ဟေရှာယ 41:1-16
ဟေရှာယ 41:1-16 Judson Bible (JBMLE)
တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၊ ငါ့ရှေ့မှာ ငြိမ်ဝပ်စွာနေကြ။ လူအမျိုးမျိုးတို့၊ အားဖြည့်ကြ။ ချဉ်းကပ်၍ပြောကြ။ တရားတွေ့ကြကုန်အံ့။ ဖြောင့်မတ်ခြင်းမင်္ဂလာ လိုက်တတ်သောသူကို အရှေ့ပြည်က၊ အဘယ်သူ ပေါ်လာစေသနည်း။ လူအမျိုးမျိုးတို့ကို သူ၌အပ်၍၊ ရှင်ဘုရင်တို့ကို အုပ်စိုးစေခြင်းငှာ၊ အဘယ်သူစီရင်သနည်း။ ရန်သူတို့ကို သူ၏ဓားရှေ့မှာ မြေမှုန့်ကဲ့သို့လည်းကောင်း၊ သူ၏လေးရှေ့မှာ လွင့်သောဖွဲကဲ့သို့လည်းကောင်း အဘယ်သူဖြစ်စေသနည်း။ ရန်သူတို့ကို လိုက်ရ၏။ မိမိခြေမနင်းဖူးသော လမ်းဖြင့်၊ ဘေးမရှိ၊ လွန်သွားရ၏။ ထိုအမှုများကို စီရင်ဖန်ဆင်းလျက်၊ ရှေ့ဦးစွာမှစ၍ လူမျိုးအစဉ်အဆက်တို့ကို ခေါ်သောသူသည် အဘယ်သူနည်းဟူမူကား၊ အဦးဆုံးသောသူဖြစ်၍၊ နောက်ဆုံးသော သူတို့နှင့်ရှိသော ငါထာဝရဘုရားပေတည်း။ တစ်ကျွန်းတစ်နိုင်ငံအရပ်တို့သည် မြင်၍ ကြောက်ကြ၏။ မြေကြီးစွန်းသားတို့သည် ထိတ်လန့်သောစိတ်နှင့် ချဉ်းကပ်၍ စုဝေးကြ၏။ အိမ်နီးချင်း တစ်ယောက်ကိုတစ်ယောက် မစ၍၊ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက်၊ မစိုးရိမ်နှင့်ဟု ဆိုကြ၏။ ထိုသို့ ပန်းတဉ်းသမားသည် ပန်းထိမ်သမားကို နှိုးဆော်တတ်၏။ သံတူနှင့် ချောစေသောသူသည်၊ ပေပေါ်မှာရိုက်သောသူကိုလည်း နှိုးဆော်၍၊ ဂဟေကောင်းသည်ဟု ဆိုတတ်၏။ ရုပ်တုကို မလှုပ်ရှားစေခြင်းငှာ သံချွန်နှင့် ရိုက်ထားတတ်၏။ ငါ့ကျွန်ဣသရေလ၊ ငါရွေးချယ်သောသူ ယာကုပ်၊ ငါ့အဆွေအာဗြဟံ၏သား၊ မြေကြီးအစွန်းအနားမှ ငါလက်ဆွဲ၍ခေါ်သောသူ၊ သင်သည် ငါ့ကျွန်ဖြစ်၏ ဟူ၍လည်းကောင်း၊ သင့်ကိုငါရွေးချယ်ပြီ၊ သင့်ကို မပစ်မပယ် ဟူ၍လည်းကောင်း၊ ကတိကိုခံရသောသူ၊ မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ယာလက်ဖြင့် ထောက်ပင့်မည်။ သင်၌ အမျက်ထွက်သော သူတို့သည် ရှက်ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်းရှိကြလိမ့်မည်။ သင်၌ ရန်ပြုသောသူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ်၍၊ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ သင်နှင့် ဆန့်ကျင်ဘက်ပြုသောသူတို့ကို သင်သည် ရှာ၍မတွေ့ရ။ သင့်ကို စစ်တိုက်သောသူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့လည်းကောင်း၊ အနတ္တသက်သက်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ သင်၏ ဘုရားသခင်ထာဝရဘုရားက၊ မစိုးရိမ်နှင့်။ ငါမစမည်ဟု သင့်အားဆိုလျက်၊ သင်၏လက်ယာလက်ကို ကိုင်မည်။ အို တီကောင်ယာကုပ်၊ အမျိုးငယ်ဣသရေလ၊ မစိုးရိမ်နှင့်။ ငါသည် သင့်ကို မစသောသူဖြစ်၏။ သင့်ကို ရွေးနုတ်သောသူသည်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ ငါသည် သင့်ကို အသွားရှိသော စပါးနယ်စရာ ယန္တရားစက်အသစ် ဖြစ်စေမည်။ သင်သည် တောင်ကြီးတို့ကိုနယ်၍ ညက်စေမည်။ တောင်ငယ်တို့ကို ဖွဲကဲ့သို့ ဖြစ်စေမည်။ သူတို့ကိုလှေ့၍၊ လေသည် သူတို့ကို တိုက်သွားလိမ့်မည်။ မုန်တိုင်းလွှင့်လိမ့်မည်။ သင်မူကား ထာဝရဘုရား၌ ဝမ်းမြောက်လိမ့်မည်။ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရား၌ ဝါကြွားလိမ့်မည်။
ဟေရှာယ 41:1-16 Common Language Bible (BCL)
ဘုရားသခင်က ``အချင်းရပ်ဝေးနိုင်ငံတို့၊ ဆိတ်ဆိတ်နေ၍ ငါပြောသည်ကိုနားထောင်ကြလော့။ သင်တို့အမှုကိုရုံးတော်သို့တင်ရန်အသင့် ပြင်ဆင်ကြလော့။ သင်တို့သည်လျှောက်လဲပြောဆိုနိုင်ခွင့်ရရှိကြလိမ့်မည်။ အဘယ်သူမှန်သည်ကိုစီရင်ဆုံးဖြတ်ရန် ငါတို့စုဝေးကြကုန်အံ့။ အရှေ့ပြည်မှစစ်နိုင်ဘုရင်ကိုအဘယ်သူ ခေါ်ဆောင်တော်မူခဲ့ပါသနည်း။ ရောက်ရှိလေရာအရပ်တို့တွင် သူ့အားအဘယ်သူသည်အောင်မြင်ခွင့်ကို ပေးတော်မူပါသနည်း။ အဘယ်သူသည်သူ့အားဘုရင်တကာတို့ အပေါ်၌လည်းကောင်း လူမျိုးတကာတို့အပေါ်၌လည်းကောင်း အောင်ပွဲကိုခံစေတော်မူပါသနည်း။ သူ၏ဋ္ဌားသည်ရန်သူတို့အားမြေမှုန့်သဖွယ် ခုတ်ချတတ်ပါသည်တကား။ သူ၏လေးမြားတို့သည်လည်းထိုသူတို့ကို လေတိုက်ရာတွင်လွင့်ပါသွားသည့်ဖွဲကဲ့သို့ ကွဲလွင့်စေတတ်ပါသည်တကား။ သူသည်ရန်သူတို့အားလိုက်လံတိုက်ခိုက်ကာ ဘေးမဲ့လုံခြုံစွာဆက်လက်ချီတက်ရာတွင် လျင်မြန်လှသဖြင့် သူ၏ခြေသည်မြေ၌ပင်မထိတော့ ပါတကား။ ဤသို့ဖြစ်ပျက်စေသူကားအဘယ်သူနည်း။ အဘယ်သူသည်သမိုင်း၏ဖြစ်ရပ်များကို စီရင်ဖန်တီးတော်မူပါသနည်း။ ငါထာဝရဘုရားသည်ကပ်ကာလအစ ကပင်လျှင် ရှိနေတော်မူခဲ့၍၊ ထာဝရအရှင်ငါဘုရားသခင်သည်ကပ် ကာလ အဆုံး၌လည်းရှိနေတော်မူလတ္တံ့။ ``ရပ်ဝေးနိုင်ငံများမှလူတို့သည်ငါပြု သည့်အမှုကို တွေ့မြင်ရကြလေပြီ။ သူတို့သည်ထိတ်လန့်လျက်ကြောက်ဒူးတုန်၍ နေကြသဖြင့် လာရောက်စုဝေးကြကုန်၏။ လက်မှုပညာသည်တို့သည်အချင်းချင်းကူညီ ရိုင်းပင်းလျက်အားပေးစကားပြောကြားကြ၏။ လက်သမားကပန်းထိမ်သည်အား `သင်၏လက်ရာသည်ကောင်းလေစွ' ဟုဆို၏။ ရုပ်တုကိုအချောထုရိုက်သူက ယင်း၏အစိတ်အပိုင်းများကိုဆက်စပ်သူအား၊ အားပေးစကားပြောကြားလေ၏။ `ဂဟေဆက်ပုံမှာကောင်းပေသည်' ဟု ပြောဆိုသူကပြောဆိုလျက်၊ သူတို့သည်ရုပ်တုကိုနေရာတကျသံနှင့်ရိုက်၍ စိုက်ထူထားကြတော့၏။ ``သို့ရာတွင်ငါ၏အစေခံဣသရေလအမျိုး သားတို့၊ ငါရွေးချယ်ထားသည့်သင်တို့သည်ငါ၏မိတ်ဆွေ အာဗြဟံ၏သားမြေးများဖြစ်ကြ၏။ ငါသည်သင်တို့အားကမ္ဘာမြေကြီးအစွန်းမှ ခေါ်ယူခဲ့၏။ မြေစွန်းရပ်ဖျားများမှခေါ်ယူကာ၊သင်တို့သည် ကား၊ ငါ၏အစေခံများတည်းဟုဆိုခဲ့၏။ ငါသည်သင်တို့အားပစ်ပယ်မည့်အစား ရွေးချယ်တော်မူခဲ့၏။ မကြောက်ကြနှင့်၊ ငါသည်သင်တို့နှင့်အတူ ရှိ၏။ ငါသည်သင်တို့၏ဘုရားသခင်ဖြစ်တော် မူ၏။ အဘယ်အမှုအရာကိုမျှငါတို့အားတုန်လှုပ် ချောက်ချားမှုမဖြစ်စေနှင့်။ ငါသည်သင်တို့အားကြံ့ခိုင်စေ၍ကူမမည်။ သင်တို့ကိုကာကွယ်စောင့်ရှောက်၍ ကယ်တင်မည်။ အို ငါ၏လူမျိုးတော်၊သင်တို့ကိုအမျက်ထွက်သော သူတို့သည်အသရေပျက်၍အရှက်ကွဲကြ လိမ့်မည်။ သင်တို့အားတိုက်ခိုက်သူတို့သည်သေကြေ ပျက်စီးကြလိမ့်မည်။ သူတို့သည်ကမ္ဘာမြေကြီးပေါ်မှ ကွယ်ပျောက်သွားကြလိမ့်မည်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၍ သင်တို့ကိုခွန်အားနှင့်ပြည့်ဝစေပါ၏။ `မကြောက်ကြနှင့်၊ငါကူမတော်မူမည်' ဟု သင်တို့အားပြောဆို၏'' ဟုမိန့်တော်မူ၏။ ထာဝရဘုရားက ``ဣသရေလအမျိုးသားတို့၊သင်တို့၏အမျိုးသည် သေးငယ်၍ ချည့်နဲ့သော်လည်း၊ မကြောက်ကြနှင့်၊သင်တို့ကိုငါကူမတော်မူ မည်။ သင်တို့ကိုကယ်တင်တော်မူသောအရှင်ကား၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင် ငါပင်ဖြစ်ပေသည်။ ငါသည်သင်တို့အားထက်မြက်သည့် အသွားများရှိသောစပါးနယ်စက်အသစ် ကဲ့သို့ ဖြစ်စေတော်မူမည်။ သင်တို့သည်တောင်ကြီးများကိုနယ်၍ ညက်ညက်ကြေစေလိမ့်မည်။ တောင်ငယ်များသည်လည်းမြေမှုန့်ဖြစ်၍ သွားကြလိမ့်မည်။ ယင်းတို့ကိုသင်တို့သည်လှေ့ကြလျက် လေများကတိုက်ခတ်ဆောင်ယူပြီးလျှင် မုန်တိုင်းများကလွင့်စင်သွားစေလိမ့်မည်။ သို့ရာတွင်ငါသည်သင်တို့၏ဘုရားဖြစ် တော်မူရကား၊ သင်တို့သည်ဝမ်းမြောက်ရွှင်လန်းရကြလိမ့် မည်။ သင်တို့သည်လည်းဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင် တည်း ဟူသောငါ့အားထောမနာပြုကြလိမ့်မည်။
ဟေရှာယ 41:1-16 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ကမ်းရိုးတန်းဒေသတို့၊ ငါ့ရှေ့မှာတိတ်ဆိတ်စွာနေကြလော့။ လူမျိုးတကာတို့၊ အားသစ်မွေးကြ။ လာ၍ တိုင်ပင်ဆွေးနွေးကြ။ တရားဆိုင်ဖို့ အတူတူဆုံ၍ တရားဆိုင်ကြစို့။ ဖြောင့်မတ်သောသူကို အရှေ့အရပ်မှ ပေါ်ထွန်းစေသောသူကား မည်သူနည်း။ သူ့ထံ လူမျိုးတကာတို့ကို အပ်နှံသောသူ၊ သူ့အား ရှင်ဘုရင်တို့ကို အုပ်စိုးရသောအခွင့် ပေးသောသူကား မည်သူနည်း။ ထိုသူတို့ကို သူ၏ဓားဖြင့် မြေမှုန့်ကဲ့သို့ဖြစ်စေ၍ သူ၏လေးဖြင့် ဖွဲကဲ့သို့လွင့်စေသောသူကား မည်သူနည်း။ မိမိခြေမချဖူးသောလမ်းဖြင့် ထိုသူတို့ကို လိုက်လံတိုက်ခိုက်ရာ၌ ဘေးကင်းလုံခြုံခွင့်ကိုပေးသောသူကား