ရောမ 1:1-32
ရောမ 1:1-32 Judson Bible (JBMLE)
လူဇာတိအားဖြင့် ဒါဝိဒ်အမျိုးဖြစ်တော်မူထသော၊- သေခြင်းမှထမြောက်တော်မူ၍၊ သန့်ရှင်းသောဝိညာဉ်အားဖြင့်၊- တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော် ထင်ရှားဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်တည်းဟူသော မိမိသားတော်ကို အကြောင်းပြု၍ ဘုရားသခင်သည် ရှေးကမိမိပရောဖက်များအားဖြင့်၊ သန့်ရှင်းသောကျမ်းစာ၌ ကတိထားတော်မူသော ဧဝံဂေလိတရားကို ဟောစေခြင်းငှာ၊ ရွေးချယ်ခွဲထား၍ တမန်တော်အရာ၌ ခန့်ထားသော ယေရှုခရစ်၏ကျွန် ငါပေါလုသည်၊- ဘုရားသခင်ချစ်တော်မူ၍၊ သန့်ရှင်းသူအရာ၌ ခန့်ထားသော ရောမမြို့သူမြို့သားအပေါင်းတို့ကို ကြားလိုက်ပါ၏။- သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။ သခင်ယေရှုခရစ်၏ နာမတော်ကိုအမှီပြု၍ လူမျိုးအပေါင်းတို့သည် ယုံကြည်နားထောင်စေခြင်းငှာ ထိုသခင်ထံ၌ ကျေးဇူးတော်နှင့် တမန်တော်အရာကို ငါတို့သည် ခံရကြပြီ။ ထိုသခင်ခေါ်ထားတော်မူသော သင်တို့သည်လည်း ထိုလူမျိုးတို့၌ အပါအဝင်ဖြစ်ကြ၏။ သင်တို့၏ယုံကြည်ခြင်းအရာသည် မြေတစ်ပြင်လုံး၌ အနှံ့အပြား ကျော်စောသည်ဖြစ်၍၊ သင်တို့အကြောင်းကြောင့် ယေရှုခရစ်အားဖြင့်၊ ငါ၏ဘုရားသခင်ကျေးဇူးတော်ကို ရှေ့ဦးစွာ ငါချီးမွမ်း၏။- ငါသည်သင်တို့ကို မခြားမလပ်အောက်မေ့၍ အစဉ်မပြတ် ဆုတောင်းပတ္ထနာပြုသည်ဟု သားတော်၏ ဧဝံဂေလိတရားကို ဟောလျက်၊ အမှုတော်ကို စိတ်ဝိညာဉ်နှင့်တကွ ငါဆောင်ရွက်၍ ငါကိုးကွယ်သော ဘုရားသခင်သည် ငါ၏သက်သေခံဖြစ်တော်မူ၏။- မကြာမမြင့်မီ ဘုရားသခင်အလိုတော်အားဖြင့် အဆင်သင့်၍၊ သင်တို့ရှိရာသို့ ငါလာရသောအခွင့် တစ်စုံတစ်ခုရှိပါမည်အကြောင်း ဆုတောင်းပတ္ထနာပြု၏။- သင်တို့သည် မြဲမြံခိုင်ခံ့မည်အကြောင်း၊ ငါသည် သင်တို့၌ ဝိညာဉ်ဆုကျေးဇူးတစ်စုံတစ်ခုကို အပ်ပေးခြင်းငှာ၊ သင်တို့ကို အလွန်တွေ့မြင်ချင်ပါ၏။- ထိုသို့ဆိုသော်၊ ငါနှင့်သင်တို့သည် ယုံကြည်သောအားဖြင့် အချင်းချင်း အားရသက်သာခြင်းသို့ ရောက်ကြမည်အကြောင်းကို ဆိုလိုသတည်း။ ညီအစ်ကိုတို့၊ ငါသည်အခြားသော တစ်ပါးအမျိုးသားတို့တွင် အကျိုးကိုရသကဲ့သို့ သင်တို့တွင်လည်း အကျိုးတစ်စုံတစ်ခုကိုရခြင်းငှာ၊ သင်တို့ရှိရာသို့သွားမည်ဟု အဖန်ဖန်အကြံရှိကြောင်းကို သင်တို့မသိဘဲနေစေခြင်းငှာ ငါအလိုမရှိ၊ ထိုသို့အကြံရှိသော်လည်း၊ ယခုတိုင်အောင် မြစ်တားသော အကြောင်းရှိ၏။- ဟေလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ကြွေးသည် ငါ၌တင်လျက်ရှိ၏။- သို့ဖြစ်လျှင်၊ ငါတတ်နိုင်သမျှအတိုင်း ရောမမြို့သားဖြစ်သော သင်တို့အား ဧဝံဂေလိတရားကို ဟောခြင်းငှာ စေတနာစိတ်ရှိ၏။ ငါသည် ခရစ်တော်၏ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။- အဘယ်သို့ဖြစ်သနည်း ဟူမူကား၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်ဟု ကျမ်းစာလာသည်နှင့်အညီ၊ ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည်၊ ယုံကြည်ခြင်းအဖို့အလိုငှာ ဧဝံဂေလိတရားအားဖြင့် ထင်ရှားလျက်ရှိ၏။ သမ္မာတရားကိုအဓမ္မဖြင့် ဆီးတားနှိပ်စက်သောသူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုးတို့ တစ်ဖက်၌ ဘုရားသခင်၏ အမျက်တော်သည် ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။- အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သော ဘုရားသခင်၏ အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အား ပြတော်မူပြီ။- အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့်သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။- အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကို ချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊ ကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးမိုက်မဲခြင်းသို့ ရောက်ကြ၏။- ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌ တည်ကြသည်ဖြစ်၍၊- မဖောက်ပြန်မပျက်စီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကိုပယ်လျက်၊ ဖောက်ပြန်ပျက်စီးတတ်သော လူ၏ရုပ်တု၊ သားငှက်အစရှိသော တွားတတ်သော တိရစ္ဆာန်၏ရုပ်တုကို ဘုရားသခင်အရာ၌ ချီးမြှောက်ကြ၏။ ထိုကြောင့်သူတို့သည် မိမိတို့ကိုယ်ကာယ၏ အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကို သူတို့၏ ကိလေသာစိတ်ညစ်ညူးခြင်းလက်သို့ အပ်လိုက်တော်မူ၏။- သူတို့သည် မှန်သောဘုရားသခင့်အရာ၌ အမှားကိုထားလျက်၊ ဖန်ဆင်းတတ်သော သခင်ကိုပယ်၍ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူ ဖြစ်ကြ၏။ ထိုသခင်သည် ထာဝရမင်္ဂလာရှိတော်မူ၏။ အာမင်။- ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဖွယ်သော ကိလေသာလက်သို့ အပ်လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ မိန်းမတို့သည် ပကတိထုံးစံကိုစွန့်၍၊ ပကတိနှင့် ဆန့်ကျင်ဘက်ထုံးစံကို လိုက်ကြ၏။- ထိုအတူ၊ ယောက်ျားတို့သည်လည်း မိန်းမနှင့် ဆက်ဆံခြင်း ပကတိထုံးစံကိုစွန့်၍ အချင်းချင်း ကိလေသာစိတ်ပူလောင်သဖြင့်၊ ရှက်ကြောက်ဖွယ်သောအမှုကို ယောက်ျားချင်းပြုလျက်၊ မိမိတို့ မှားယွင်းခြင်းနှင့်အလျောက် မိမိတို့အပြစ်ဒဏ်ကို ခံရကြ၏။- ထိုသူတို့သည် ဘုရားသခင်ကို မသိမမှတ်လိုသည်ဖြစ်၍၊ မလျောက်ပတ်သော