ဆာလံ 107:21-30
ဆာလံ 107:21-30 Judson Bible (JBMLE)
လူသားတို့၌ ပြုတော်မူသောကရုဏာနှင့် အံ့ဖွယ်သောအမှုတော်တို့ကိုထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။ ကျေးဇူးတော် ဝန်ခံရာယဇ်ကိုပူဇော်၍၊ ရွှင်လန်းသောအသံနှင့်တကွ အမှုတော်တို့ကို ကြားပြောကြစေ။ သင်္ဘောစီးလျက် ပင်လယ်ကိုကူး၍၊ ရေများပေါ်မှာ လုပ်ဆောင်သောသူတို့သည်၊ နက်နဲရာအရပ်၌ ထာဝရဘုရား၏အမှုတော်တို့နှင့်၊ အံ့ဖွယ်သော အမှုတော်တို့ကို မြင်ရကြ၏။ အမိန့်တော်ရှိ၍ လေပြင်းမုန်တိုင်းတိုက်သဖြင့်၊ လှိုင်းတံပိုးတို့ကို ထစေ၏။ မိုးကောင်းကင်တိုင်အောင် တက်လျက်၊ နက်နဲရာထဲသို့ဆင်းလျက် တွေ့သောဘေးကြောင့်၊ သူတို့သည် စိတ်ပျက်ကြ၏။ တလည်လည်သွားလျက် ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက်နေ၍ ဉာဏ်တိမ်မြုပ်ခြင်း ရှိကြ၏။ ဆင်းရဲခံရသောအခါ ထာဝရဘုရားကိုအော်ဟစ်၍၊ ဆင်းရဲဒုက္ခထဲက ထုတ်ဆောင်တော်မူ၏။ လေပြင်းကိုပျောက်စေတော်မူ၍၊ လှိုင်းတံပိုးများလည်း ငြိမ်ဝပ်ကြ၏။ ထိုသို့ငြိမ်ဝပ်သောကြောင့် သူတို့သည် ဝမ်းမြောက်ကြ၏။ အလိုရှိရာသင်္ဘောဆိပ်သို့ ပို့ဆောင်တော်မူ၏။
ဆာလံ 107:21-30 Common Language Bible (BCL)
သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသော မေတ္တာတော်အတွက်လည်းကောင်း၊ မိမိတို့အားပြုတော်မူသောအံ့သြဖွယ် ရာများ အတွက်လည်းကောင်း ကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။ သူတို့သည်ယဇ်ပူဇော်သကာဖြင့်ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။ ဝမ်းမြောက်စွာသီချင်းဆိုလျက် ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို ဖော်ပြရကြပေမည်။ လူအချို့တို့သည်သမုဒ္ဒရာတွင်သင်္ဘောလွှင့်၍ ကူးသန်းသွားလာလျက်အသက်မွေးဝမ်းကျောင်း ရှာကြ၏။ သူတို့သည်ထာဝရဘုရားပြုတော်မူသော အမှုတော်များ၊ပင်လယ်တွင်ပြတော်မူသော အံ့သြဖွယ်ရာများကိုမြင်တွေ့ရကြ၏။ ကိုယ်တော်အမိန့်ပေးတော်မူသောအခါ လေပြင်းမုန်တိုင်းကျရောက်လာ၍ လှိုင်းတံပိုးများထလေ၏။ သင်္ဘောများသည်လေထဲသို့မြောက်၍သွားကြ ပြီးနောက် ရေထဲသို့ထိုးဆင်းသွားကြ၏။ ယင်းသို့သေဘေးနှင့်တွေ့ကြုံရကြသဖြင့် လူတို့သည်ထိတ်လန့်တုန်လှုပ်ကြကုန်၏။ သူတို့သည်အရက်မူးသူများကဲ့သို့ယိမ်းယိုင် လဲကျကြကုန်၏။ သူတို့၏ကျွမ်းကျင်မှုသည်အချည်းနှီးပင်ဖြစ်၏။ ထိုအခါသူတို့သည်ဒုက္ခရောက်ကြသဖြင့် ထာဝရဘုရားထံအော်ဟစ်ကြရာ ကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော် မူ၏။ ကိုယ်တော်သည်လေမုန်တိုင်းကိုရပ်စဲစေတော် မူသဖြင့် လှိုင်းတံပိုးတို့သည်ငြိမ်သက်လေ၏။ ယင်းသို့လေငြိမ်သဖြင့်သူတို့သည် ဝမ်းမြောက်ကြကုန်၏။ ကိုယ်တော်သည်သူတို့သွားလိုရာသင်္ဘောဆိပ်မြို့သို့ ဘေးမဲ့လုံခြုံစွာပို့ဆောင်တော်မူ၏။
ဆာလံ 107:21-30 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့် လူသားတို့၌ပြုတော်မူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများအတွက် သူတို့သည် ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြပါစေ။ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကိုလည်းပူဇော်၍ ရွှင်လန်းစွာကြွေးကြော်ခြင်းဖြင့် ကိုယ်တော်ပြုတော်မူသောအမှုတို့ကို ပြောကြားကြပါစေ။ အချို့တို့သည် သင်္ဘောဖြင့် ပင်လယ်ကိုကူး၍ ကျယ်ပြောသောရေပြင်ပေါ်တွင် လုပ်ငန်းလုပ်ကိုင်ကြ၏။ သူတို့သည် ထာဝရဘုရားပြုတော်မူသော အမှုများတည်းဟူသော ရေနက်ရာအရပ်တွင် ပြုတော်မူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကိုမြင်ရကြ၏။ အကြောင်းမူကား ကိုယ်တော်မိန့်တော်မူသောအခါ လေမုန်တိုင်းတိုက်ခတ်၍ လှိုင်းတံပိုးများထကြ၏။ သူတို့သည် ကောင်းကင်သို့မြှောက်တက်သွားပြီး ရေနက်ထဲသို့ ကျဆင်းကြရ၍ သူတို့သည် ဘေးအန္တရာယ်ကြောင့် စိတ်ပျက်အားလျော့ကြ၏။ သူတို့သည် ယစ်မူးသူကဲ့သို့ ဒယီးဒယိုင်ဖြစ်လျက်၊ ရှေ့နောက်ယိမ်းထိုးလျက်နေကြ၏။ သူတို့၏အကြံဉာဏ်အားလုံးသည်လည်း ကုန်ခန်းလေ၏။ ထိုအခါ သူတို့သည် မိမိတို့ခံရသည့်ဆင်းရဲဒုက္ခထဲမှ ထာဝရဘုရားထံအော်ဟစ်တောင်းလျှောက်ကြရာ ကိုယ်တော်သည် သူတို့၏ပူပင်သောကထဲမှ သူတို့ကိုကယ်တင်တော်မူ၏။ မုန်တိုင်းကို အရှိန်ပြယ်ရပ်စဲစေတော်မူသဖြင့် လှိုင်းတံပိုးများသည် ငြိမ်သွားကြ၏။ ထိုသို့ ငြိမ်သက်သွားသောကြောင့် သူတို့သည် ဝမ်းမြောက်ကြ၏။ ကိုယ်တော်သည်လည်း သူတို့အလိုရှိရာဆိပ်ကမ်းသို့ သူတို့ကိုပို့ဆောင်တော်မူ၏။