ယေဇကျေလ 37:15-28
ယေဇကျေလ 37:15-28 Judson Bible (JBMLE)
တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ တုတ်တစ်ချောင်းကိုယူ၍၊ ယုဒအမျိုးနှင့် သူ၏အပေါင်းအဖော် ဣသရေလအမျိုးသားအဖို့ဟု ရေးမှတ်လော့။ တစ်ဖန် တုတ်တစ်ချောင်းကိုယူ၍၊ ယောသပ်အမျိုးနှင့် သူ၏ အပေါင်းအဖော် ဣသရေလအမျိုးသားများအဖို့၊ ဧဖရိမ်တုတ်ပေတည်းဟု ရေးမှတ်လော့။ ထိုတုတ်နှစ်ချောင်းကို တစ်ချောင်းတည်းဖြစ်စေခြင်းငှာ ပူးထား၍၊ ထိုတစ်ချောင်းတည်းသော တုတ်ကို လက်စွဲလော့။ သင်၏အမျိုးသားချင်းတို့က၊ ထိုသို့ပြုသော်၊ အဘယ်သို့ဆိုလိုသည်ကို ငါတို့အားမပြောသင့်သလောဟု မေးလျှင်၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ ဧဖရိမ်ကိုင်သော ယောသပ်၏တုတ်နှင့်၊ သူ၏အပေါင်းအဖော် ဣသရေလအမျိုးအနွယ်တို့ကို ငါယူ၍ ယုဒတုတ်နှင့်အတူ ပူးထားပြီးလျှင်၊ တစ်ချောင်းတည်းဖြစ်သော တုတ်ကို ငါလက်စွဲမည်ဟု ဆင့်ဆိုလျက်၊ သင်ရေးမှတ်သော ထိုတုတ်ကို သူတို့မျက်မှောက်၌ လက်စွဲလျက်နေလော့။ အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုလည်း ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုးသားတို့ရောက်သော တစ်ပါးအမျိုးသား နေရာအရပ်ရပ်တို့မှ သူတို့ကိုငါခေါ်ခဲ့၍ စုဝေးစေပြီးလျှင်၊ သူတို့ကို နေရင်းပြည်သို့ ပို့ဆောင်မည်။ ထိုပြည်တွင် ဣသရေလတောင်တို့အပေါ်၌ လူတစ်မျိုးတည်းဖြစ်စေ၍၊ ရှင်ဘုရင်တစ်ပါးတည်းသာလျှင် ထိုသူအပေါင်းတို့ကို စိုးစံရလိမ့်မည်။ နောက်တစ်ဖန် သူတို့သည် လူနှစ်မျိုးမဖြစ်ရ။ နှစ်တိုင်းနှစ်ပြည် ကွဲပြားလျက်မရှိရ။ နောက်တစ်ဖန် သူတို့ရုပ်တုများ၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုများ၊ လွန်ကျူးခြင်းအမှုများနှင့် ကိုယ်ကို မညစ်ညူးစေရကြ။ သူတို့ပြစ်မှားလေရာရာ အရပ်တို့မှ ငါကယ်နုတ်၍ သန့်ရှင်းစေမည်။ သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ဘုရားသခင် ဖြစ်မည်။ ငါ၏ကျွန်ဒါဝိဒ်သည် သူတို့၏ ရှင်ဘုရင်ဖြစ်၍၊ ထိုသူအပေါင်းတို့သည် သိုးထိန်းတစ်ဦးတည်း ရှိကြလိမ့်မည်။ ငါစီရင်ထုံးဖွဲ့ချက် တရားလမ်းသို့လိုက်၍ စောင့်ရှောက်ကြလိမ့်မည်။ ငါ၏ကျွန်ယာကုပ်အားငါပေး၍၊ သင်တို့ ဘိုးဘေးများနေဖူးသော ပြည်၌ သူတို့နှင့် သားမြေးအစဉ်အဆက်တို့သည် နေကြလိမ့်မည်။ ငါ၏ကျွန်ဒါဝိဒ်သည်လည်း