အမှုကို ပြုစေမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကို မောဟလက်သို့ အပ်လိုက်တော်မူသည်နှင့်အညီ၊- သူတို့သည်အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသော မေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူအသက်ကို သတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတစ်ပါးကို မြင်ပြင်းခြင်းတို့နှင့် ပြည့်စုံသောသူ၊ ချောစားသောသူ၊- ဆဲရေးသောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ ကြမ်းတမ်းသောသူ၊ မာနထောင်လွှားသောသူ၊ ဝါကြွားသောသူ၊ မတတ်ကောင်းသော အတတ်ကိုစီရင်သောသူ၊ မိဘစကားကို နားမထောင်သောသူ၊ သတိမရှိသောသူ၊ သစ္စာပျက်သောသူ၊- မိဘ သားမယားစသည်တို့ကို မချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနားခြင်း ကရုဏာစိတ်မရှိသောသူ ဖြစ်ကြ၏။- ထိုသို့ ကျင့်သောသူတို့သည် သေပြစ်ကိုခံထိုက်သည်ဟု ဘုရားသခင်စီရင်တော်မူကြောင်းကို ထိုသူတို့သည် သိလျက်ပင် ကိုယ်တိုင်ကျင့်သည်သာမက၊ ထိုသို့ကျင့်သောသူတို့၌ အားရဝမ်းမြောက်ကြ၏။
ရောမ 1:1-32 Common Language Bible (BCL)
သတင်းကောင်းကိုကြေညာရန်တမန်တော် အဖြစ်ဖြင့် ဘုရားသခင်ရွေးချယ်ခန့်ထားသူ၊ ခရစ်တော်ယေရှု၏အစေခံငါပေါလုသည် စာရေးလိုက်ပါသည်။- ရှေးအခါကဘုရားသခင်သည်မိမိ၏ ပရောဖက်များအားဖြင့် ထိုသတင်းကောင်း ကိုကတိထားတော်မူခဲ့ကြောင်းကျမ်းစာ တော်ကဖော်ပြ၏။- ထိုသတင်းကောင်းကားဘုရားသခင်၏သား တော် ငါတို့၏အရှင်သခင်ယေရှုခရစ်အကြောင်း ပင်ဖြစ်ပေသည်။ ထိုအရှင်သည်လူ့ဇာတိအား ဖြင့်ဒါဝိဒ်မင်းမှဆင်းသက်တော်မူသည်။- ဘုရားဇာတိအားဖြင့်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းကိုပေါ်လွင်ထင်ရှားစေရန် ဘုရားသခင်သည်မဟာတန်ခိုးတော်အား ဖြင့်ထိုအရှင်ကိုသေခြင်းမှထမြောက်စေ တော်မူ၏။- ဘုရားသခင်သည်ထိုအရှင်အားဖြင့်ငါ့ အားခရစ်တော်အတွက်ကြောင့် ထူးမြတ်သည့် တမန်တော်ရာထူးကိုပေးသနားတော်မူ၏။ လူမျိုးအပေါင်းတို့သည်ယုံကြည်၍လိုက်နာ ကြစေရန်ဘုရားသခင်သည်ငါ့အားထို သူအပေါင်းတို့ထံသို့စေလွှတ်တော်မူ၏။- ရောမမြို့၌နေထိုင်သောသင်တို့သည်လည်း ယေရှုခရစ်၏တပည့်များအဖြစ် ဘုရား သခင်ရွေးကောက်တော်မူသောသူများဖြစ် သောကြောင့်ထိုလူစုတွင်အပါအဝင် ဖြစ်ကြ၏။ ဘုရားသခင်ချစ်တော်မူသဖြင့်မိမိ၏ လူစုတော်ဝင်ဖြစ်စေရန် ရွေးကောက်တော်မူ သည့်ရောမအသင်းတော်ဝင်အပေါင်းတို့ ထံသို့ဤစာကိုရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်နှင့်သခင်ယေရှု ခရစ်ထံတော်မှကျေးဇူးတော်နှင့်ငြိမ်သက် ခြင်းကိုသင်တို့ခံစားရကြပါစေသော။ သင်တို့၏ယုံကြည်ခြင်းအကြောင်းသတင်း