YouVersion Logo
Search Icon

၃ ဓမ္မရာဇဝင် 22

22
အာ​ဟပ်​အား​မိ​က္ခာ​သ​တိ​ပေး​ခြင်း
(၆​ရာ၊ ၁၈:၂-၂၇)
1ရှု​ရိ​ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​သည် စစ်​မ​တိုက်​ဘဲ သုံး​နှစ်​နေ​ပြီး​မှ၊ 2တ​တိ​ယ​နှစ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​ဖတ်​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ထံ​သို့ လာ၏။ 3ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က​လည်း၊ ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​သည် ငါ​တို့​နိုင်​ငံ​အ​ဝင်​ဖြစ်​သည်​ကို သင်​တို့​မ​သိ​လော။ ငါ​တို့​သည် ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ မ​နုတ်​မ​ယူ​ဘဲ ငြိမ်​သက်​စွာ နေ​ကြ​ပြီ​တ​ကား​ဟု မိ​မိ​ကျွန်​တို့​အား​ဆို၏။ 4ယော​ရှ​ဖတ်​မင်း​အား​လည်း၊ ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ ငါ​နှင့်​အ​တူ စစ်​ချီ​မည်​လော​ဟု မေး​လျှင်၊ ယော​ရှ​ဖတ်​က၊ ငါ​သည်​မင်း​ကြီး​ကဲ့​သို့ ဖြစ်၏။ ငါ့​လူ​တို့​သည် မင်း​ကြီး၏​လူ​ကဲ့​သို့​လည်း​ကောင်း၊ ငါ့​မြင်း​တို့​သည် မင်း​ကြီး၏​မြင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​သည်​ဟု ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အား ပြန်​ပြော၏။
5တစ်​ဖန် ယော​ရှ​ဖတ်​က၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ကို ယ​နေ့​မေး​မြန်း​ပါ​လော့​ဟု ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အား​ဆို​သော်၊ 6ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ပ​ရော​ဖက်​လေး​ရာ​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ငါ​သည်​ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကောင်း​သ​လော။ မ​ချီ​ဘဲ နေ​ကောင်း​သ​လော​ဟု​မေး​သော်၊ သူ​တို့​က ချီ​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး၏​လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု လျှောက်​ကြ၏။ 7ယော​ရှ​ဖတ်​က​လည်း၊ ငါ​တို့​မေး​မြန်း​စ​ရာ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရော​ဖက် တစ်​စုံ​တစ်​ပါး​မျှ မ​ရှိ​သ​လော​ဟု မေး​သော်၊ 8ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ ထာ​ဝ​ရ​ဘု​ရား​ကို မေး​မြန်း​ရ​သော​သူ​တစ်​ယောက် ဣ​မ​လ​သား မိ​က္ခာ​ရှိ​သေး၏။ သို့​ရာ​တွင် ထို​သူ​ကို ငါ​မုန်း၏။ ငါ၌ မင်္ဂ​လာ​စ​ကား​ကို မ​ဟော။ အ​မင်္ဂ​လာ​စ​ကား​ကို​သာ ဟော​တတ်​သည်​ဟု ယော​ရှ​ဖတ်​အား​ဆို​လျှင်၊ ယော​ရှ​ဖတ်​က ထို​သို့ မင်း​ကြီး​မ​ပြော​ပါ​နှင့်​ဟု ပြန်​ဆို၏။ 9ထို​အ​ခါ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် အ​ရာ​ရှိ​တစ်​ယောက်​ကို​ခေါ်၍၊ ဣ​မ​လ​သား​မိ​က္ခာ​ကို အ​လျင်​အ​မြန်​ခေါ်​ခဲ့​ဟု မိန့်​တော်​မူ၏။ 10ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​ဖတ်​တို့​သည် မင်း​မြောက်​တန်​ဆာ​ကို ဝတ်​ဆင်​လျက် ရှ​မာ​ရိ​မြို့​တံ​ခါး​ဝ​ရှေ့၊ ဟင်း​လင်း​သော​အ​ရပ်၌ ရာ​ဇ​ပ​လ္လင်​တို့​အ​ပေါ်​မှာ​ထိုင်၍၊ ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ဟော​ပြော​ကြ၏။ 11ခေ​နာ​နာ​သား ဇေ​ဒ​ကိ​သည် သံ​ဦး​ချို​တို့​ကို​လုပ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​တော်​သည် ရှု​ရိ​လူ​တို့​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် ဤ​ဦး​ချို​တို့​နှင့် တိုး​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။ 12ပ​ရော​ဖက်​အ​ပေါင်း​တို့​က​လည်း၊ ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​သို့ စစ်​ချီ၍ အောင်​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး၏ လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု ပ​ရော​ဖက်​ပြု၍ ဟော​ကြ၏။ 13မိ​က္ခာ​ကို​ခေါ်​သော​တ​မန်​က၊ ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် မင်္ဂ​လာ​စ​ကား​ကို​သာ ရှင်​ဘု​ရင်​အား တ​ညီ​တ​ညွတ်​တည်း ဟော​ကြ၏။ ကိုယ်​တော်​လည်း သူ​တို့​ဟော​ကြ​သည်​နည်း​တူ မင်္ဂ​လာ​စ​ကား​ကို​သာ ဟော​တော်​မူ​ပါ​ဟု​ဆို​လျှင်၊ 14မိ​က္ခာ​က၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော စ​ကား​ကို​သာ ငါ​ပြန်​ပြော​ရ​မည်​ဟု ဆို၏။
15ရှင်​ဘု​ရင်​ထံ​သို့ ရောက်​သော​အ​ခါ ရှင်​ဘု​ရင်​က၊ အ​ချင်း​မိ​က္ခာ၊ ငါ​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကောင်း​သ​လော။ မ​ချီ​ဘဲ​နေ​ကောင်း​သ​လော​ဟု မေး​လျှင်၊ မိ​က္ခာ​က၊ စစ်​ချီ၍​အောင်​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး၏​လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု ပြန်​လျှောက်၏။ 16ရှင်​ဘု​ရင်​က​လည်း၊ မှန်​သော​စ​ကား​မှ​တစ်​ပါး အ​ခြား​သော​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် သင်​သည် ငါ့​အား​မ​ဟော​မည်​အ​ကြောင်း၊ ငါ​သည် ဘယ်​နှစ်​ကြိမ်​တိုင်​အောင် သင့်​အား​အ​ကျိန်​ပေး​ရ​မည်​နည်း​ဟု မေး​သော်၊ 17မိ​က္ခာ​က၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိုး​ထိန်း​မ​ရှိ​သော​သိုး​ကဲ့​သို့၊ တောင်​များ​အ​ပေါ်​မှာ အ​ရပ်​ရပ်​ကွဲ​ပြား​လျက် ရှိ​ကြ​သည်​ကို ငါ​မြင်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​သူ​အ​ပေါင်း​တို့​သည် အ​ရှင်​မ​ရှိ​သော​ကြောင့် အ​သီး​အ​သီး ကိုယ်​နေ​ရာ​သို့ ပြန်​ကြ​ပါ​လေ​စေ​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​ဆို၏။#တော၊ ၂၇:၁၇။ မ၊ ၉:၃၆။ မာ၊ ၆:၃၆။ 18ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က​လည်း၊ သူ​သည် ငါ၌ မင်္ဂ​လာ​စ​ကား​ကို​မ​ဟော၊ အ​မင်္ဂ​လာ​စ​ကား​ကို​သာ ဟော​တတ်​သည်​ဟု