တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ “အချင်းလူသား၊ တုတ်တစ်ချောင်းကိုယူ၍ ထိုတုတ်ပေါ်တွင် ‘ယုဒအမျိုးနှင့် ယုဒအမျိုး၏အပေါင်းအဖော် အစ္စရေးအမျိုးသားတို့အတွက်’ဟု ရေးထားလော့။ နောက်တုတ်တစ်ချောင်းကိုယူ၍ ‘ယောသပ်အမျိုးအတွက် ဧဖရိမ်တုတ်နှင့် ယောသပ်အမျိုး၏အပေါင်းအဖော် အစ္စရေးအမျိုးသားအပေါင်းတို့အတွက်’ဟု ရေးထားလော့။ ထိုတုတ်နှစ်ချောင်းကို တစ်ချောင်းတည်းဖြစ်စေရန် သင့်လက်ထဲတွင် ပူးကိုင်ထားလော့။ သင့်အမျိုးသားချင်းတို့က သင့်အား ‘ဤအရာသည် မည်သည်ကိုဆိုလိုသနည်း။ သင်ပြောပြနိုင်မည်လော’ဟု မေးလာလျှင် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ဧဖရိမ်ကိုင်ထားသော ယောသပ်နှင့် ယောသပ်၏အပေါင်းအဖော် အစ္စရေးအမျိုးအနွယ်တို့၏တုတ်ကိုယူ၍ ယုဒ၏တုတ်နှင့် ပူးကိုင်ထားပြီး တစ်ချောင်းတည်းဖြစ်စေမည်။ ငါ့လက်ထဲတွင် တစ်ချောင်းတည်းဖြစ်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပြောလော့။ စာရေးထားသောတုတ်ချောင်းကို သူတို့ရှေ့၌ သင့်လက်တွင်ကိုင်ထား၍ သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် အစ္စရေးအမျိုးသားတို့ကို သူတို့ရောက်ရာလူမျိုးခြားတို့အလယ်မှ ပြန်ခေါ်လာမည်။ သူတို့ရောက်ရာအရပ်ရပ်မှ သူတို့ကိုစုစည်းပြီး နေရင်းပြည်သို့ ပြန်ပို့ဆောင်မည်။ ထိုပြည်ရှိ အစ္စရေးတောင်ပေါ်တွင် သူတို့ကို လူမျိုးတစ်မျိုးတည်း ဖြစ်စေမည်။ သူတို့အားလုံးကို ရှင်ဘုရင်တစ်ပါးတည်းသာ အုပ်ချုပ်မည်။ သူတို့သည် လူမျိုးနှစ်မျိုးဖြစ်တော့မည်မဟုတ်၊ နိုင်ငံနှစ်နိုင်ငံအဖြစ် ကွဲပြားတော့မည်မဟုတ်။ သူတို့သည် ရုပ်တုများ၊ စက်ဆုပ်ရွံရှာဖွယ်အရာများနှင့် အပြစ်အမျိုးမျိုးကျူးလွန်ခြင်းတို့ဖြင့် ကိုယ်ကိုညစ်ညူးစေတော့မည်မဟုတ်။ သူတို့အပြစ်ပြုလေရာအရပ်ရပ်တို့မှ သူတို့ကိုကယ်နုတ်၍ သူတို့ကိုစင်ကြယ်စေမည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။ ငါ့အစေအပါးဒါဝိဒ်သည် သူတို့ကိုအုပ်စိုးသည့်ဘုရင်ဖြစ်မည်။ သူတို့အားလုံး သိုးထိန်းတစ်ပါးတည်းသာရှိမည်။ သူတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာ၍ ငါ၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းကြလိမ့်မည်။ ငါ၏အစေအပါးယာကုပ်အား ငါပေး၍ ဘိုးဘေးတို့နေထိုင်ခဲ့ဖူးသောပြည်၌ နေထိုင်ကြရလိမ့်မည်။ သူတို့နှင့် သူတို့၏သားသမီးမြေးမြစ်တို့သည် ထိုပြည်တွင် အစဉ်အမြဲနေထိုင်ကြရ၍ ငါ၏အစေအပါးဒါဝိဒ်သည် သူတို့ကို အစဉ်အုပ်စိုးမည်။ ငါသည် သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကိုဖွဲ့၍ ထိုပဋိညာဉ်သည် ထာဝရပဋိညာဉ်ဖြစ်မည်။ သူတို့ကို နေရာချထားမည်။ သူတို့ကို တိုးပွားစေမည်။ ငါ၏သန့်ရှင်းရာဌာနကို သူတို့အလယ်တွင် အစဉ်တည်စေမည်။ ငါ၏ကိန်းဝပ်တော်မူရာတဲတော်သည်လည်း သူတို့နှင့်အတူရှိမည်။ ငါသည် သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်။ ဤသို့ ငါ၏သန့်ရှင်းရာဌာနသည် သူတို့၌ အစဉ်တည်ရှိသောအခါ ငါထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို သန့်ရှင်းစေသောဘုရားဖြစ်ကြောင်း လူမျိုးတကာတို့ သိရလိမ့်မည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
ယေဇကျေလအနာဂတ္တိကျမ်း 37 ကို ဖတ်ရှုရန်
နားထောင်ရန် ယေဇကျေလအနာဂတ္တိကျမ်း 37
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေဇကျေလအနာဂတ္တိကျမ်း 37:15-28
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