သည်ကမ္ဘာတစ်ဝန်းလုံးပျံ့နှံ့လျက်ရှိသဖြင့် ငါသည်သင်တို့အားလုံးအတွက်ယေရှုခရစ် ကိုအမှီပြု၍ဦးစွာပထမဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်း၏။- သားတော်အကြောင်းသတင်းကောင်းကို ကြေညာခြင်းအားဖြင့် ငါသည်ဘုရားသခင် ၏အမှုတော်ကိုစိတ်နှလုံးအကြွင်းမဲ့ထမ်း ဆောင်လျက်ရှိ၏။ ငါသည်ဆုတောင်းပတ္ထနာ ပြုသည့်အခါတိုင်း သင်တို့အားအစဉ်သတိ ရကြောင်းကိုဘုရားသခင်သည်သက်သေ ဖြစ်တော်မူ၏။ ဘုရားသခင်အလိုတော် ရှိပါကမကြာမီသင်တို့ထံသို့ငါလာ နိုင်ရန်လမ်းဖွင့်ပေးတော်မူရန်ဆုတောင်း၏။- သင်တို့သည်တည်ကြည်ကြံ့ခိုင်စေရန်သင် တို့အားဝိညာဉ်ဆုကျေးဇူးကိုဝေမျှလို သဖြင့် ငါသည်သင်တို့နှင့်အလွန်တွေ့လို ၏။- တစ်နည်းကားယင်းသို့တွေ့ဆုံမိကြသော အခါသင်တို့နှင့်ငါသည် မိမိတို့အသီး သီး၏ယုံကြည်ခြင်းကိုဝေမျှ၍အပြန် အလှန်အားပေးနိုင်လိမ့်မည်ဖြစ်သည်။ ညီအစ်ကိုတို့၊ ယုဒလူမျိုးမဟုတ်သူလူ မျိုးခြားထံတွင်အမှုတော်ဆောင်ရာ၌ အောင် မြင်ခဲ့သည့်နည်းတူသင်တို့ထံတွင်လည်းအောင် မြင်နိုင်ရန် ငါသည်သင်တို့ထံသို့လာရန်အဖန်ဖန် ကြံစည်ခဲ့၏။ သို့သော်လည်းအကြောင်းမညီ ညွတ်သဖြင့်မလာဖြစ်ခဲ့ကြောင်းကိုသင်တို့ အားသိစေလို၏။- လူယဉ်၊ လူရိုင်း၊ ပညာရှိ၊ ပညာမဲ့၊ ရှိရှိသမျှ သောသူတို့အတွက်ငါ့မှာတာဝန်ရှိသဖြင့်၊- သတင်းကောင်းကိုရောမမြို့ရှိသင်တို့အား လည်းကြေညာရန် ငါသည်စိတ်အားထက် သန်လျက်ရှိ၏။ ငါသည်သတင်းကောင်းကိုလုံးဝယုံကြည် စိတ်ချ၏။ ထိုသတင်းကောင်းသည်ဦးစွာယုဒ လူမျိုး၊ ထို့နောက်လူမျိုးခြားတို့တွင်ယုံကြည် သူအပေါင်းတို့အားကယ်တင်သောဘုရား သခင်၏တန်ခိုးတော်ဖြစ်၏။- ဘုရားသခင်သည်လူတို့အားအဘယ်သို့ သောနည်းဖြင့် မိမိနှင့်မှန်ကန်စွာဆက်ဆံစေ တော်မူသည်ကိုသတင်းကောင်းကပေါ်လွင် ထင်ရှားစေ၏။ ထိုနည်းမှာအစမှအဆုံး တိုင်အောင်ယုံကြည်ခြင်းအပေါ်တွင်အခြေ ခံသည့်နည်းဖြစ်၏။ ထို့ကြောင့်ကျမ်းစာတွင် ``ယုံကြည်ခြင်းအားဖြင့်ဘုရားသခင်နှင့် မှန်ကန်စွာဆက်ဆံသူသည်အသက်ရှင်လိမ့် မည်'' ဟုလာသတည်း။ အမှန်တရားကိုလူတို့မသိစေရန်ဆီးတား ပိတ်ပင်သော၊ ဆိုးညစ်မှုကိုပြုကျင့်သောဘုရား မဲ့သူတို့၏အပြစ်နှင့်ဆိုးညစ်မှုအပေါင်းတို့ အပေါ်သို့ ကောင်းကင်မှဘုရားသခင်၏အမျက် တော်သည်သက်ရောက်လျက်ရှိကြောင်းပေါ်လွင် ထင်ရှားလာပြီ။- ထိုသူတို့အားဘုရားသခင်ကိုယ်တော်တိုင် ရှင်းလင်းစွာဖော်ပြတော်မူသဖြင့် ကိုယ်တော် ၏အကြောင်းနှင့်ပတ်သက်၍သိနိုင်ခွင့်ရှိသမျှ သောအကြောင်းအရာတို့ကိုရှင်းလင်းစွာသိရ ကြ၏။ ဤအကြောင်းကြောင့်ဘုရားသခင် သည်သူတို့အားဒဏ်ခတ်တော်မူခြင်းဖြစ်၏။- ကမ္ဘာလောကကိုဘုရားသခင်ဖန်ဆင်းတော်မူ ချိန်မှစ၍ လူတို့သည်ကိုယ်တော်၏ထာဝရ တန်ခိုးတော်နှင့် ဘုရားသခင်၏အဖြစ်တော် တည်းဟူသောမျက်မြင်မရသောဂုဏ်အင်္ဂါ များကိုကောင်းစွာသိနားလည်နိုင်လေသည်။ သူတို့သည်ဤသို့သောကိုယ်တော်၏ဂုဏ်အင်္ဂါ လက္ခဏာများကိုမမြင်နိုင်သော်လည်းသိ နိုင်ကြ၏။ ယင်းသို့သိနိုင်ခြင်းမှာသူတို့ သည်ဘုရားသခင်ဖန်ဆင်းတော်မူသောအရာ များကိုတွေ့မြင်နိုင်သောကြောင့်ဖြစ်၏။ ထို့ ကြောင့်ထိုသူတို့မှာမိမိတို့ကူးလွန်သည့် အပြစ်များအတွက်ဆင်ခြေပေးစရာ မရှိတော့ပေ။- သူတို့သည်ဘုရားသခင်ကိုသိကြသော် လည်း ကိုယ်တော်၏ဂုဏ်တော်ကျေးဇူးတော်ကို ချီးမွမ်းသင့်လျက်နှင့်မချီးမွမ်းကြ။ ချီးမွမ်း မည့်အစားအကျိုးမဲ့သည့်အရာများကို သာ တွေးတောဆင်ခြင်လျက်နေကြ၏။ သူတို့ ၏အသိဉာဏ်ကင်းမဲ့သည့်စိတ်နှလုံးများ သည်လည်းအမှောင်ဖုံး၍နေ၏။- သူတို့သည်မိမိတို့ကိုယ်ကိုပညာရှိဟုဆို သော်လည်းအမှန်မှာပညာမဲ့သူများဖြစ် ကြ၏။- သေခြင်းတရားကင်းသည့်ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်မည့်အစားသေမျိုးဖြစ်သည့် လူ၊ ငှက်၊ ခြေလေးချောင်းသတ္တဝါ၊ သို့မဟုတ်တွား တတ်သောသတ္တဝါ၏ပုံသဏ္ဌာန်ကိုဆောင်သော ရုပ်တုများကိုကိုးကွယ်ဝတ်ပြုကြလေ သည်။ ထိုအကြောင်းကြောင့်ဘုရားသခင်သည်ထိုသူ တို့အား မိမိတို့၏ကိလေသာစိတ်ဆွဲဆောင်ရာ သို့လိုက်ပါစေရန်လည်းကောင်း၊ အချင်းချင်း အားကိုယ်ခန္ဓာအသရေပျက်စေရန်လည်း ကောင်းစွန့်ပစ်၍ထားတော်မူ၏။- သူတို့သည်ဘုရားသခင်၏တရားမှန်ကို အမှားနှင့်လဲလှယ်ကြ၏။ ဖန်ဆင်းတော်မူ သောအရှင်အစားအဖန်ဆင်းခံအရာကို ကိုးကွယ်ဝတ်ပြုကြ၏။ ဖန်ဆင်းတော်မူသော အရှင်၏ဂုဏ်တော်ကိုထာဝစဉ်ချီးမွမ်း ထောမနာပြုကြစေသတည်း။ အာမင်။ သို့ဖြစ်၍ဘုရားသခင်သည်သူတို့အားရှက် ဖွယ်ကောင်းသည့် ကိလေသာလက်သို့အပ်လိုက် တော်မူ၏။ မိန်းမတို့ပင်လျှင်ဋ္ဌမ္မတာထုံးစံ အစားဆန့်ကျင်သောထုံးစံကိုကျင့်ကြ၏။- ထိုနည်းတူစွာယောကျာ်းတို့သည်လည်း မိန်းမ များနှင့်ဋ္ဌမ္မတာထုံးစံအတိုင်းဆက်ဆံမှုကို မပြုဘဲ ယောကျာ်းအချင်းချင်းရာဂမီးတောက် လောင်လျက်ရှိကြ၏။ ယောကျာ်းတို့သည်အချင်း ချင်းအားရှက်ကြောက်ဖွယ်သောအမှုတို့ကိုပြု ကြသဖြင့် မိမိတို့ဆိုးညစ်သောအကျင့် အတွက်ထိုက်သင့်သည့်အပြစ်ဒဏ်ကိုခံရ ကြ၏။ ထိုသူတို့သည်ဘုရားကိုဘုရားဟူ၍ မအောက်မေ့ကြသဖြင့် ဘုရားသခင်သည် သူတို့အားစွန့်ပစ်တော်မူသောကြောင့် သူတို့ သည်မှန်ကန်စွာစဉ်းစားဆင်ခြင်နိုင်စွမ်းမရှိ တော့ဘဲမပြုကျင့်သင့်သောအရာများကို ပြုကျင့်ကြကုန်၏။- သူတို့သည်အမျိုးမျိုးသောဆိုးယုတ်မိုက်မဲ ခြင်း၊ ညစ်ညမ်းခြင်း၊ လောဘတပ်မက်ခြင်း၊ အကျင့်ပျက်ခြင်း၊ မနာလိုခြင်း၊ သူ့အသက် ကိုသတ်ခြင်း၊ ရန်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ ရန် ငြိုးဖွဲ့ခြင်းစသည့်အပြစ်များကိုကူးလွန် ကြ၏။ သူတို့သည်ကုန်းချောပြောဆိုကြ၏။- သူတစ်ပါး၏အသရေကိုဖျက်ကြ၏။ ဘုရား သခင်ကိုမုန်းသူ၊ စော်ကားသူ၊ မာန်မာနထောင် လွှားလျက်ကြွားဝါသူများဖြစ်ကြ၏။ မကောင်း မှုအမျိုးမျိုးကိုတီထွင်ကြံစည်တတ်ကြ၏။ မိမိတို့မိဘများ၏စကားကိုနားမထောင် ကြ။- သြတ္တပ္ပစိတ်မရှိကြ။ ကတိမတည်ကြ။ ကြင်နာသနားတတ်သည့်စိတ်လည်းမရှိ။- ဤသို့သောအကျင့်ရှိသူတို့သည်သေဒဏ်ခံ ထိုက်သည်ဟု ဘုရားသခင်ပြဋ္ဌာန်းချက်ကိုထို သူတို့သိလျက်ပင် မိမိတို့ကိုယ်တိုင်ဤအမှု များကိုဆက်လက်၍ပြုကျင့်ကြသည်သာ မက၊ ဤသို့ပြုကျင့်ကြသူများကိုလည်း အားပေးအားမြှောက်ပြုကြသည်တကား။
ရောမ 1:1-32 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဘုရားသခင်၏ကောင်းမြတ်သောသတင်းအတွက် သီးသန့်ရွေးချယ်ထားခြင်းခံရ၍ တမန်တော်အဖြစ်ခေါ်ယူတော်မူခြင်းခံရသော ခရစ်တော်ယေရှု၏အစေအပါးငါပေါလုသည် စာရေးလိုက်ပါ၏။ ဤကောင်းမြတ်သောသတင်းသည် မိမိ၏ပရောဖက်များအားဖြင့် သန့်ရှင်းသောကျမ်းစာ၌ ရှေးမဆွကပင် ဘုရားသခင်ကတိပေးထားတော်မူသောအရာဖြစ်ပြီး ဘုရားသခင်၏သားတော်အကြောင်းဖြစ်၏။ သားတော်သည် လူသားအနေဖြင့် ဒါဝိဒ်၏အမျိုးအနွယ်မှ ပေါ်ထွန်းတော်မူ၍ မြင့်မြတ်သန့်ရှင်းခြင်း၏ဝိညာဉ်တော်အနေဖြင့်ဆိုလျှင် သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းဖြင့် တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော်အရာ၌ ခန့်အပ်ထားခြင်းခံရသော ငါတို့၏သခင်ယေရှုခရစ်တော်ဖြစ်၏။ ထိုသခင်၏နာမတော်အတွက် လူမျိုးအပေါင်းတို့ထဲတွင် ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် ကျေးဇူးတော်ကိုလည်းကောင်း၊ တမန်တော်ဖြစ်ခြင်းအခွင့်ကိုလည်းကောင်း ကိုယ်တော်အားဖြင့် ငါတို့ရရှိကြ၏။ သင်တို့သည်လည်း ထိုလူမျိုးတို့ထဲတွင်ပါဝင်၍ ယေရှုခရစ်တော်နှင့်သက်ဆိုင်မည့်အကြောင်း ခေါ်ယူတော်မူခြင်းခံရသူများဖြစ်ကြ၏။ ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ သန့်ရှင်းသူများအဖြစ်ခေါ်ယူတော်မူသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ငါရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ သင်တို့၏ယုံကြည်ခြင်းသည် ကမ္ဘာတစ်ဝန်းလုံးတွင် ကျော်ကြားလျက်ရှိသည်ဖြစ်၍ ငါသည် သင်တို့အားလုံးအတွက် ငါ၏ဘုရားသခင်ကို ယေရှုခရစ်တော်အားဖြင့် ပထမဦးစွာကျေးဇူးတင်၏။ ငါသည်ဆုတောင်းသောအခါ သင်တို့ကိုအမြဲမပြတ်သတိရလျက် ဘုရားသခင်၏အလိုတော်ရှိလျှင် တစ်ချိန်ချိန်တွင် တစ်နည်းနည်းဖြင့် သင်တို့ထံသို့လာရသောအခွင့်ရှိပါမည့်အကြောင်း