင် အိမ်​တော်​ကို ဆောက်​ကြ​လော့။ ငါ​သည်​လည်း​အား​ရ၍ ငါ၏​ဘုန်း​သည် ထင်​ရှား​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 9သင်​တို့​သည် များ​စွာ​ရ​မည်​ဟု မျှော်​လင့်​သော်​လည်း ရ​သော​ဥ​စ္စာ​ခေါင်း​ပါး​ရ၏။ အိမ်​သို့ ရောက်​သော​အ​ခါ ငါ​မှုတ်​လိုက်၏။ အ​ဘယ်​ကြောင့်​နည်း​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။ ငါ့​အိမ်​သည် ပျက်​လျက်​ရှိ​သော​ကြောင့်​လည်း​ကောင်း၊ သင်​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အိမ်​သို့​ပြေး​သော​ကြောင့်​လည်း​ကောင်း ဖြစ်​သ​တည်း။ 10ထို​ကြောင့် သင်​တို့​အ​ပေါ်​မှာ မိုး​ခေါင်​သ​ဖြင့် နှင်း​မ​ကျ​ရ။ မြေ​သည်​လည်း အ​သီး​အ​နှံ​ကို မ​ပေး​ရ။ 11မြေ​ပေါ်၌​လည်း​ကောင်း၊ တောင်​ပေါ်၌​လည်း​ကောင်း၊ ဆန်​စ​ပါး၊ ချို​သော​စ​ပျစ်​ရည်၊ ဆီ​အ​ပေါ်၌​လည်း​ကောင်း၊ မြေ​ထဲ​က​ထွက်​သ​မျှ အ​ပေါ်၌​လည်း​ကောင်း၊ လူ​သ​တ္တ​ဝါ​တိ​ရ​စ္ဆာန် အ​ပေါ်၌​လည်း​ကောင်း၊ လုပ်​ဆောင်​သ​မျှ​အ​ပေါ်၌​လည်း​ကောင်း၊ သွေ့​ခြောက်​ခြင်း​ဘေး​ကို ငါ​မှာ​လိုက်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။
အ​မိန့်​တော်​ကို​လိုက်​နာ​ခြင်း
12ထို​အ​ခါ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား ယော​ရှု​မှ​စ၍ ကျန်​ကြွင်း​သော သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို​လည်း​ကောင်း၊ မိ​မိ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း​တော်​မူ​သော ပ​ရော​ဖက်​ဟ​ဂ္ဂဲ စ​ကား​ကို​လည်း​ကောင်း နား​ထောင်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြောက်​ရွံ့​ကြ၏။ 13ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား၏​တ​မန်​ဟ​ဂ္ဂဲ​က၊ ငါ​သည် သင်​တို့​နှင့် အ​တူ​ရှိ၏​ဟု၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို လူ​များ​တို့​အား ဆင့်​ဆို​လေ၏။ 14ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ယု​ဒ​မြို့​ဝန်၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား ယော​ရှု​မှ​စ၍ ကျန်​ကြွင်း​သော သူ​အ​ပေါင်း​တို့​ကို နှိုး​ဆော်​တော်​မူ​သော​အား​ဖြင့်၊ 15ဒါ​ရိ​မင်း​ကြီး နန်း​စံ​နှစ်​နှစ်၊ ဆ​ဋ္ဌ​မ​လ နှစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ သူ​တို့​သည် လာ၍ မိ​မိ​တို့​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်၌ အ​လုပ်​လုပ်​ကြ၏။

Currently Selected:

ဟဂ္ဂဲ 1: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy