ယောဟန် 14
14
ခမည်းတော်ထံသွားရာလမ်း
1တဖန် ကိုယ်တော်ယေရှုက တပည့်တော်တို့အား “သင်တို့ စိုးရိမ်ပူပန်ခြင်းမရှိကြနှင့်။ ဘုရားရှင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။ 2ငါ့ခမည်းတော်၏အိမ်၌ နေစရာများစွာရှိ၏။ ထိုသို့ မရှိလျှင် သင်တို့အတွက် နေစရာများစွာပြင်ဆင်ပေးမည်ဟု ငါဆိုခဲ့မည်မဟုတ်။ 3ငါသည် သွား၍ သင်တို့အတွက် နေရာပြင်ဆင်ပြီးလျှင် ငါသည် တဖန်ပြန်လာ၍ သင်တို့အားလုံးလည်း ငါရှိရာအရပ်၌ရှိစေရန် သင်တို့ကို ခေါ်ဆောင်မည်ဖြစ်၏။ 4ငါသွားမည့်အရပ်သို့ ရောက်သောလမ်းအား သင်တို့သိကြ၏” ဟု မိန့်တော်မူ၏။
5ထိုအခါ သောမသည် “ကိုယ်တော် မည်သည့်အရပ်သို့ ကြွတော်မူမည်ကို အကျွန်ုပ်တို့မသိသည်ဖြစ်၍ ထိုအရပ်သို့သွားသည့်လမ်းကိုလည်း အကျွန်ုပ်တို့ မည်သို့သိနိုင်ပါမည်နည်း” ဟုလျှောက်တင်လေ၏။
6ကိုယ်တော်ကလည်း “ငါသည် လမ်း၊ သမ္မာတရားနှင့် အသက်ပင်ဖြစ်၏။ ငါ့အား အမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့ မရောက်နိုင်ရာ။ 7သင်တို့သည် အမှန်တကယ်ငါ့ကို သိကြလျှင် ငါ့ခမည်းတော်ကိုလည်း သိကြလိမ့်မည်။ ယခုမှစ၍ သင်တို့သည် ခမည်းတော်ကို သိလျက်မြင်ကြရပြီ” ဟု မိန့်တော်မူ၏။
8ဖိလိပ္ပုကလည်း “ကိုယ်တော်၊ ဖခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့အတွက် လုံလောက်ပါပြီ” ဟု လျှောက်လေ၏။
9ကိုယ်တော်က “ဖိလိပ္ပု၊ ငါသည် သင်တို့နှင့်အတူ ဤမျှလောက်ကြာမြင့်စွာရှိနေလျက်ပင် သင်သည် ငါ့ကိုမသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်လေပြီ။ သို့ဖြစ်လျှင် ‘ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ’ ဟုသင်မည်သို့ဆိုသနည်း။ 10ငါသည် ခမည်းတော်၌ရှိ၍ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို သင်မယုံသလော။ သင်တို့အား ငါဆိုသောစကားတို့သည် ငါ့ဆန္ဒအလျောက် ငါပြောဆိုသည်မဟုတ်။ ငါ၌ရှိတော်မူသောခမည်းတော်သည်သာ သူ၏အမှုတော်များကို ဆောင်ရွက်နေခြင်းဖြစ်၏။ 11ငါသည် ခမည်းတော်၌ရှိ၍ ခမည်းတော်သည် ငါ၌ရှိကြောင်းကို ယုံကြလော့။ မယုံနိုင်လျှင် ငါပြုသောအမှုများကိုထောက်၍ ယုံကြလော့။ 12သင်တို့အား အမှန်ဆိုသည်ကား ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကို ပြုလိမ့်မည်။ ထိုထက်သာ၍ ကြီးမြတ်သောအမှုတို့ကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား ငါသည်ခမည်းတော်ထံသို့ သွား၍ 13ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းတော်ထင်ရှားမည့်အကြောင်း ငါ၏နာမ၌ သင်တို့တောင်းလျှောက်သမျှကို ငါပေးတော်မူမည်။ 14သင်တို့သည် ငါ၏နာမ၌ တစ်စုံတစ်ခုအား တောင်းလျှောက်လျှင် ငါသည်ထိုအရာကို ပြုမည်။
ဉာဏ်အလင်းတော်၏ကတိတော်
15သင်တို့သည် ငါ့ကိုချစ်ခင်လျှင် ငါ၏ပညတ်ချက်များကို စောင့်ထိန်းကြလိမ့်မည်။ 16ငါသည်လည်း ခမည်းတော်အား တောင်းလျှောက်သဖြင့် ခမည်းတော်သည် အခြားသောကူညီမည့်အရှင်တစ်ပါးကို သင်တို့နှင့်အတူ အမြဲထာဝရရှိနေစေရန် သင်တို့အား ပေးတော်မူလိမ့်မည်။ 17ထိုအရှင်သည် စစ်မှန်သောဘုရားရှင်ကို ထင်ရှားစေသည့် ဉာဏ်အလင်းတော်ဖြစ်၏။ ဤလောကသားတို့သည် ထိုအရှင်ကို မြင်လည်းမမြင်၊ သိလည်းမသိသောကြောင့် ထိုအရှင်ကို မခံယူမရရှိနိုင်။ သို့သော် ထိုအရှင်သည် သင်တို့နှင့်အတူတည်နေ၍ သင်တို့၌ရှိတော်မူမည်ဖြစ်သောကြောင့် သင်တို့သည် ထိုအရှင်ကို သိကြ၏။ 18ငါသည် သင်တို့အား မိဘမဲ့သားသမီးကဲ့သို့ ပစ်ထားမည်မဟုတ်။ သင်တို့ထံသို့ ငါပြန်လာဦးမည်။ 19နောက်ထပ်ခဏကြာလျှင် ဤလောကသားတို့သည် ငါ့ကို မြင်ရတော့မည်မဟုတ်။ သင်တို့မူကား ငါ့ကိုမြင်ရကြလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ကြရလိမ့်မည်။ 20ထိုနေ့၌ ငါ့ခမည်းတော်၌ ငါရှိသည်အားလည်းကောင်း၊ သင်တို့သည် ငါ၌ရှိ၍ ငါသည် သင်တို့၌ရှိသည်ကိုလည်းကောင်း သင်တို့သိကြလိမ့်မည်။ 21ငါ၏ပညတ်ချက်များအား လက်ခံ၍ လိုက်နာစောင့်ထိန်းသောသူသည် ငါ့ကိုချစ်ခင်သောသူဖြစ်၏။ ငါ့ကိုချစ်ခင်သောသူအား ငါ့ခမည်းတော်သည် ချစ်ခင်တော်မူလိမ့်မည်။ ငါသည်လည်း ထိုသူကို ချစ်ခင်၍ သူ့ထံ၌ မိမိကိုယ်ကို ထင်ရှားစေမည်” ဟု မိန့်တော်မူ၏။
22ထိုအခါ ယုဒဣရှကာရုတ်မဟုတ်သည့် အခြားသောယုဒက “ကိုယ်တော်သည် လောကသားတို့ထံ မိမိကိုယ်ကို မထင်ရှားစေဘဲ အကျွန်ုပ်တို့ထံ၌သာ ထင်ရှားစေတော်မူခြင်းသည် အဘယ်ကြောင့်နည်း” ဟုမေးလျှောက်၏။
23ကိုယ်တော်ကလည်း သူ့အား “မည်သူမဆို ငါ့ကိုချစ်ခင်လျှင် ငါ့စကားကို လိုက်နာစောင့်ထိန်းလိမ့်မည်။ ငါ့ခမည်းတော်သည်လည်း ထိုသူကို ချစ်ခင်တော်မူသဖြင့် ငါတို့သည် ငါ့ကိုချစ်ခင်သောသူထံသို့လာကြ၍ သူနှင့်အတူ နေထိုင်မည်။ 24ငါ့အားမချစ်ခင်သောသူသည် ငါ့စကားကို လိုက်နာစောင့်ထိန်းခြင်းမရှိ။ သင်တို့ကြားရသောစကားသည် ငါ၏စကားမဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏စကားဖြစ်၏။
25သင်တို့နှင့်အတူရှိစေ၌ ဤအရာအားလုံးအား ငါဟောပြောခဲ့ပြီ။ 26သို့သော် ငါ့နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် ကူညီမစသူတည်းဟူသော ဉာဏ်အလင်းတော်သည် အရာခပ်သိမ်းတို့ကို သင်တို့အား သွန်သင်တော်မူ၍ ငါမိန့်ဆိုခဲ့သမျှသောအရာတို့ကို သင်တို့အား ပြန်လည်အမှတ်ရစေတော်မူလိမ့်မည်။ 27ငါသည် ငြိမ်းချမ်းခြင်းအား သင်တို့၌ထားခဲ့၏။ ငါ၏ငြိမ်းချမ်းခြင်းအား သင်တို့အား ငါပေး၏။ ဤလောကပေးသည့်အတိုင်း သင်တို့အား ငါပေးသည်မဟုတ်။ ထို့ကြောင့် သင်တို့ စိုးရိမ်ပူပန်ခြင်းသော်လည်းကောင်း၊ ကြောက်ရွံ့ခြင်းသော်လည်းကောင်း မရှိကြနှင့်။
28ငါသည် ယခုထွက်ခွာသွားသော်လည်း သင်တို့ထံသို့ တဖန်ပြန်လာဦးမည်ဟု ငါဆိုသည်ကို သင်တို့ကြားရကြပြီ။ သင်တို့သည် ငါ့ကိုချစ်ခင်ကြလျှင် ခမည်းတော်ထံသို့ ငါသွားသည့်အတွက် ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား ခမည်းတော်သည် ငါ့ထက်ကြီးမြတ်တော်မူ၏။ 29ထိုအခြင်းအရာဖြစ်ပျက်လာသောအခါ သင်တို့ယုံကြည်ကြစေရန် ထိုသို့မဖြစ်ပျက်မီကပင် သင်တို့အား ငါဆိုထား၏။ 30ငါသည် သင်တို့နှင့်များစွာပြောဆိုတော့မည်မဟုတ်။ အကြောင်းမူကား ဤလောကကို အုပ်စိုးသူသည် ရောက်လာတော့မည်။ သူသည် ငါ့အပေါ်၌ မည်သည့်အခွင့်အာဏာမျှမရှိသော်လည်း 31ငါသည် ခမည်းတော်ကို ချစ်ခင်သည်ကိုလည်းကောင်း၊ ခမည်းတော်မှာတော်မူသည့်အတိုင်း ငါပြုတော်မူသည်ကိုလည်းကောင်း ဤလောကသားတို့ သိမြင်ကြစေရန်အတွက် သူသည် လာခြင်းဖြစ်၏။
ယခုထကြလော့၊ ဤအရပ်မှ သွားကြစို့” ဟု မိန့်တော်မူ၏။
Àwon tá yàn lọ́wọ́lọ́wọ́ báyìí:
ယောဟန် 14: TPV-RV
Ìsàmì-sí
Pín
Daako
Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.