အစဉ်တောင်းလျှောက်နေ၏။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါ့အတွက်သက်သေခံပေးသောသူမှာ သားတော်၏ကောင်းမြတ်သောသတင်းကို ငါဟောပြောလျက် ငါ၏ဝိညာဉ်အားဖြင့် ဝတ်ပြုသောဘုရားသခင်ဖြစ်တော်မူ၏။ သင်တို့ကို ငါအလွန်တွေ့မြင်လိုသည်မှာ သင်တို့အား ဝိညာဉ်ဆုကျေးဇူးအချို့ကိုဝေမျှပေး၍ သင်တို့ကိုခိုင်ခံ့မြဲမြံစေရန်ဖြစ်၏။ ထိုသို့ဆိုသော် သင်တို့နှင့်အတူရှိစဉ် ငါနှင့်သင်တို့နှစ်ဦးနှစ်ဖက်၏ယုံကြည်ခြင်းအားဖြင့် နှစ်သိမ့်မှုကို အတူတကွခံစားနိုင်ရန်ဖြစ်၏။ ညီအစ်ကိုတို့၊ ငါသည် အခြားသောလူမျိုးခြားတို့တွင် အသီးအပွင့်ရရှိသကဲ့သို့ သင်တို့တွင်လည်း အသီးအပွင့်တစ်စုံတစ်ခုရရှိရန် သင်တို့ထံသို့လာမည်ဟု အကြိမ်ကြိမ်စီစဉ်ခဲ့သော်လည်း ယခုတိုင်အောင် တားဆီးခြင်းခံရကြောင်းကို သင်တို့မသိဘဲမနေစေလိုပါ။ ငါသည် ဂရိလူမျိုးနှင့်လူရိုင်းတို့အပေါ်၌ဖြစ်စေ၊ ပညာရှိနှင့်ပညာမဲ့တို့အပေါ်၌ဖြစ်စေ အကြွေးတင်သူဖြစ်၏။ ထို့ကြောင့် ငါ့အနေဖြင့် ရောမမြို့၌ရှိသော သင်တို့အားလည်း ဤကောင်းမြတ်သောသတင်းကိုဟောပြောရန် စိတ်အားထက်သန်လျက်ရှိ၏။ ငါသည် ကောင်းမြတ်သောသတင်းအတွက် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ဤသတင်းသည် ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် ယုံကြည်သောသူအပေါင်းတို့အား ကယ်တင်ခြင်းရရှိစေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း ယုံကြည်ခြင်းအပေါ်အခြေခံလျက် ယုံကြည်ခြင်းသို့ပို့ဆောင်သည့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ဤကောင်းမြတ်သောသတင်း၌ထင်ရှားလျက်ရှိ၏။ ဘုရားသခင်၏အမျက်တော်သည် ကောင်းကင်မှထင်ရှားလျက် သမ္မာတရားကို မတရားမှုဖြင့်တားဆီးပိတ်ပင်သောသူတို့၏ဘုရားတရားမဲ့ခြင်းနှင့် မတရားမှုအလုံးစုံတို့အပေါ်သို့ သက်ရောက်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိနှင့်ပတ်သက်၍ သိအပ်သောအရာတို့ကို သူတို့အားထင်ရှားစေတော်မူပြီဖြစ်၍ ထိုအရာတို့သည် သူတို့၌ ထင်ရှားလျက်ရှိ၏။ တစ်နည်းအားဖြင့် ကမ္ဘာလောကကိုဖန်ဆင်းတော်မူချိန်မှစ၍ ဘုရားသခင်၏မမြင်ရသောဂုဏ်အင်္ဂါများတည်းဟူသော ကိုယ်တော်၏ထာဝရတန်ခိုးတော်နှင့် ဘုရားဖြစ်တော်မူခြင်းတို့သည် ဖန်ဆင်းတော်မူသောအရာများအားဖြင့် ရှင်းလင်းစွာသိနိုင်သည်ဖြစ်၍ သူတို့သည် ဆင်ခြေပေး၍မရနိုင်ကြ။ အကြောင်းမူကား သူတို့သည် ဘုရားသခင်ကိုသိလျက်နှင့်ပင် ဘုရားအဖြစ်ဘုန်းတော်ကိုမချီးမွမ်း၊ ကျေးဇူးလည်းမတင်ကြပေ။ သူတို့၏တွေးတောကြံစည်မှုများသည် အချည်းနှီးဖြစ်သွား၍ သူတို့၏အသိတရားကင်းမဲ့သောစိတ်နှလုံးကိုလည်း