YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 107:21-30

ဆာလံကျမ်း 107:21-30 MSBU

ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​များ​ကို​လည်း​ပူဇော်​၍ ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​ဖြင့် ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို ပြောကြား​ကြ​ပါစေ​။ အချို့​တို့​သည် သင်္ဘော​ဖြင့် ပင်လယ်​ကို​ကူး​၍ ကျယ်ပြော​သော​ရေပြင်​ပေါ်တွင် လုပ်ငန်း​လုပ်ကိုင်​ကြ​၏​။ သူ​တို့​သည် ထာဝရဘုရား​ပြု​တော်မူ​သော အမှု​များ​တည်းဟူသော ရေနက်​ရာ​အရပ်​တွင် ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို​မြင်​ရ​ကြ​၏​။ အကြောင်းမူကား ကိုယ်တော်​မိန့်​တော်မူ​သောအခါ လေ​မုန်တိုင်း​တိုက်ခတ်​၍ လှိုင်းတံပိုး​များ​ထ​ကြ​၏​။ သူ​တို့​သည် ကောင်းကင်​သို့​မြှောက်တက်​သွား​ပြီး ရေနက်​ထဲသို့ ကျဆင်း​ကြ​ရ​၍ သူ​တို့​သည် ဘေးအန္တရာယ်​ကြောင့် စိတ်ပျက်အားလျော့​ကြ​၏​။ သူ​တို့​သည် ယစ်မူး​သူ​ကဲ့သို့ ဒယီးဒယိုင်​ဖြစ်​လျက်​၊ ရှေ့နောက်​ယိမ်းထိုး​လျက်​နေ​ကြ​၏​။ သူ​တို့​၏​အကြံဉာဏ်​အားလုံး​သည်​လည်း ကုန်ခန်း​လေ​၏​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​ခံရ​သည့်​ဆင်းရဲဒုက္ခ​ထဲမှ ထာဝရဘုရား​ထံ​အော်ဟစ်​တောင်းလျှောက်​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​၏​ပူပင်သောက​ထဲမှ သူ​တို့​ကို​ကယ်တင်​တော်မူ​၏​။ မုန်တိုင်း​ကို အရှိန်ပြယ်​ရပ်စဲ​စေ​တော်မူ​သဖြင့် လှိုင်းတံပိုး​များ​သည် ငြိမ်​သွား​ကြ​၏​။ ထိုသို့ ငြိမ်သက်​သွား​သောကြောင့် သူ​တို့​သည် ဝမ်းမြောက်​ကြ​၏​။ ကိုယ်တော်​သည်​လည်း သူ​တို့​အလိုရှိ​ရာ​ဆိပ်ကမ်း​သို့ သူ​တို့​ကို​ပို့ဆောင်​တော်မူ​၏​။