မင်း​ကြီး​အား ငါ​မ​ပြော​သ​လော​ဟု ယော​ရှ​ဖတ်​အား​ဆို၏။ 19မိ​က္ခာ​က​လည်း၊ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကောင်း​ကင် ဗိုလ်​ခြေ​အ​ပေါင်း​တို့​သည် လက်​ယာ​တော်​ဘက် လက်​ဝဲ​တော်​ဘက်၌ ရပ်​နေ​ကြ​သည်​ကို​လည်း​ကောင်း ငါ​မြင်​ပြီ။#ယောဘ၊ ၁:၆၊ ဟေရှာ၊ ၆:၁။ 20ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အာ​ဟပ်​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ၍ ဆုံး​စေ​ခြင်း​ငှာ အ​ဘယ်​သူ သွေး​ဆောင်​မည်​နည်း​ဟု မေး​တော်​မူ​လျှင်၊ အ​ခြံ​အ​ရံ​တော်​တို့​သည် တစ်​ယောက်​တစ်​နည်း​စီ ပြန်​လျှောက်​ကြ၏။ 21တစ်​ဖန် ဝိ​ညာဉ်​တစ်​ပါး​သည်​လာ၍ ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌​ရပ်​လျက်၊ အ​ကျွန်ုပ်​သွေး​ဆောင်​ပါ​မည်​ဟု​လျှောက်​လျှင်၊ 22ထာ​ဝ​ရ​ဘု​ရား​က အ​ဘယ်​သို့​သွေး​ဆောင်​မည်​နည်း​ဟု မေး​တော်​မူ​သော်၊ အ​ကျွန်ုပ်​သွား၍ ထို​မင်း​ကြီး၏​ပ​ရော​ဖက်​အ​ပေါင်း​တို့​ထဲ​မှာ မု​သား​စ​ကား​ကို​ပြော​တတ်​သော စိတ်​ဝိ​ညာဉ်​ဖြစ်​ပါ​မည်​ဟု ပြန်​လျှောက်​သော်၊ သင်​သည် သွေး​ဆောင်၍ နိုင်​လိမ့်​မည်။ ထို​သို့​သွား၍ ပြု​လော့​ဟု မိန့်​တော်​မူ၏။ 23သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် မု​သား​စ​ကား​ကို ပြော​တတ်​သော စိတ်​ဝိ​ညာဉ်​ကို မင်း​ကြီး၏​ပ​ရော​ဖက်​အ​ပေါင်း​တို့၌ သွင်း​တော်​မူ​ပြီ။ မင်း​ကြီး၏​အ​မှု​မှာ အ​မင်္ဂ​လာ​စ​ကား​ကို ပြော​တော်​မူ​ပြီ​ဟု ဟော​လေ၏။ 24ထို​အ​ခါ ခေ​နာ​နာ၏​သား​ဇေ​ဒ​ကိ​သည် ချဉ်း​လာ၍ မိ​က္ခာ၏​ပါး​ကို​ပုတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် သင်​နှင့်​နှုတ်​ဆက်​ခြင်း​ငှာ အ​ဘယ်​လမ်း​ဖြင့် ငါ​မှ​ထွက်​တော်​မူ​သ​နည်း​ဟု မေး​လျှင်၊ 25မိ​က္ခာ​က၊ သင်​သည်​ပုန်း​ရှောင်၍ နေ​ခြင်း​ငှာ အ​တွင်း​ခန်း​ထဲ​သို့ ဝင်​သော​နေ့၌ သင်​မြင်​လိမ့်​မည်​ဟု ဆို၏။ 26ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ မိ​က္ခာ​ကို မြို့​ဝန်​မင်း​အာ​မုန်​ထံ၊ သား​တော်​ယော​ရှ​ထံ​သို့ ယူ​သွား၍၊ 27ဤ​သူ​ကို ထောင်​ထဲ​မှာ လှောင်​ထား​ကြ။ ငါ​သည် ငြိမ်​ဝပ်​စွာ​ပြန်၍ မ​လာ​မီ​တိုင်​အောင် ဆင်း​ရဲ​စွာ​စား​သောက်​စေ​ဟု အ​မိန့်​တော်​ရှိ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု စီ​ရင်၏။ 28မိ​က္ခာ​က​လည်း၊ မင်း​ကြီး​သည် ငြိမ်​ဝပ်​စွာ​ပြန်​လာ​ရ​လျှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဖြင့် မိန့်​တော်​မ​မူ၊ အို​လူ​များ​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့​ဟု ဆို၏။
အာ​ဟပ်​ကွယ်​လွန်​ခြင်း
(၆ ရာ၊ ၁၈:၂၈-၃၄)
