ပညတ်တရားကို သိသောညီအစ်ကိုတို့၊ ပညတ်တရားသည် လူကို အသက်ထက်ဆုံးမျှသာ ပိုင်သည်ကို မသိကြသလော။- ဥပမာကား၊ လင်ရှိသောမိန်းမသည် လင်မသေမီတိုင်အောင်၊ ပညတ်တရားအားဖြင့် လင်၌ ချည်နှောင်လျက်ရှိ၏။ လင်သေလျှင်မူကား လင်ဝတ်နှင့်လွတ်၏။- ထိုကြောင့်၊ မိမိလင်မသေမီ အခြားသောသူ၏ မယားဖြစ်လျှင်၊ မျောက်မထားသောမိန်းမဟု ခေါ်ထိုက်၏။ လင်သေလျှင်မူကား၊ ထိုတရားနှင့်လွတ်သည်ဖြစ်၍၊ အခြားသောသူ၏မယား ဖြစ်သော်လည်း၊ မျောက်မထားသောမိန်းမဟု ခေါ်စရာအကြောင်းမရှိ။- ထိုနည်းတူ၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အခြားသော သူတည်းဟူသော၊ သေခြင်းမှ ထမြောက်တော်မူသော သူ၏မယားဖြစ်၍၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ တိုးပွားမည်အကြောင်း၊ ခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့်သေ၍ ပညတ်တရားနှင့် ကွာကြ၏။- ငါတို့သည် ဇာတိပကတိ၌ ကျင်လည်သောအခါ၊ အပြစ်နှင့်စပ်ဆိုင်သော စိတ်တို့သည် ပညတ်တရားအားဖြင့်ပေါက်၍ သေခြင်းတရား၏အလိုနှင့်အညီ တိုးပွားမည်အကြောင်း၊ ငါတို့၏ကိုယ်အင်္ဂါများ၌ ပြုပြင်ကြ၏။- ယခုမူကား၊ ကျမ်းစာ၌ပါသော တရားဟောင်းကို မမှီဘဲ၊ ဝိညာဉ်တော်တရားသစ်ကိုမှီ၍ အမှုဆောင်ရွက်ခြင်းအလိုငှာ၊ ငါတို့သည်သေသဖြင့် အုပ်ချုပ်သောပညတ်တရား၏လက်မှ လွတ်ခြင်းသို့ ရောက်ကြပြီ။ သို့ဖြစ်၍ အဘယ်သို့ပြောရမည်နည်း။ ပညတ်တရား၌ အပြစ်ရှိသလော။ အပြစ်မရှိနိုင်ရာ။ သို့ရာတွင် ပညတ်တရားအားဖြင့်သာ အပြစ်သဘောကို ငါသိရ၏။ အဘယ်သို့နည်းဟူမူကား၊ လောဘစိတ်မရှိစေနှင့်ဟု ပညတ်တရားမဆိုလျှင်၊ လောဘသဘောကို ငါမသိ။- အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရ၍၊ ငါ၌ အမျိုးမျိုးသော လောဘတို့ကို ဖြစ်စေ၏။ ပညတ်တရားမရှိလျှင်၊ အပြစ်တရားသေ၏။- အထက်က ပညတ်တရားမရှိသဖြင့်၊ ငါသည် အသက်ရှင်၏။ ပညတ်တရားပေါ်သောအခါ အပြစ်တရားသည် ရှင်ပြန်၏။ ငါလည်း သေ၏။- အသက်ရှင်ခြင်းနှင့်ဆိုင်သော ပညတ်တရားသည် သေခြင်းနှင့် ဆိုင်သည်ကို ငါတွေ့၏။- အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရလျှင်၊ ငါ့ကိုလှည့်ဖြား၍ ထိုတရားအားဖြင့် ငါ့ကိုသတ်လေ၏။- ထိုကြောင့်၊ တရားတော်သည် သန့်ရှင်းခြင်းရှိ၏။ ပညတ်တရားလည်း သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။- သို့ဖြစ်လျှင် ကောင်းမြတ်သောအရာသည် ငါ၌သေခြင်းအကြောင်း ဖြစ်သလော။ မဖြစ်နိုင်ရာ။ အပြစ်တရားသည် မိမိသဘောကို ထင်ရှားစေခြင်းငှာ ကောင်းမြတ်သောအရာအားဖြင့် ငါ၌သေခြင်းကိုပြု၍ သေခြင်းအကြောင်းဖြစ်၏။ ထိုသို့ဖြစ်သောကြောင့် အပြစ်တရားသည် ပညတ်တော်အားဖြင့် အလွန်အပြစ်နှင့် ပြည့်စုံခြင်းရှိသတည်း။ ထိုမှတစ်ပါး၊ ပညတ်တရားသည် ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ ငါမူကား ဇာတိပကတိရှိ၏။ အပြစ်တရားလက်၌ ကျေးကျွန်ဖြစ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်ကျင့်သောအကျင့်ကို မနှစ်သက်။ ကျင့်ချင်သောအကျင့်ကို မကျင့်၊ ရွံရှာသော အကျင့်ကို ကျင့်၏။- ထိုသို့ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်လျှင်၊ ပညတ်တရားဖြောင့်သည်ဟု ငါဝန်ခံ၏။- သို့ဖြစ်လျှင်၊ ထိုမကောင်းသောအကျင့်ကို ငါ့ကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသော အပြစ်တရားသည် ကျင့်၏။- ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသောအရာ တစ်စုံတစ်ခုမျှ မတည်သည်ကို ငါသိ၏။ အကြောင်းမူကား၊ ငါသည် ကျင့်ချင်သော စိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့်ကို ရှာ၍မတွေ့နိုင်။- ငါသည် ကျင့်ချင်သော အကျင့်ကောင်းကို မကျင့်။ မကျင့်ချင်သော အကျင့်ဆိုးကို ကျင့်၏။- ထိုသို့ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်လျှင်၊ ငါကိုယ်တိုင် ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသော အပြစ်တရားသည် ကျင့်၏။- ထိုသို့ ကောင်းသောအကျင့်ကို ငါကျင့်ချင်သောအခါ၊ မကောင်းသောအကျင့်ကို ကျင့်စေတတ်သော တရားကို ငါတွေ့၏။- ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ ပညတ်တရားတော်ကို နှစ်သက်၏။- သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ ရှိသော တရားတစ်ပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင် တိုက်လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ရှိသော အပြစ်တရားလက်သို့ ငါ့ကို ဖမ်းသွားအပ်နှံသည်ကို ငါမြင်၏။- ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား။ ဤအသေကောင်မှ ငါ့ကို အဘယ်သူ ကယ်လွှတ်မည်နည်း။- ငါတို့သခင် ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသော ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပေ၏။ ထိုသို့ စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ တရားတော်အလိုသို့လည်းကောင်း၊ ဇာတိပကတိအားဖြင့် အပြစ်တရားအလိုသို့လည်းကောင်း၊ ငါလိုက်တတ်၏။
ရောမ 7 ကို ဖတ်ရှုရန်
နားထောင်ရန် ရောမ 7
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရောမ 7:1-25
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