ဆာလံ 116:1-11
ဆာလံ 116:1-11 Judson Bible (JBMLE)
ထာဝရဘုရားသည် ငါတောင်းပန်ခြင်းအသံကို ကြား၍၊ ငါ့ဘက်သို့ နားတော်ကို လှည့်တော်မူသောကြောင့်၊ ငါနှစ်သက်၏။ ငါအသက်ရှည်သမျှ ကာလပတ်လုံး၊ ထာဝရဘုရားကို ပတ္ထနာပြုမည်။ သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်း၍ မရဏနိုင်ငံဘေးတို့သည် ငါ့ကိုဖမ်းမိသဖြင့်၊ ဆင်းရဲဒုက္ခဝေဒနာနှင့် ငါတွေ့ကြုံရ၏။ ထိုအခါ အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို ကယ်နုတ်တော်မူပါမည်အကြောင်း တောင်းပန်ပါ၏ဟု ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြု၏။ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သဘော၊ ဖြောင့်မတ်သော သဘောရှိတော်မူ၏။ ငါတို့ဘုရားသခင်သည် ကရုဏာစိတ်ရှိတော်မူ၏။ ထာဝရဘုရားသည် ရိုးသားသူတို့ကို စောင့်မတော်မူ၏။ ငါသည် နှိမ့်ချလျက်ရှိသောအခါ ကယ်တင်တော်မူ၏။ အိုငါ့ဝိညာဉ်၊ သင်၏ငြိမ်ဝပ်ရာသို့ ပြန်လော့။ ထာဝရဘုရားသည် သင်၌ကျေးဇူးပြုတော်မူပြီ။ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်းမှလည်းကောင်း၊ အကျွန်ုပ်မျက်စိကို မျက်ရည်ကျခြင်းမှလည်းကောင်း၊ အကျွန်ုပ်ခြေကိုလည်း ထိမိ၍လဲခြင်းမှလည်းကောင်း ကယ်လွှတ်တော်မူပြီ။ သို့ဖြစ်၍၊ အသက်ရှင်သောသူတို့၏ နေရာတွင်၊ ထာဝရဘုရားရှေ့တော်၌ ငါကျင့်၍ နေရ၏။ ငါသည် အလွန်ညှိုးငယ်ခြင်းကိုခံရ၏ဟု မြွက်ဆိုသော်လည်း၊ ယုံကြည်သောစိတ်ရှိသေး၏။ လူအပေါင်းတို့သည် မုသားကိုသုံးတတ်ကြ၏ဟု သတိလစ်လျက် ပြောမိ၏။
ဆာလံ 116:1-11 Common Language Bible (BCL)
ထာဝရဘုရားသည်ငါ၏ပန်ကြား လျှောက်ထားချက်ကိုကြားတော်မူသည်ဖြစ်၍ ငါသည်ကိုယ်တော်ကိုချစ်မြတ်နိုး၏။ ကိုယ်တော်သည်ငါ၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူ၏။ ငါလျှောက်ထားသည့်အခါတိုင်းကိုယ်တော် နားထောင်တော်မူ၏။ သေမင်း၏ကျော့ကွင်းသည်ငါ့ကိုဖမ်းမိလျက် နေ၏။ သေဘေးသည်ငါ့ကိုဝိုင်းရံလျက်နေ၏။ ငါသည်ကြောက်လန့်၍စိုးရိမ်ပူပန်ရ၏။ ထိုအခါ``အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားကျွန်တော်မျိုးတောင်းပန် ပါ၏။ ကျွန်တော်မျိုးကိုကယ်တော်မူပါ'' ဟု ထာဝရဘုရား၏ထံတော်သို့ငါဆုတောင်း ပတ္ထနာပြု၏။ ထာဝရဘုရားသည်သနားကြင်နာတော်မူ၍ ကျေးဇူးပြုတော်မူတတ်၏။ ငါတို့၏ဘုရားသခင်သည်ကရုဏာတော်ရှင် ဖြစ်တော်မူ၏။ ထာဝရဘုရားသည်ခိုကိုးရာမဲ့သူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ ငါဘေးဥပဒ်ရောက်သောအခါငါ့ကို ကယ်တော်မူ၏။ အို ငါ့စိတ်နှလုံး၊ထာဝရဘုရားသည် ငါ့အားကျေးဇူးပြုတော်မူပြီဖြစ်၍ ယုံကြည်စိတ်ချစွာနေလော့။ ထာဝရဘုရားသည်ငါ့အသက်ကို သေဘေးမှလည်းကောင်း၊ ငါ့မျက်စိကိုမျက်ရည်ကျခြင်းမှလည်း ကောင်း၊ ငါ၏ခြေကိုချော်လဲခြင်းမှလည်းကောင်း ကယ်တော်မူပြီ။ သို့ဖြစ်၍ငါသည်အသက်ရှင်သူ လူသားတို့၏ဘောင်တွင် ဘုရားသခင်၏မျက်မှောက်တော်၌ သက်ရှင်လှုပ်ရှားလျက်နေရ၏။ ငါသည်ကြောက်လန့်သဖြင့်``ငါ့မှာယုံကြည် နိုင်သူ တစ်ယောက်မျှမရှိ'' ဟူ၍လည်းကောင်း ``ငါသည်စိတ်ဒုက္ခကြီးစွာရောက်ပါပြီ'' ဟူ၍လည်းကောင်းဆိုစဉ်၌ပင်လျှင် ထာဝရဘုရားကိုယုံကြည်မြဲယုံကြည် လျက်နေပါ၏။
ဆာလံ 116:1-11 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထာဝရဘုရားသည် ငါ၏အသံ၊ ငါ၏အသနားခံခြင်းကို နားညောင်းတော်မူသောကြောင့် ငါသည် ကိုယ်တော်ကို ချစ်၏။ ကိုယ်တော်သည် ငါ့ကို ဂရုစိုက်နားထောင်တော်မူသောကြောင့် ငါသည် အသက်ရှင်နေသရွေ့ ကိုယ်တော်ကိုခေါ်မည်။ သေခြင်း၏နှောင်ကြိုးတို့သည် ငါ့ကိုရစ်ပတ်၍ မရဏာနိုင်ငံ၏ပြင်းပြသောဝေဒနာတို့သည် ငါ့အပေါ်ကျရောက်ကြ၏။ ငါသည် ဆင်းရဲဒုက္ခနှင့်ဝမ်းနည်းခြင်းကိုတွေ့ကြုံရ၏။ ထိုအခါ ငါသည် “အို ထာဝရဘုရား၊ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို လွတ်မြောက်စေတော်မူပါ”ဟု ထာဝရဘုရား၏နာမတော်ကို ခေါ်၍တောင်းလျှောက်၏။ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊ ဖြောင့်မတ်သောသဘောရှိတော်မူ၏။ ငါတို့၏ဘုရားသခင်သည် သနားစုံမက်တော်မူတတ်၏။ ထာဝရဘုရားသည် အသိဉာဏ်နည်းပါးသောသူတို့ကို စောင့်ရှောက်တော်မူ၏။ ငါသည် အခြေအနေနိမ့်ပါးလျက်ရှိသောအခါ ကိုယ်တော်သည် ငါ့ကိုကယ်တင်တော်မူ၏။ အို ငါ၏စိတ်ဝိညာဉ်၊ သင်၏ငြိမ်ဝပ်ရာအရပ်သို့ပြန်လာလော့။ အကြောင်းမူကား ထာဝရဘုရားသည် သင့်ကိုကျေးဇူးပြုတော်မူပြီ။ အကယ်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို သေခြင်းမှလည်းကောင်း၊ အကျွန်ုပ်၏မျက်စိကို ငိုကြွေးခြင်းမှလည်းကောင်း၊ အကျွန်ုပ်၏ခြေကို ခလုတ်တိုက်ခြင်းမှလည်းကောင်း လွတ်မြောက်စေတော်မူပြီ။ ငါသည် အသက်ရှင်သောသူတို့၏ပြည်၌ ထာဝရဘုရား၏ရှေ့မှောက်တွင် အသက်ရှင်လျှောက်လှမ်းမည်။ “ငါသည် ဒုက္ခဝေဒနာများစွာခံစားရ၏”ဟု ပြောစဉ်ပင် ငါ၌ယုံကြည်ခြင်းရှိ၏။ “လူအပေါင်းတို့သည် လိမ်လည်သောသူများသာဖြစ်ကြ၏”ဟု ငါအလန့်တကြားပြောဆိုမိ၏။