မည်သူနည်း။ အစအဦးကပင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပေါ်ထွန်းစေသောအမှုကို ပြုသောသူကား မည်သူနည်း။ ထိုသူကား အဦးဆုံးသောသူဖြစ်၍ နောက်ဆုံးသောသူတို့နှင့်အတူရှိသော ငါထာဝရဘုရားပင်တည်း။ ကမ်းရိုးတန်းဒေသတို့သည် မြင်၍ ကြောက်ရွံ့ကြပြီ။ မြေကြီးစွန်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြပြီ။ သူတို့သည် ချဉ်းကပ်လာကြပြီ။ သူတို့အချင်းချင်း ကူညီမစကြ၏။ မိမိညီအစ်ကိုအား “အားယူလော့”ဟု ဆိုကြ၏။ ပန်းတဉ်းသမားသည် ပန်းထိမ်သမားကို အားပေး၏။ တူနှင့်အချောသပ်သောသူသည် ပေပေါ်တွင် ထုသောသူကို အားပေး၏။ ဂဟေဆက်ထားသည်မှာ “ကောင်းသည်”ဟု ဆို၏။ သူတို့သည် ရုပ်တုကို ခိုင်ခံ့စေရန် သံဖြင့် ရိုက်ထားကြ၏။ သို့သော် ငါ့အစေအပါး အစ္စရေး၊ ငါရွေးချယ်သောသူ ယာကုပ်၊ ငါ့မိတ်ဆွေ အာဗြဟံ၏သားစဉ်မြေးဆက်၊ မြေကြီးစွန်းမှ ငါဆွဲလာသူ၊ အဝေးဆုံးအရပ်မှ ငါခေါ်လာသူ “သင်သည် ငါ၏အစေအပါးဖြစ်၏။ သင့်ကို ငါရွေးချယ်ပြီ။ သင့်ကို ငါမစွန့်ပစ်”ဟု သင့်အား ငါမိန့်ဆို၏။ မကြောက်နှင့်၊ ငါသည် သင်နှင့်အတူရှိ၏။ မစိုးရိမ်နှင့်။ ငါသည် သင်၏ဘုရားသခင်ဖြစ်၏။ အကယ်စင်စစ် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို ကူညီမစမည်။ ငါ၏ဖြောင့်မတ်သောလက်ယာလက်ဖြင့် သင့်ကို ငါထောက်မမည်။ သင့်ကို အမျက်ထွက်သောသူအားလုံး အရှက်ကွဲရလိမ့်မည်၊ အသရေပျက်ရလိမ့်မည်။ သင့်ကိုရန်ပြုသောသူတို့သည် ဘာမျှမဟုတ်သောသူကဲ့သို့ဖြစ်သွားပြီး ပျက်စီးခြင်းသို့ရောက်ကြရလိမ့်မည်။ သင့်ကို ရန်မူသောသူတို့ကို သင်ရှာသော်လည်း တွေ့လိမ့်မည်မဟုတ်။ သင့်ကို တိုက်ခိုက်သောသူတို့သည် ဘာမျှမဟုတ်သောသူ၊ အရာမရောက်သောသူကဲ့သို့ ဖြစ်သွားကြလိမ့်မည်။ သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သင်၏လက်ယာလက်ကိုကိုင်လျက် သင့်အား “မကြောက်နှင့်။ သင့်ကိုငါကူညီမစမည်”ဟု မြွက်ဆိုသောသူဖြစ်၏။ “အို ပိုးကောင်ယာကုပ်၊ အို အစ္စရေးလူမျိုးတို့၊ မကြောက်နှင့်။ သင့်ကို ငါကူညီမစမည်”ဟု ထာဝရဘုရား မိန့်တော်မူ၏။ သင့်ကိုရွေးနုတ်သောသူသည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ဖြစ်တော်မူ၏။ ကြည့်ရှုလော့။ ငါသည် သင့်ကို အသွားထက်သည့် ကောက်နယ်တန်ဆာပလာအသစ်ဖြစ်စေမည်။ သင်သည် တောင်ကြီးတို့ကို နင်းနယ်၍ ညက်ညက်ကြေစေမည်။ တောင်ငယ်တို့ကို ဖွဲကဲ့သို့ဖြစ်စေမည်။ ထိုတောင်တို့ကို သင်သည် လှေ့မည်။ လေသည် သယ်ဆောင်သွားမည်။ မုန်တိုင်းသည် လွင့်စဉ်စေမည်။ သင်သည် ထာဝရဘုရား၌ ရွှင်လန်းမည်။ အစ္စရေးလူမျိုး၏သန့်ရှင်းသောဘုရား၌ ဝါကြွားမည်။