29ထို​သို့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ်​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကြ၏။ 30ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ ငါ​သည်​ခြား​နား​သော အ​ယောင်​ကို​ဆောင်၍ စစ်​ပွဲ​ထဲ​သို့​ဝင်​မည်။ မင်း​ကြီး​မူ​ကား မင်း​မြောက်​တန်​ဆာ​ကို ဝတ်​ဆင်​ပါ​လော့​ဟု ယော​ရှ​ဖတ်​အား​ဆို​ပြီး​မှ၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ခြား​နား​သော​အ​ယောင်​ကို​ဆောင်​လျက် စစ်​ပွဲ​ထဲ​သို့​ဝင်၏။ 31ရှု​ရိ​ရှင်​ဘု​ရင်​က၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​မှ​တစ်​ပါး အ​ခြား​သော လူ​ကြီး​လူ​ငယ်​ကို​မ​တိုက်​နှင့်​ဟု ရ​ထား​စီး​သူ​ရဲ​များ​ကို အုပ်​သော ဗိုလ်​သုံး​ကျိပ်​နှစ်​ယောက်​တို့​ကို မှာ​ထား​နှင့်​သော​ကြောင့်၊ 32ရ​ထား​စီး​သူ​ရဲ​အုပ် ဗိုလ်​မင်း​တို့​သည် ယော​ရှ​ဖတ်​ကို​မြင်​သော​အ​ခါ၊ အ​ကယ်​စင်​စစ် ထို​သူ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ဖြစ်​လိမ့်​မည်​ဟု​ဆို​လျက် သူ့​ကို​တိုက်​အံ့​သော​ငှာ လမ်း​လွှဲ​ကြ၍၊ ယော​ရှ​ဖတ်​လည်း ကြွေး​ကြော်​လေ၏။ 33ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ဟုတ်​ကြောင်း​ကို ရ​ထား​စီး​သူ​ရဲ​အုပ်​ဗိုလ်​မင်း​တို့​သည် ရိပ်​မိ​သော​အ​ခါ၊ မ​လိုက်​ဘဲ အ​ခြား​သို့​ရှောင်​သွား​ကြ၏။ 34လူ​တစ်​ယောက်​သည် မ​ရွယ်​ဘဲ လေး​နှင့်​ပစ်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ကို သံ​ချပ်​အင်္ကျီ​အ​ဆစ်​ကြား​မှာ မှန်​လေ​သော်၊ ငါ့​ကို​စစ်​ပွဲ​ထဲ​က​လှည့်၍ ထုတ်​ဆောင်​လော့။ ငါ​နာ​သည်​ဟု မိ​မိ​ရ​ထား​တော်​ထိန်း​ကို​ဆို၏။ 35ထို​နေ့၌ တိုး၍​တိုက်​ကြ၏။ ရှင်​ဘု​ရင်​သည် ရှု​ရိ​လူ​တစ်​ဖက်​တစ်​ချက်၌ ရ​ထား​တော်​ထဲ​မှာ လူ​ကို​မှီ၍ ထိုင်​နေ၏။ ညဉ့်​ဦး​ယံ၌ အ​သက်​တော်​ကုန်၏။ ထိ​ခိုက်​ရာ အ​နာ​မှ​အ​သွေး​သည် ရ​ထား​ထဲ​သို့​ယို၏။ 36လူ​အ​ပေါင်း​တို့၊ ကိုယ်​နေ​သော​မြို့​ပြည်​သို့ ပြန်​သွား​ကြ​ဟု နေ​ဝင်​သော​အ​ခါ တစ်​တပ်​လုံး​ကို ကြွေး​ကြော်​လေ၏။ 37ထို​သို့ ရှင်​ဘု​ရင်​သေ၍ ရှ​မာ​ရိ​မြို့​သို့​ရောက်​သ​ဖြင့် သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ၏။ 38ရ​ထား​တော်​နှင့် လက်​နက်​တော်​ကို ရှ​မာ​ရိ​မြို့​ရေ​ကန်၌ ဆေး​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​နှင့်​အ​ညီ ခွေး​တို့​သည် အ​သွေး​ကို​လျက်​ကြ၏။ 39အာ​ဟပ်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် တည်​ဆောက်​သော ဆင်​စွယ်​နန်း၊ ပြု​စု​သော​မြို့​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 40အာ​ဟပ်​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ သား​တော်​အာ​ခ​ဇိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။
ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ်
(၆​ရာ၊ ၂၀:၃၁-၂၁:၁)