အမှောင်ဖုံးလွှမ်းလေ၏။ သူတို့သည် မိမိတို့ကိုယ်ကိုပညာရှိများဖြစ်သည်ဟုဆိုလျက်နှင့် မိုက်မဲသောသူများဖြစ်လာကြပြီး ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသော ဘုရားသခင်၏ဘုန်းအသရေတော်ကို ဖောက်ပြန်ပျက်စီးတတ်သော လူ၊ ကျေးငှက်၊ ခြေလေးချောင်းသတ္တဝါနှင့် တွားသွားသတ္တဝါတို့၏သဏ္ဌာန်နှင့်တူသော ရုပ်တုဖြင့် လဲလှယ်ကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့အချင်းချင်း မိမိတို့ကိုယ်ခန္ဓာအသရေကိုဖျက်ဆီးစေရန် သူတို့ကို မိမိတို့စိတ်နှလုံးတပ်မက်သည့်အတိုင်း ညစ်ညူးခြင်းလက်သို့ အပ်လိုက်လေ၏။ သူတို့သည် ဘုရားသခင်၏သမ္မာတရားကို မုသားနှင့်လဲလှယ်၍ ဖန်ဆင်းတော်မူသောအရှင်အစား ဖန်ဆင်းတော်မူသောအရာကို ကိုးကွယ်ဝတ်ပြုကြ၏။ ဖန်ဆင်းတော်မူသောအရှင်သည် ကာလအစဉ်အဆက် မင်္ဂလာရှိတော်မူ၏။ အာမင်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ဖွယ်ကောင်းသောကိလေသာလက်သို့ အပ်လိုက်သဖြင့် သူတို့ထဲမှ မိန်းမတို့ပင်လျှင် သဘာဝနှင့်လျော်ညီသောဆက်ဆံမှုကို သဘာဝနှင့်ဆန့်ကျင်သောဆက်ဆံမှုဖြင့် လဲလှယ်ကြ၏။ ထိုနည်းတူ ယောက်ျားတို့သည်လည်း မိန်းမနှင့်သဘာဝနှင့်လျော်ညီသောဆက်ဆံမှုကိုစွန့်၍ သူတို့အချင်းချင်းရာဂမီးတောက်လောင်စေလျက် ရှက်ဖွယ်ကောင်းသောအမှုကို ယောက်ျားအချင်းချင်းပြုကြသဖြင့် သူတို့၏မှားယွင်းခြင်းနှင့်ထိုက်သင့်သောအပြစ်ဒဏ်ကို သူတို့ကိုယ်တိုင်ခံရကြ၏။ ထိုမှတစ်ပါး သူတို့သည် ဘုရားသခင်ကိုမသိမမှတ်လိုသောကြောင့် ဘုရားသခင်သည် သူတို့ကို ယုတ်ညံ့သောစိတ်ထံသို့ အပ်လိုက်တော်မူသဖြင့် သူတို့သည် မပြုအပ်သောအရာများကို ပြုကြကုန်၏။ သူတို့သည် အလုံးစုံသော မတရားမှု၊ ဆိုးညစ်မှု၊ လောဘလွန်ကျူးမှုနှင့် မကောင်းမှုတို့ဖြင့် ပြည့်ဝလျက်ရှိကြပြီး မလိုမုန်းထားခြင်း၊ လူသတ်ခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ စဉ်းလဲခြင်း၊ ရန်ငြိုးဖွဲ့ခြင်းတို့ဖြင့် ပြည့်နှက်ကြကာ အတင်းအဖျင်းပြောဆိုသောသူ၊ ပုတ်ခတ်ပြောဆိုသောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ မိုက်ရိုင်းသောသူ၊ မာနထောင်လွှားသောသူ၊ ကြွားဝါသောသူ၊ မကောင်းသောအမှုများကို တီထွင်ကြံစည်သောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ အသိတရားကင်းမဲ့သောသူ၊ ကတိမတည်သောသူ၊ ကြင်နာစိတ်ကင်းမဲ့သောသူ၊ သနားခြင်းစိတ်မရှိသောသူများဖြစ်ကြ၏။ ဤအရာများကိုပြုကျင့်သောသူတို့သည် သေဒဏ်ခံထိုက်၏ဟူသောဘုရားသခင်၏ပြဋ္ဌာန်းချက်ကို သူတို့သိလျက်နှင့်ပင် သူတို့ကိုယ်တိုင်ပြုကြသည်သာမက ထိုသို့ပြုကျင့်သောသူများကိုလည်း သဘောတူထောက်ခံကြ၏။