သူတို့ကို အစဉ်အမြဲစိုးစံလိမ့်မည်။ ထိုမှတစ်ပါး၊ သူတို့နှင့်မိတ်သဟာယပဋိညာဉ်ကို ငါဖွဲ့၍၊ ထိုပဋိညာဉ်သည် နိစ္စထာဝရပဋိညာဉ် ဖြစ်လိမ့်မည်။ သူတို့ကိုနေရာချ၍ များပြားစေမည်။ ငါ၏သန့်ရှင်းရာဌာနကို သူတို့အလယ်၌ အစဉ်အမြဲထားမည်။ ငါ၏ဗိမာန်တော်သည်လည်း သူတို့၌ရှိ၍၊ ငါသည် သူတို့၏ ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်လိမ့်မည်။ ထိုသို့ ငါ၏သန့်ရှင်းရာဌာနသည် သူတို့အလယ်၌ အစဉ်အမြဲတည်သောအခါ၊ ငါထာဝရဘုရားသည် ဣသရေလအမျိုးကို သန့်ရှင်းစေသည်ဟု တစ်ပါးအမျိုးသားတို့သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
ယေဇကျေလ 37:15-28 Common Language Bible (BCL)
တစ်ဖန်အရှင်ထာဝရဘုရား၏နှုတ်ကပတ် တော်သည်ငါ့ထံသို့ရောက်လာ၏။- ကိုယ်တော်က``အချင်းလူသား၊ တုတ်တစ်ချောင်း ကိုယူ၍`ယုဒနိုင်ငံနှင့်သူ၏မိတ်ဆွေဣသ ရေလနိုင်ငံအတွက်' ဟုရေးမှတ်လော့။ ထို နောက်အခြားတုတ်တစ်ချောင်းကိုယူ၍ `ဣသရေလနိုင်ငံနှင့်သူ၏မိတ်ဆွေ ယောသပ်နှင့်သက်ဆိုင်သည့်ဧဖရိမ်၏ တုတ်' ဟုရေးမှတ်လော့။- ထိုတုတ်နှစ်ချောင်းကိုတစ်ချောင်းတည်းဟု ထင်ရအောင်သင်၏လက်တွင်ကိုင်ထားလော့။- ယင်းသို့ပြုသည်မှာအဘယ်သို့အဋ္ဌိပ္ပါယ် ရှိပါသနည်းဟု သင်၏အမျိုးသားတို့ ကမေးမြန်းကြလိမ့်မည်။- ထိုအခါငါအရှင်ထာဝရဘုရားသည် ဧဖရိမ်ကိုင်ထားသည့်ယောသပ်၏တုတ်နှင့် ဣသရေလအမျိုးအနွယ်နှင့်သူ၏အပေါင်း ပါတို့ကိုယူလျက် ယုဒနိုင်ငံ၏တုတ်တစ် ချောင်းနှင့်အတူထား၍ တစ်ချောင်းတည်း ဖြစ်သောတုတ်ကိုငါကိုင်ထားတော်မူမည် ဖြစ်ကြောင်းသူတို့အားပြောကြားလော့။ ``သင်ရေးမှတ်ထားသောတုတ်နှစ်ချောင်းကို လူများမြင်သာအောင်လက်တွင်ကိုင်ထား လော့။- ထိုနောက်ငါအရှင်ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့အား သူတို့ ရောက်ရှိနေရာလူမျိုးတကာတို့အထဲမှ ထုတ်ယူစုသိမ်းပြီးလျှင် သူတို့ကိုယ်ပိုင်တိုင်း ပြည်သို့ခေါ်ဆောင်လာမည်ဖြစ်ကြောင်းထို သူတို့အားပြောပြလော့။- ငါသည်သူတို့အားထိုပြည်တွင်ဣသရေလ တောင်များပေါ်မှာလူမျိုးတစ်မျိုးတည်း ဖြစ်စေတော်မူမည်။ သူတို့၌အုပ်စိုးမည့် ဘုရင်တစ်ပါးတည်းရှိလိမ့်မည်။ လူမျိုး နှစ်မျိုးနိုင်ငံနှစ်နိုင်ငံကွဲပြားလျက် မရှိရ။- သူတို့သည်နောက်တစ်ဖန်စက်ဆုပ်ဖွယ်ရာ ရုပ်တုများအားဖြင့်မိမိတို့ကိုမညစ် ညမ်းစေရ။ အပြစ်ကူးလွန်မှုအားဖြင့် စာရိတ္တမပျက်စီးရ။ ငါသည်သူတို့အား အပြစ်ဒုစရိုက်နှင့်ဖောက်ပြန်မှုအမျိုး မျိုးမှကယ်တင်၍စင်ကြယ်စေမည်။ သူတို့ သည်ငါ၏လူမျိုးတော်ဖြစ်၍ငါသည် လည်းသူတို့၏ဘုရားဖြစ်လိမ့်မည်။- ငါ၏အစေခံဒါဝိဒ်ကဲ့သို့သောဘုရင် သည်သူတို့၏ဘုရင်ဖြစ်လိမ့်မည်။ သူတို့ အားလုံးသိုးထိန်းတစ်ပါးတည်း၏လက် အောက်၌စုစည်းကြလျက် ငါ၏ပညတ် တော်တို့ကိုသစ္စာရှိစွာစောင့်ထိန်း၍ငါ ၏အမိန့်ကိုနာခံကြလိမ့်မည်။- သူတို့သည်မိမိတို့ဘိုးဘေးများနေထိုင် ခဲ့ကြသည့်ပြည်တည်းဟူသောငါ၏အစေ ခံယာကုပ်အား ငါပေးအပ်သည့်ပြည်တွင် နေထိုင်ရကြလိမ့်မည်။ သူတို့နည်းတူသူ တို့၏သားသမီးများနှင့်အဆက်အနွယ် အပေါင်းတို့သည်ထိုပြည်တွင်အစဉ်အမြဲ နေထိုင်ရကြလိမ့်မည်။ ငါ၏အစေခံဒါဝိဒ် ကဲ့သို့သောဘုရင်သည်သူတို့ကိုအစဉ် အုပ်စိုးလိမ့်မည်။- ထာဝစဉ်ငြိမ်းချမ်းရေးအတွက်သူတို့နှင့် ပဋိညာဉ်ပြုမည်။ သူတို့အားတည်ထောင်ပေး လျက်လူဦးရေတိုးပွားစေ၍ ငါ၏ဗိမာန် တော်ကိုသူတို့ပြည်တွင်အစဉ်အမြဲတည် စေမည်။- ငါသည်ထိုအရပ်တွင်သူတို့နှင့်အတူကိန်း ဝပ်၍သူတို့၏ဘုရားဖြစ်လိမ့်မည်။ သူတို့ သည်လည်းငါ၏လူမျိုးတော်ဖြစ်ကြလိမ့် မည်။- ငါသည်သူတို့၏အလယ်၌ငါ၏ဗိမာန် တော်ကိုအစဉ်အမြဲတည်ရှိစေသောအခါ ငါသည်ဣသရေလအမျိုးသားတို့အား ငါသည်သန့်ရှင်းစေတော်မူကြောင်းကိုလူ မျိုးတကာတို့သိရှိကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
ယေဇကျေလ 37:15-28 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ “အချင်းလူသား၊ တုတ်တစ်ချောင်းကိုယူ၍ ထိုတုတ်ပေါ်တွင် ‘ယုဒအမျိုးနှင့် ယုဒအမျိုး၏အပေါင်းအဖော် အစ္စရေးအမျိုးသားတို့အတွက်’ဟု ရေးထားလော့။ နောက်တုတ်တစ်ချောင်းကိုယူ၍ ‘ယောသပ်အမျိုးအတွက် ဧဖရိမ်တုတ်နှင့် ယောသပ်အမျိုး၏အပေါင်းအဖော် အစ္စရေးအမျိုးသားအပေါင်းတို့အတွက်’ဟု ရေးထားလော့။ ထိုတုတ်နှစ်ချောင်းကို တစ်ချောင်းတည်းဖြစ်စေရန် သင့်လက်ထဲတွင် ပူးကိုင်ထားလော့။ သင့်အမျိုးသားချင်းတို့က သင့်အား ‘ဤအရာသည် မည်သည်ကိုဆိုလိုသနည်း။ သင်ပြောပြနိုင်မည်လော’ဟု မေးလာလျှင် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ဧဖရိမ်ကိုင်ထားသော ယောသပ်နှင့် ယောသပ်၏အပေါင်းအဖော် အစ္စရေးအမျိုးအနွယ်တို့၏တုတ်ကိုယူ၍ ယုဒ၏တုတ်နှင့် ပူးကိုင်ထားပြီး တစ်ချောင်းတည်းဖြစ်စေမည်။ ငါ့လက်ထဲတွင် တစ်ချောင်းတည်းဖြစ်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပြောလော့။ စာရေးထားသောတုတ်ချောင်းကို သူတို့ရှေ့၌ သင့်လက်တွင်ကိုင်ထား၍ သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် အစ္စရေးအမျိုးသားတို့ကို သူတို့ရောက်ရာလူမျိုးခြားတို့အလယ်မှ ပြန်ခေါ်လာမည်။ သူတို့ရောက်ရာအရပ်ရပ်မှ သူတို့ကိုစုစည်းပြီး နေရင်းပြည်သို့ ပြန်ပို့ဆောင်မည်။ ထိုပြည်ရှိ အစ္စရေးတောင်ပေါ်တွင် သူတို့ကို လူမျိုးတစ်မျိုးတည်း ဖြစ်စေမည်။ သူတို့အားလုံးကို ရှင်ဘုရင်တစ်ပါးတည်းသာ အုပ်ချုပ်မည်။ သူတို့သည် လူမျိုးနှစ်မျိုးဖြစ်တော့မည်မဟုတ်၊ နိုင်ငံနှစ်နိုင်ငံအဖြစ် ကွဲပြားတော့မည်မဟုတ်။ သူတို့သည် ရုပ်တုများ၊ စက်ဆုပ်ရွံရှာဖွယ်အရာများနှင့် အပြစ်အမျိုးမျိုးကျူးလွန်ခြင်းတို့ဖြင့် ကိုယ်ကိုညစ်ညူးစေတော့မည်မဟုတ်။ သူတို့အပြစ်ပြုလေရာအရပ်ရပ်တို့မှ သူတို့ကိုကယ်နုတ်၍ သူတို့ကိုစင်ကြယ်စေမည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။ ငါ့အစေအပါးဒါဝိဒ်သည် သူတို့ကိုအုပ်စိုးသည့်ဘုရင်ဖြစ်မည်။ သူတို့အားလုံး သိုးထိန်းတစ်ပါးတည်းသာရှိမည်။ သူတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာ၍ ငါ၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းကြလိမ့်မည်။ ငါ၏အစေအပါးယာကုပ်အား ငါပေး၍ ဘိုးဘေးတို့နေထိုင်ခဲ့ဖူးသောပြည်၌ နေထိုင်ကြရလိမ့်မည်။ သူတို့နှင့် သူတို့၏သားသမီးမြေးမြစ်တို့သည် ထိုပြည်တွင် အစဉ်အမြဲနေထိုင်ကြရ၍ ငါ၏အစေအပါးဒါဝိဒ်သည် သူတို့ကို အစဉ်အုပ်စိုးမည်။ ငါသည် သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကိုဖွဲ့၍ ထိုပဋိညာဉ်သည် ထာဝရပဋိညာဉ်ဖြစ်မည်။ သူတို့ကို နေရာချထားမည်။ သူတို့ကို တိုးပွားစေမည်။ ငါ၏သန့်ရှင်းရာဌာနကို သူတို့အလယ်တွင် အစဉ်တည်စေမည်။ ငါ၏ကိန်းဝပ်တော်မူရာတဲတော်သည်လည်း သူတို့နှင့်အတူရှိမည်။ ငါသည် သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်။ ဤသို့ ငါ၏သန့်ရှင်းရာဌာနသည် သူတို့၌ အစဉ်တည်ရှိသောအခါ ငါထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို သန့်ရှင်းစေသောဘုရားဖြစ်ကြောင်း လူမျိုးတကာတို့ သိရလိမ့်မည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။