YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 41:1-16

ဟေရှာယအနာဂတ္တိကျမ်း 41:1-16 MSBU

ကမ်းရိုးတန်းဒေသ​တို့​၊ ငါ့​ရှေ့​မှာ​တိတ်ဆိတ်​စွာ​နေ​ကြ​လော့​။ လူမျိုးတကာ​တို့​၊ အား​သစ်​မွေး​ကြ​။ လာ​၍ တိုင်ပင်ဆွေးနွေး​ကြ​။ တရားဆိုင်​ဖို့ အတူတူ​ဆုံ​၍ တရားဆိုင်​ကြ​စို့​။ ဖြောင့်မတ်​သော​သူ​ကို အရှေ့​အရပ်​မှ ပေါ်ထွန်း​စေ​သော​သူ​ကား မည်သူ​နည်း​။ သူ့​ထံ လူမျိုးတကာ​တို့​ကို အပ်နှံ​သော​သူ​၊ သူ့​အား ရှင်ဘုရင်​တို့​ကို အုပ်စိုး​ရ​သော​အခွင့် ပေး​သော​သူ​ကား မည်သူ​နည်း​။ ထို​သူ​တို့​ကို သူ​၏​ဓား​ဖြင့် မြေမှုန့်​ကဲ့သို့​ဖြစ်စေ​၍ သူ​၏​လေး​ဖြင့် ဖွဲ​ကဲ့သို့​လွင့်​စေ​သော​သူ​ကား မည်သူ​နည်း​။ မိမိ​ခြေ​မ​ချ​ဖူး​သော​လမ်း​ဖြင့် ထို​သူ​တို့​ကို လိုက်လံတိုက်ခိုက်​ရာ​၌ ဘေးကင်းလုံခြုံ​ခွင့်​ကို​ပေး​သော​သူ​ကား မည်သူ​နည်း​။ အစအဦး​ကပင် မျိုးဆက်​တစ်ဆက်​ပြီး​တစ်ဆက် ပေါ်ထွန်း​စေ​သော​အမှု​ကို ပြု​သော​သူ​ကား မည်သူ​နည်း​။ ထို​သူ​ကား အဦးဆုံး​သော​သူ​ဖြစ်၍ နောက်ဆုံး​သော​သူ​တို့​နှင့်အတူ​ရှိ​သော ငါ​ထာဝရဘုရား​ပင်တည်း​။ ကမ်းရိုးတန်းဒေသ​တို့​သည် မြင်​၍ ကြောက်ရွံ့​ကြ​ပြီ​။ မြေကြီး​စွန်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​ပြီ​။ သူ​တို့​သည် ချဉ်းကပ်​လာ​ကြ​ပြီ​။ သူ​တို့​အချင်းချင်း ကူညီမစ​ကြ​၏​။ မိမိ​ညီအစ်ကို​အား “​အားယူ​လော့​”​ဟု ဆို​ကြ​၏​။ ပန်းတဉ်းသမား​သည် ပန်းထိမ်သမား​ကို အားပေး​၏​။ တူ​နှင့်​အချောသပ်​သော​သူ​သည် ပေ​ပေါ်တွင် ထု​သော​သူ​ကို အားပေး​၏​။ ဂဟေဆက်​ထား​သည်​မှာ “​ကောင်း​သည်​”​ဟု ဆို​၏​။ သူ​တို့​သည် ရုပ်တု​ကို ခိုင်ခံ့​စေရန် သံ​ဖြင့် ရိုက်​ထား​ကြ​၏​။ သို့သော် ငါ့​အစေအပါး အစ္စရေး​၊ ငါ​ရွေးချယ်​သော​သူ ယာကုပ်​၊ ငါ့​မိတ်ဆွေ အာဗြဟံ​၏​သားစဉ်မြေးဆက်​၊ မြေကြီး​စွန်း​မှ ငါ​ဆွဲလာ​သူ​၊ အဝေးဆုံး​အရပ်​မှ ငါ​ခေါ်လာ​သူ “​သင်​သည် ငါ​၏​အစေအပါး​ဖြစ်​၏​။ သင့်​ကို ငါ​ရွေးချယ်​ပြီ​။ သင့်​ကို ငါ​မ​စွန့်ပစ်​”​ဟု သင့်​အား ငါ​မိန့်ဆို​၏​။ မ​ကြောက်​နှင့်​၊ ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ မ​စိုးရိမ်​နှင့်​။ ငါ​သည် သင်​၏​ဘုရားသခင်​ဖြစ်​၏​။ အကယ်စင်စစ် သင့်​ကို ခိုင်ခံ့​စေ​မည်​။ သင့်​ကို ကူညီမစ​မည်​။ ငါ​၏​ဖြောင့်မတ်​သော​လက်ယာ​လက်​ဖြင့် သင့်​ကို ငါ​ထောက်မ​မည်​။ သင့်​ကို အမျက်ထွက်​သော​သူ​အားလုံး အရှက်ကွဲ​ရ​လိမ့်မည်​၊ အသရေပျက်​ရ​လိမ့်မည်​။ သင့်​ကို​ရန်ပြု​သော​သူ​တို့​သည် ဘာမျှမဟုတ်​သော​သူ​ကဲ့သို့​ဖြစ်သွား​ပြီး ပျက်စီး​ခြင်း​သို့​ရောက်​ကြ​ရ​လိမ့်မည်​။ သင့်​ကို ရန်မူ​သော​သူ​တို့​ကို သင်​ရှာ​သော်လည်း တွေ့​လိမ့်မည်​မ​ဟုတ်​။ သင့်​ကို တိုက်ခိုက်​သော​သူ​တို့​သည် ဘာမျှမဟုတ်​သော​သူ​၊ အရာမရောက်​သော​သူ​ကဲ့သို့ ဖြစ်သွား​ကြ​လိမ့်မည်​။ သင်​၏​ဘုရားသခင် ငါ​ထာဝရဘုရား​သည် သင်​၏​လက်ယာ​လက်​ကို​ကိုင်​လျက် သင့်​အား “​မ​ကြောက်​နှင့်​။ သင့်​ကို​ငါ​ကူညီမစ​မည်​”​ဟု မြွက်ဆို​သော​သူ​ဖြစ်​၏​။ “​အို ပိုးကောင်​ယာကုပ်​၊ အို အစ္စရေး​လူမျိုး​တို့​၊ မ​ကြောက်​နှင့်​။ သင့်​ကို ငါ​ကူညီမစ​မည်​”​ဟု ထာဝရဘုရား မိန့်​တော်မူ​၏​။ သင့်​ကို​ရွေးနုတ်​သော​သူ​သည် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင် ဖြစ်​တော်မူ​၏​။ ကြည့်ရှု​လော့​။ ငါ​သည် သင့်​ကို အသွား​ထက်​သည့် ကောက်နယ်​တန်ဆာပလာ​အသစ်​ဖြစ်စေ​မည်​။ သင်​သည် တောင်ကြီး​တို့​ကို နင်းနယ်​၍ ညက်ညက်ကြေ​စေ​မည်​။ တောင်ငယ်​တို့​ကို ဖွဲ​ကဲ့သို့​ဖြစ်စေ​မည်​။ ထို​တောင်​တို့​ကို သင်​သည် လှေ့​မည်​။ လေ​သည် သယ်ဆောင်​သွား​မည်​။ မုန်တိုင်း​သည် လွင့်စဉ်​စေ​မည်​။ သင်​သည် ထာဝရဘုရား​၌ ရွှင်လန်း​မည်​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​ဘုရား​၌ ဝါကြွား​မည်​။