41ဣ​သ​ရေ​လ​ရှင်​ဘု​ရင် အာ​ဟပ်​နန်း​စံ​လေး​နှစ်​တွင် အာ​သ​သား​ယော​ရှ​ဖတ်​သည် အ​သက်​သုံး​ဆယ်​ငါး​နှစ်​ရှိ​သော် ယု​ဒ​နိုင်​ငံ​ကို​အ​စိုး​ရ၍၊ 42ယေ​ရု​ရှ​လင်​မြို့၌ နှစ်​ဆယ်​ငါး​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား ရှိ​လ​ဟိ​သ​မီး အ​ဇု​ဘ​အ​မည်​ရှိ၏။ 43ထို​မင်း​သည် ခ​မည်း​တော်​အာ​သ​လိုက်​သော​လမ်း​ကို မ​လွှဲ၊ အ​ကုန်​အ​စင်​လိုက်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြောင့်​မတ်​သော အ​ကျင့်​ကို​သာ ကျင့်၏။ သို့​ရာ​တွင် မြင့်​သော​အ​ရပ်​တို့​ကို မ​ပယ်​ရှား​သော​ကြောင့်၊ လူ​တို့​သည် ထို​အ​ရပ်​တို့၌ ယဇ်​ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ၏။ 44ယော​ရှ​ဖတ်​မင်း​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် စစ်​မ​တိုက်၊ မိတ်​သ​ဟာ​ယ​ဖွဲ့​လေ၏။ 45ယော​ရှ​ဖတ်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် တန်​ခိုး​ကြီး​ခြင်း၊ စစ်​တိုက်​ခြင်း​အ​ရာ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 46ခ​မည်း​တော်​အာ​သ​လက်​ထက်၌ ကျန်​ကြွင်း​သေး​သော ယောက်ျား​အ​လို​သို့ လိုက်​တတ်​သော မိန်း​မ​လျှာ​တို့​ကို ပြည်​တော်​မှ သုတ်​သင်​ပယ်​ရှင်း​လေ၏။ 47ထို​ကာ​လ၊ ဧ​ဒုံ​ပြည်၌ ရှင်​ဘု​ရင်​မ​ရှိ။ ယု​ဒ​ရှင်​ဘု​ရင်​ခန့်​ထား​သော မြို့​ဝန်​မင်း စီ​ရင်​ရ၏။ 48ယော​ရှ​ဖတ်​သည် ဩ​ဖိ​ရ​ပြည်​သို့ စေ​လွှတ်၍၊ ရွှေ​ကို​ယူ​စေ​ခြင်း​ငှာ တာ​ရှု​သင်္ဘော​တို့​ကို ဧ​ဇ​ယုန်​ဂါ​ဗာ​မြို့​မှာ တည်၏။ 49အာ​ဟပ်​သား အာ​ခ​ဇိ​က၊ ငါ့​ကျွန်​တို့​သည် မင်း​ကြီး​ကျွန်​တို့​နှင့် သင်္ဘော​စီး​ပါ​စေ​ဟု ယော​ရှ​ဖတ်၌ အ​ခွင့်​တောင်း၍ ယော​ရှ​ဖတ်​သည် အ​ခွင့်​ပေး၏။ သို့​သော်​လည်း သင်္ဘော​တို့​သည် ဧ​ဇ​ယုန်​ဂါ​ဗာ​မြို့​မှာ ကျိုး​ပဲ့​သော​ကြောင့်၊ ဩ​ဖိ​ရ​မြို့​သို့ မ​သွား​ရ။ 50ယော​ရှ​ဖတ်​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍ သူ​တို့​နှင့်​အ​တူ အ​ဘ​ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော်​ယ​ဟော​ရံ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။
ဣ​သ​ရေ​လ​ဘု​ရင်​အာ​ခ​ဇိ
51ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ် နန်း​စံ ဆယ်​ခု​နစ်​နှစ်​တွင်၊ အာ​ဟပ်​သား​အာ​ခ​ဇိ​သည် ရှ​မာ​ရိ​မြို့၌​မင်း​ပြု၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို နှစ်​နှစ်​စိုး​စံ၏။ 52ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ မိ​ဘ​လိုက်​သော​လမ်း၊ ဣ​သ​ရေ​အ​မျိုး​ကို ပြစ်​မှား​စေ​သော နေ​ဗတ်၏​သား ယေ​ရော​ဗောင်​လိုက်​သော လမ်း​သို့ လိုက်​လေ၏။ 53ဗာ​လ​ဘု​ရား​ကို ဝတ်​ပြု​ကိုး​ကွယ်၍၊ အ​ဘ​ကျင့်​လေ​သ​မျှ​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​ကို နှိုး​ဆော်​သ​တည်း။
ဓ​မ္မ​ရာ​ဇ​ဝင်​တ​တိ​ယ​စောင်​ပြီး၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy