လူဇာတိအားဖြင့် ဒါဝိဒ်အမျိုးဖြစ်တော်မူထသော၊- သေခြင်းမှထမြောက်တော်မူ၍၊ သန့်ရှင်းသောဝိညာဉ်အားဖြင့်၊- တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော် ထင်ရှားဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်တည်းဟူသော မိမိသားတော်ကို အကြောင်းပြု၍ ဘုရားသခင်သည် ရှေးကမိမိပရောဖက်များအားဖြင့်၊ သန့်ရှင်းသောကျမ်းစာ၌ ကတိထားတော်မူသော ဧဝံဂေလိတရားကို ဟောစေခြင်းငှာ၊ ရွေးချယ်ခွဲထား၍ တမန်တော်အရာ၌ ခန့်ထားသော ယေရှုခရစ်၏ကျွန် ငါပေါလုသည်၊- ဘုရားသခင်ချစ်တော်မူ၍၊ သန့်ရှင်းသူအရာ၌ ခန့်ထားသော ရောမမြို့သူမြို့သားအပေါင်းတို့ကို ကြားလိုက်ပါ၏။- သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။ သခင်ယေရှုခရစ်၏ နာမတော်ကိုအမှီပြု၍ လူမျိုးအပေါင်းတို့သည် ယုံကြည်နားထောင်စေခြင်းငှာ ထိုသခင်ထံ၌ ကျေးဇူးတော်နှင့် တမန်တော်အရာကို ငါတို့သည် ခံရကြပြီ။ ထိုသခင်ခေါ်ထားတော်မူသော သင်တို့သည်လည်း ထိုလူမျိုးတို့၌ အပါအဝင်ဖြစ်ကြ၏။ သင်တို့၏ယုံကြည်ခြင်းအရာသည် မြေတစ်ပြင်လုံး၌ အနှံ့အပြား ကျော်စောသည်ဖြစ်၍၊ သင်တို့အကြောင်းကြောင့် ယေရှုခရစ်အားဖြင့်၊ ငါ၏ဘုရားသခင်ကျေးဇူးတော်ကို ရှေ့ဦးစွာ ငါချီးမွမ်း၏။- ငါသည်သင်တို့ကို မခြားမလပ်အောက်မေ့၍ အစဉ်မပြတ် ဆုတောင်းပတ္ထနာပြုသည်ဟု သားတော်၏ ဧဝံဂေလိတရားကို ဟောလျက်၊ အမှုတော်ကို စိတ်ဝိညာဉ်နှင့်တကွ ငါဆောင်ရွက်၍ ငါကိုးကွယ်သော ဘုရားသခင်သည် ငါ၏သက်သေခံဖြစ်တော်မူ၏။- မကြာမမြင့်မီ ဘုရားသခင်အလိုတော်အားဖြင့် အဆင်သင့်၍၊ သင်တို့ရှိရာသို့ ငါလာရသောအခွင့် တစ်စုံတစ်ခုရှိပါမည်အကြောင်း ဆုတောင်းပတ္ထနာပြု၏။- သင်တို့သည် မြဲမြံခိုင်ခံ့မည်အကြောင်း၊ ငါသည် သင်တို့၌ ဝိညာဉ်ဆုကျေးဇူးတစ်စုံတစ်ခုကို အပ်ပေးခြင်းငှာ၊ သင်တို့ကို အလွန်တွေ့မြင်ချင်ပါ၏။- ထိုသို့ဆိုသော်၊ ငါနှင့်သင်တို့သည် ယုံကြည်သောအားဖြင့် အချင်းချင်း အားရသက်သာခြင်းသို့ ရောက်ကြမည်အကြောင်းကို ဆိုလိုသတည်း။ ညီအစ်ကိုတို့၊ ငါသည်အခြားသော တစ်ပါးအမျိုးသားတို့တွင် အကျိုးကိုရသကဲ့သို့ သင်တို့တွင်လည်း အကျိုးတစ်စုံတစ်ခုကိုရခြင်းငှာ၊ သင်တို့ရှိရာသို့သွားမည်ဟု အဖန်ဖန်အကြံရှိကြောင်းကို သင်တို့မသိဘဲနေစေခြင်းငှာ ငါအလိုမရှိ၊ ထိုသို့အကြံရှိသော်လည်း၊ ယခုတိုင်အောင် မြစ်တားသော အကြောင်းရှိ၏။- ဟေလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ကြွေးသည် ငါ၌တင်လျက်ရှိ၏။- သို့ဖြစ်လျှင်၊ ငါတတ်နိုင်သမျှအတိုင်း ရောမမြို့သားဖြစ်သော သင်တို့အား ဧဝံဂေလိတရားကို ဟောခြင်းငှာ စေတနာစိတ်ရှိ၏။ ငါသည် ခရစ်တော်၏ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။- အဘယ်သို့ဖြစ်သနည်း ဟူမူကား၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်ဟု ကျမ်းစာလာသည်နှင့်အညီ၊ ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည်၊ ယုံကြည်ခြင်းအဖို့အလိုငှာ ဧဝံဂေလိတရားအားဖြင့် ထင်ရှားလျက်ရှိ၏။ သမ္မာတရားကိုအဓမ္မဖြင့် ဆီးတားနှိပ်စက်သောသူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုးတို့ တစ်ဖက်၌ ဘုရားသခင်၏ အမျက်တော်သည် ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။- အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သော ဘုရားသခင်၏ အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အား ပြတော်မူပြီ။- အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့်သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။- အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကို ချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊ ကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးမိုက်မဲခြင်းသို့ ရောက်ကြ၏။- ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌ တည်ကြသည်ဖြစ်၍၊- မဖောက်ပြန်မပျက်စီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကိုပယ်လျက်၊ ဖောက်ပြန်ပျက်စီးတတ်သော လူ၏ရုပ်တု၊ သားငှက်အစရှိသော တွားတတ်သော တိရစ္ဆာန်၏ရုပ်တုကို ဘုရားသခင်အရာ၌ ချီးမြှောက်ကြ၏။ ထိုကြောင့်သူတို့သည် မိမိတို့ကိုယ်ကာယ၏ အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကို သူတို့၏ ကိလေသာစိတ်ညစ်ညူးခြင်းလက်သို့ အပ်လိုက်တော်မူ၏။- သူတို့သည် မှန်သောဘုရားသခင့်အရာ၌ အမှားကိုထားလျက်၊ ဖန်ဆင်းတတ်သော သခင်ကိုပယ်၍ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူ ဖြစ်ကြ၏။ ထိုသခင်သည် ထာဝရမင်္ဂလာရှိတော်မူ၏။ အာမင်။- ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဖွယ်သော ကိလေသာလက်သို့ အပ်လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ မိန်းမတို့သည် ပကတိထုံးစံကိုစွန့်၍၊ ပကတိနှင့် ဆန့်ကျင်ဘက်ထုံးစံကို လိုက်ကြ၏။- ထိုအတူ၊ ယောက်ျားတို့သည်လည်း မိန်းမနှင့် ဆက်ဆံခြင်း ပကတိထုံးစံကိုစွန့်၍ အချင်းချင်း ကိလေသာစိတ်ပူလောင်သဖြင့်၊ ရှက်ကြောက်ဖွယ်သောအမှုကို ယောက်ျားချင်းပြုလျက်၊ မိမိတို့ မှားယွင်းခြင်းနှင့်အလျောက် မိမိတို့အပြစ်ဒဏ်ကို ခံရကြ၏။- ထိုသူတို့သည် ဘုရားသခင်ကို မသိမမှတ်လိုသည်ဖြစ်၍၊ မလျောက်ပတ်သော အမှုကို ပြုစေမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကို မောဟလက်သို့ အပ်လိုက်တော်မူသည်နှင့်အညီ၊- သူတို့သည်အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသော မေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူအသက်ကို သတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတစ်ပါးကို မြင်ပြင်းခြင်းတို့နှင့် ပြည့်စုံသောသူ၊ ချောစားသောသူ၊- ဆဲရေးသောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ ကြမ်းတမ်းသောသူ၊ မာနထောင်လွှားသောသူ၊ ဝါကြွားသောသူ၊ မတတ်ကောင်းသော အတတ်ကိုစီရင်သောသူ၊ မိဘစကားကို နားမထောင်သောသူ၊ သတိမရှိသောသူ၊ သစ္စာပျက်သောသူ၊- မိဘ သားမယားစသည်တို့ကို မချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနားခြင်း ကရုဏာစိတ်မရှိသောသူ ဖြစ်ကြ၏။- ထိုသို့ ကျင့်သောသူတို့သည် သေပြစ်ကိုခံထိုက်သည်ဟု ဘုရားသခင်စီရင်တော်မူကြောင်းကို ထိုသူတို့သည် သိလျက်ပင် ကိုယ်တိုင်ကျင့်သည်သာမက၊ ထိုသို့ကျင့်သောသူတို့၌ အားရဝမ်းမြောက်ကြ၏။
ရောမ 1 ကိုဖတ်ပါ။
နားထောင်ပါ ရောမ 1
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရောမ 1:1-32
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