Psalms 9
9
1အို ဘုရားရှင်၊ အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းဖြင့် ကိုယ်တော်အား ချီးမွမ်းပါမည်။ ကိုယ်တော် ပြုတော်မူသည့် အံဖွယ်အမှုအားလုံးတို့အား ပြောကြားပါမည်။ 2အို အမြင့်ဆုံးသောအရှင်၊ ကိုယ်တော်ထံတွင် ဝမ်းမြောက်ရွှင်လန်းပါမည်။ ကိုယ်တော်၏ နာမတော်ကို သီဆိုချီးမွမ်းပါမည်။ 3ကိုယ်တော် ကြွလာတော်မူသည့်အခါ အကျွန်ုပ်၏ ရန်သူတို့သည် ဆုတ်ခွာထွက်ပြေးကြပါ၏။ သူတို့သည် လဲကျသေဆုံးကြပါ၏။ 4အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်အတွက် တရားမျှတမှုအား ဆောင်ကြဉ်းပေး၍ အကျွန်ုပ်၏ အမှုကိစ္စများကို ဆောင်ရွက်ပေးတော်မူပြီဖြစ်၏။ ကိုယ်တော်သည် ပလ္လင်ပေါ်တွင် စံတော်မူ၍ ဖြောင့်မှန်စွာ တရားစီရင်တော်မူပြီဖြစ်၏။ 5ကိုယ်တော်သည် ဘုရားမဲ့သူတို့အား အပြစ်ဒဏ်စီရင်တော်မူပြီဖြစ်၏။ သူယုတ်မာတို့အား ဖျက်စီးပစ်တော်မူသဖြင့် သူတို့၏လူမျိုးသည် ပျောက်ကွယ်သွားလိမ့်မည်။ 6အကျွန်ုပ်၏ ရန်သူများသည် ထာဝစဉ် ရှုံးနိမ့်ကျလေပြီဖြစ်၏။ ကိုယ်တော်သည် သူတို့၏မြို့ကြီးများအား ဖြိုဖျက်တော်မူသဖြင့် ထိုမြို့များနှင့်ပတ်သက်သည့် အောက်မေ့သတိစရာများသည် ပျောက်ကွယ်သွားပြီဖြစ်၏။ 7သို့သော် ဘုရားရှင်သည် အစဉ်အမြဲ စိုးစံတော်မူ၏၊ ကိုယ်တော်သည် တရားစီရင်ရန် ပလ္လင်တော်ကို တည်တော်မူလေပြီဖြစ်၏။ 8ကိုယ်တော်သည် ကမ္ဘာလောကအား ဖြောင့်မတ်စွာ တရားစီရင်၍ လူအပေါင်းတို့အား သမာသမတ်ရှိစွာဖြင့် စစ်ဆေးစီရင်တော်မူ၏။ 9ဘုရားရှင်သည် ဖိနှိပ်ခြင်းခံရသူတို့၏ ခိုလှုံရာ၊ ဆင်းရဲဒုက္ခရောက်ချိန်များ၌ ဘေးကင်းလုံခြုံရာ ဖြစ်တော်မူ၏။ 10ကိုယ်တော်၏ နာမတော်ကို သိကြသောသူတို့သည် ကိုယ်တော်အား ယုံကြည်ကိုးစားကြပါလိမ့်မည်။ အကြောင်းမူကား အို ဘုရားရှင်၊ ကိုယ်တော်သည် ကိုယ်တော်အား ရှာဖွေကြသောသူတို့အား စွန့်ပစ်တော်မူခြင်းမရှိပေ။ 11ဇိအုန်မြို့တွင် စိုးစံသောမူသော ဘုရားရှင်အား သီဆိုချီးမွမ်းကြလော့။ ကိုယ်တော် ပြုတော်မူသည့် အမှုတို့အား လူမျိုးတကာတို့အလယ်၌ ပြောကြားကြလော့။ 12ဘုရားရှင်သည် ဆင်းရဲဒုက္ခရောက်နေကြသူတို့အား အောက်မေ့သတိရတော်မူ၏။ သူတို့၏ အော်ဟစ်တောင်းလျှောက်သံကို မေ့တော်မူခြင်း မရှိပေ။ သူတို့အား ဖိနှိပ်၍ မတရားပြုကြသူတို့အား အပြစ်ဒဏ်ခတ်တော်မူ၏။ 13အို ဘုရားရှင်၊ အကျွန်ုပ်အား သနားကရုဏာထားတော်မူပါ။ သေခြင်း၏တံခါးဝမှ အကျွန်ုပ်အား ဆွဲတင်တော်မူသောအရှင်၊ အကျွန်ုပ်အား မုန်းတီးသောသူတို့ထံမှ အကျွန်ုပ်ခံရသည့် ဖိစီးနှိပ်စက်မှုများကို ကြည့်ရှုတော်မူပါ။ 14သို့မှသာ အကျွန်ုပ်သည် ဂျေရုဆလင်မြို့သားများ၏ရှေ့တွင်ရပ်လျက် ကိုယ်တော် ဂုဏ်ကျေးဇူးတော်အပေါင်းတို့အား ဖော်ပြနိုင်ပါလိမ့်မည်။ ကိုယ်တော်၏ ကယ်တင်ခြင်း ကျေးဇူးတော်ကြောင့် အကျွန်ုပ်သည် ရွှင်လန်းဝမမြောက်ပါမည်။ 15ဘုရားမဲ့သူတို့သည် မိမိတို့တူးထားသော ကျင်းထဲသို့ ပြန်၍ကျကြလေပြီဖြစ်။ မိမိတို့ထောင်ထားသော ကျော့ကွင်းအတွင်း၌ပင်လျှင် ပြန်၍မိကြလေပြီဖြစ်၏။ 16ဘုရားရှင်သည် တရားစီရင်တော်မူခြင်းအားဖြင့် မိမိ၏အကြောင်းအား ထင်ရှားစေတော်မူပြီဖြစ်၏။ သူယုတ်မာတို့သည် မိမိတို့၏အကျင့်များအားဖြင့် ပြန်၍ ကျော့ကွင်းမိကြကုန်၏။ 17သူယုတ်မာများနှင့် ဘုရားရှင်အား မေ့လျော့သော လူမျိုးအပေါင်းတို့သည် မရဏနိုင်ငံသို့ ပြန်လှည့်သွားကြရလိမ့်မည်။ 18ဘုရားရှင်သည် ချို့တဲ့နွမ်းပါးသူတို့အား အစဉ်အမြဲ မေ့လျော့တော်မူလိမ့်မည်မဟုတ်။ အဖိနှိပ်ခံရသောသူတို့ မျှော်လင့်ခြင်းသည်လည်း ထာဝစဉ် ပျက်စီးသွားမည် မဟုတ်ပေ။ 19အို ဘုရားရှင်၊ ကြွလာတော်မူပါ။ ကိုယ်တော်အား လူတို့ကဆန့်ကျင်ကြရန် ခွင့်ပြုတော်မမူပါနှင့်။ ဘုရားမဲ့သူတို့အား ကိုယ်တော်၏ရှေ့ သို့ခေါ်ဆောင်၍ တရားစီရင်တော်မူပါ။ 20အို ဘုရားရှင်၊ သူတို့အား ကြောက်လန့်စေတော်မူပါ။ သူတို့သည် လူသားသက်သက်မျှသာဖြစ်ကြောင်း လူမျိုးတကာတို့အား သိစေတော်မူပါ။
Currently Selected:
Psalms 9: TPV-RV
ማድመቅ
ያጋሩ
ኮፒ
ያደመቋቸው ምንባቦች በሁሉም መሣሪያዎችዎ ላይ እንዲቀመጡ ይፈልጋሉ? ይመዝገቡ ወይም ይግቡ
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.