ထာဝရဘုရား၏တရားလမ်း၌ မလွဲမတိမ်း၊ လိုက်သွားသော သူတို့သည် မင်္ဂလာရှိကြ၏။ သက်သေခံတော်မူချက်တို့ကို စောင့်၍၊ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာသောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည် ဒုစရိုက်ကိုမပြု၊ လမ်းခရီးတော်၌ လိုက်သွားတတ်ကြ၏။ အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့်ဖို့ရာ၊ ကိုယ်တော်သည် ဩဝါဒပေးတော်မူပြီ။ ကိုယ်တော်၏အထုံးအဖွဲ့များကို စောင့်နိုင်မည်အကြောင်း၊ အကျွန်ုပ်သည် လမ်းဖြောင့်ပါစေသော။ အကျွန်ုပ်သည် ပညတ်တော်အလုံးစုံတို့ကို ထောက်ထားသောအခါ၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ရပါ၏။ ဖြောင့်မတ်စွာ စီရင်တော်မူချက်များကို အကျွန်ုပ်လေ့ကျက်ပြီးမှ၊ ဂုဏ်တော်ကို ဖြောင့်သောသဘောနှင့် ချီးမွမ်းပါမည်။ ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်ပါမည်။ အကျွန်ုပ်ကို ရှင်းရှင်း စွန့်ပစ်တော်မမူပါနှင့်။ လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်ကပတ်တော်အတိုင်း သတိပြုရမည်။ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာပါ၏။ ပညတ်တော်လမ်းမှ လွဲစေတော်မမူပါနှင့်။ ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည် မင်္ဂလာရှိတော်မူ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။ စီရင်တော်မူရာ နှုတ်တော်ထွက် အလုံးစုံတို့ကို အကျွန်ုပ်သည် ကိုယ်နှုတ်နှင့် ဟောပြောပါ၏။ ခပ်သိမ်းသော စည်းစိမ်ဥစ္စာကိုရဘိသကဲ့သို့၊ သက်သေခံတော်မူရာလမ်း၌ ဝမ်းမြောက်ပါ၏။ ပေးတော်မူသော ဩဝါဒကိုဆင်ခြင်၍ လမ်းခရီးတော်တို့ကို ကြည့်ရှုပါ၏။ အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏။ နှုတ်ကပတ်တော်ကို မမှတ်ဘဲမနေပါ။ ကိုယ်တော်၏ကျွန်သည် အသက်ရှင်၍၊ နှုတ်ကပတ်တော်ကို စောင့်နိုင်ပါမည်အကြောင်း၊ ကျေးဇူးပြုတော်မူပါ။ တရားတော်၌ အံ့ဖွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း၊ အကျွန်ုပ်၏မျက်စိတို့ကို ဖွင့်တော်မူပါ။ အကျွန်ုပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ၏။ ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့်။ စီရင်တော်မူချက်တို့ကို အစဉ်မပြတ် တောင့်တသောအားဖြင့်၊ အကျွန်ုပ်၏ စိတ်နှလုံးကြေကွဲလျက်ရှိပါ၏။ မာနကြီးသောသူနှင့် ပညတ်တော်တို့ကို လွန်ကျူး၍၊ အကျိန်ခံရသော သူတို့ကို ကိုယ်တော် ဆုံးမတော်မူ၏။ အကျွန်ုပ်သည် သက်သေခံတော်မူချက်တို့ကို စောင့်ပါသည်ဖြစ်၍၊ ကဲ့ရဲ့ခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် ကင်းလွတ်စေတော်မူပါ။ မင်းတို့သည် အကျွန်ုပ်တစ်ဖက်၌ ထိုင်၍ ပြောကြပါ၏။ ကိုယ်တော်၏ကျွန်မူကား၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်လျက်နေပါ၏။ သက်သေခံတော်မူချက်တို့သည် အကျွန်ုပ်မွေ့လျော်ရာ၊ အကျွန်ုပ်တိုင်ပင်ရာ ဖြစ်ကြပါ၏။ အကျွန်ုပ်၏အသက်သည် မြေမှုန့်၌ မှီဝဲလျက်ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော်မူပါ။ အကျွန်ုပ်သည် ကိုယ်အကျင့်တို့ကိုဖော်ပြ၍၊ ကိုယ်တော်သည် နားထောင်တော်မူပြီ။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။ ပေးတော်မူသော ဩဝါဒလမ်းကို အကျွန်ုပ်နားလည်စေတော်မူပါ။ သို့ပြုလျှင် အံ့ဖွယ်သော အမှုတော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။ အကျွန်ုပ် ဝမ်းနည်းခြင်းအားဖြင့် စိတ်နှလုံးအရည်ယိုလျက် ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း တည်ကြည်စေတော်မူပါ။ မုသားလမ်းကို အကျွန်ုပ်ရှောင်ပါမည်အကြောင်း၊ ကယ်မ၍တရားတော်ကို ပေးသနားတော်မူပါ။ သစ္စာလမ်းကို အကျွန်ုပ်ရွေးပါပြီ။ စီရင်တော်မူချက်တို့ကို အကျွန်ုပ်ရှေ့မှာ ထားပါပြီ။ သက်သေခံတော်မူချက်တို့၌ မှီဝဲပါပြီ။ အို ထာဝရဘုရား၊ အရှက်ကွဲစေတော်မမူပါနှင့်။ အကျွန်ုပ်ဉာဏ်ကို ပွင့်စေတော်မူသည်ဖြစ်၍၊ ပညတ်တော်လမ်းသို့ အလျင်အမြန် လိုက်ပါမည်။ အို ထာဝရဘုရား၊ အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အား သွန်သင်တော်မူပါ။ အဆုံးတိုင်အောင် လိုက်သွားပါမည်။ ဉာဏ်ကို ပေးတော်မူပါ။ တရားတော်ကို စောင့်ပါမည်။ စိတ်နှလုံးအကြွင်းမဲ့စောင့်ပါမည်။ ပညတ်တော်လမ်း၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ ထိုလမ်းကိုနှစ်သက်ပါ၏။ အကျွန်ုပ်စိတ်နှလုံးကို လောဘဘက်သို့မဟုတ်၊ သက်သေခံတော်မူချက်တို့ဘက်သို့ ဆွဲတော်မူပါ။ အနတ္တကို ပမာဏမပြုစေခြင်းငှာ အကျွန်ုပ်မျက်စိကို အခြားသို့လွှဲတော်မူပါ။ လမ်းခရီးတော်၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ။ ကိုယ်တော်ကို ကြောက်ရွံ့သော ကိုယ်တော်၏ကျွန်၌ ဗျာဒိတ်တော်ကို တည်စေတော်မူပါ။ အကျွန်ုပ်ကြောက်သောကဲ့ရဲ့ခြင်းကို ပယ်ပျောက်စေတော်မူပါ။ စီရင်တော်မူချက်တို့သည် ကောင်းမွန်ကြပါ၏။ ပေးတော်မူသောဩဝါဒများကို တောင့်တပါ၏။ ဖြောင့်မတ်ခြင်းတရားတော်အားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ အို ထာဝရဘုရား၊ ဗျာဒိတ်တော်အတိုင်း ကရုဏာတော်တည်းဟူသော ကယ်တင်တော်မူခြင်းကျေးဇူးတော်သည် အကျွန်ုပ်၌ရောက်ပါစေသော။ ထိုသို့ အကျွန်ုပ်သည် နှုတ်ကပတ်တော်ကို ကိုးစားသည်ဖြစ်၍၊ ကဲ့ရဲ့သောသူ၏စကားကို ချေစရာအကြောင်း ရှိရပါလိမ့်မည်။ စီရင်တော်မူချက်တို့ကို အကျွန်ုပ်မျှော်လင့်သည်ဖြစ်၍၊ အကျွန်ုပ်၏နှုတ်ထဲက သစ္စာစကားကို အလျှင်း ရုပ်သိမ်းတော်မမူပါနှင့်။ ကိုယ်တော်၏တရားကို မခြားမလပ် အစဉ်အမြဲ ကျင့်စောင့်ပါမည်။ ပေးတော်မူသော ဩဝါဒများကို အကျွန်ုပ်ရှာဖွေမေးမြန်းသည်ဖြစ်၍၊ အဆီးအတားမရှိဘဲ သွားလာရပါ၏။ သက်သေခံတော်မူချက်တို့ကို မင်းများထံမှာ ပြန်ပြော၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။ အကျွန်ုပ်သည် နှစ်သက်သောပညတ်တော်တို့၌ မွေ့လျော်ပါမည်။ နှစ်သက်သော ပညတ်တော်တို့အားလက်တို့ကိုချီ၍၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။ အကျွန်ုပ် မျှော်လင့်စရာအကြောင်း၊ ကိုယ်တော်၏ကျွန်၌ထားတော်မူသော နှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ။ ဗျာဒိတ်တော်အားဖြင့် အကျွန်ုပ်အသက်ရှင်သည်ဖြစ်၍၊ ဆင်းရဲကိုခံရစဉ်တွင်၊ ထိုနှုတ်ကပတ်တော်သည် အကျွန်ုပ်သက်သာစရာအကြောင်း ဖြစ်ပါ၏။ မာနကြီးသောသူတို့သည် အကျွန်ုပ်ကို အလွန်ကဲ့ရဲ့သော်လည်း၊ ကိုယ်တော်၏တရားလမ်းကို အကျွန်ုပ်မရှောင်ပါ။ အို ထာဝရဘုရား၊ ရှေးကာလ၌ စီရင်တော်မူချက်တို့ကို အကျွန်ုပ် အောက်မေ့၍၊ ကိုယ်ကိုကိုယ် နှစ်သိမ့်စေပါ၏။ တရားတော်ကို စွန့်ပယ်သော အဓမ္မလူတို့ကြောင့်၊ အကျွန်ုပ်၌ ပူလောင်သောစိတ် စွဲလန်းလျက် ရှိပါ၏။ အကျွန်ုပ်ဧည့်သည် နေရာအိမ်တွင် အထုံးအဖွဲ့တော်တို့သည် အကျွန်ုပ်သီချင်းဆိုရာအကြောင်း ဖြစ်ကြပါ၏။ အို ထာဝရဘုရား၊ ညအချိန်၌ နာမတော်ကို အကျွန်ုပ်အောက်မေ့၍ တရားတော်ကိုစောင့်ပါ၏။ ပေးတော်မူသောဩဝါဒများကို နားထောင်သောအားဖြင့် အားရပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏အဖို့ ဖြစ်တော်မူ၏။ နှုတ်ကပတ်စကားတော်တို့ကို နားထောင်ပါမည်ဟု အကျွန်ုပ်ပြောထားပါပြီ။ ကျေးဇူးတော်ကို ခံရပါမည်အကြောင်း၊ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ တောင်းပန်ပါ၏။ ဗျာဒိတ်တော်အတိုင်း အကျွန်ုပ်ကိုသနားတော်မူပါ။ ကိုယ်လိုက်ရာလမ်းကို ဆင်ခြင်သောအခါ၊ သက်သေခံတော်မူချက်တို့သို့ လှည့်၍လိုက်ပါ၏။ ပညတ်တော်တို့ကိုစောင့်ခြင်းငှာ မဖင့်မနွှဲ အလျင်အမြန် ပြုပါ၏။ မတရားသောသူအပေါင်းတို့သည် ကျွန်ုပ်ကိုဝိုင်းကြသော်လည်း၊ အကျွန်ုပ်သည် တရားတော်ကို မမေ့မလျော့ပါ။ တရားသဖြင့် စီရင်တော်မူချက်တို့ကို ထောက်၍၊ ဂုဏ်တော်ကို ချီးမွမ်းခြင်းငှာ၊ သန်းခေါင်အချိန်၌ အကျွန်ုပ် ထတတ်ပါ၏။ ကိုယ်တော်ကိုကြောက်ရွံ့သောသူ၊ ပေးတော်မူသောဩဝါဒကို နားထောင်သောသူရှိသမျှတို့နှင့် အကျွန်ုပ် ပေါင်းဖော်တတ်ပါ၏။ အိုထာဝရဘုရား၊ မြေကြီးသည် ကရုဏာတော်နှင့် ပြည့်ဝပါ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌သွန်သင်တော်မူပါ။ အိုထာဝရဘုရား၊ နှုတ်ကပတ်တော်အတိုင်း ကိုယ်တော်၏ကျွန်၌ ကျေးဇူးပြုတော်မူ၏။ ပညတ်တော်တို့ကို အကျွန်ုပ်ယုံကြည်သည်ဖြစ်၍၊ ကောင်းသောဉာဏ်နှင့် ပညာတော်အတတ်ကို သွင်းပေးတော်မူပါ။ အကျွန်ုပ်သည် ဆင်းရဲမခံမီ လမ်းလွဲပါ၏။ ယခုမူကား၊ ဗျာဒိတ်တော်အတိုင်း ကျင့်စောင့်ပါ၏။ ကိုယ်တော်သည် ကောင်းသောသဘော၊ ကျေးဇူးပြုတတ်သောသဘော ရှိတော်မူ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။ မာနကြီးသောသူတို့သည် အကျွန်ုပ်တစ်ဖက်၌ မုသားစကားကို ကြံစည်သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို စိတ်နှလုံးအကြွင်းမဲ့ကျင့်ပါ၏။ သူတို့နှလုံးသည် ဆီဥကဲ့သို့ ခဲလျက်ရှိ၏။ အကျွန်ုပ်မူကား၊ ကိုယ်တော်၏တရား၌ မွေ့လျော်ပါ၏။ အထုံးအဖွဲ့တော်တို့ကို သွန်သင်စေခြင်းငှာ၊ အကျွန်ုပ်ဆင်းရဲခံရသော ကျေးဇူးသည် ကြီးပါ၏။ နှုတ်တော်ထွက် တရားတော်သည် ရွှေငွေအထောင်အသောင်းထက်မက၊ အကျွန်ုပ်၌ သာ၍ကောင်းပါ၏။ ကိုယ်တော်၏လက်တို့သည် အကျွန်ုပ်ကိုဖန်ဆင်း၍၊ ပုံသဏ္ဌာန်ကို ပေးတော်မူပြီ။ ပညတ်တော်တို့ကို အကျွန်ုပ်သင်နိုင်သော ဉာဏ်နှင့် ပြည့်စုံစေတော်မူပါ။ နှုတ်ကပတ်တော်ကို အကျွန်ုပ်မျှော်လင့်သောကြောင့်၊ ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့သည် အကျွန်ုပ်ကိုမြင်၍ ဝမ်းမြောက်ကြပါလိမ့်မည်။ အို ထာဝရဘုရား၊ စီရင်တော်မူချက်တို့သည် ဟုတ်မှန်ကြောင်းကိုလည်းကောင်း၊ သစ္စာတော်နှင့်အညီ အကျွန်ုပ်ကို ဆင်းရဲစေတော်မူကြောင်းကိုလည်းကောင်း အကျွန်ုပ်သိပါ၏။ ကိုယ်တော်၏ကျွန်၌ မိန့်တော်မူချက်အတိုင်း၊ ကရုဏာတော်သည် အကျွန်ုပ်ကို ချမ်းသာပေးပါစေသောဟု ဆုတောင်းပါ၏။ ကိုယ်တော်၏တရားသည် အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ၏။ ထိုကြောင့် အကျွန်ုပ်အသက်ရှင်မည်အကြောင်း၊ သနားစုံမက်တော်မူခြင်းသည် သက်ရောက်ပါစေသော။ မာနကြီးသောသူတို့သည် ရှက်ကြောက်ကြပါစေသော။ အကြောင်းမရှိဘဲ အကျွန်ုပ်၌ မတရားသဖြင့် ပြုကြပါပြီ။ အကျွန်ုပ်မူကား ကိုယ်တော်၏ဥပဒေသများကို ဆင်ခြင်အောက်မေ့ပါမည်။ ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ သက်သေခံတော်မူချက်တို့ကို သိသောသူတို့သည် အကျွန်ုပ်ထံသို့ လှည့်ကြပါစေသော။ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အကျွန်ုပ်နှလုံးသည် အထုံးအဖွဲ့တော်တို့၌ စုံလင်ပါစေသော။ အကျွန်ုပ်၏ဝိညာဉ်သည် ကယ်တင်တော်မူခြင်းကျေးဇူးကို တောင့်တလျက်နှင့် ခွန်အားလျော့ပါ၏။ သို့သော်လည်း၊ နှုတ်ကပတ်တော်ကို မျှော်လင့်ပါ၏။ အကျွန်ုပ်ကို အဘယ်ကာလမှ ချမ်းသာပေးတော်မူပါမည်နည်းဟူ၍၊ အကျွန်ုပ်မျက်စိတို့သည် ဗျာဒိတ်တော်ကို မျှော်လင့်လျက် အားကုန်ပါ၏။ မီးခိုး၌ရှိသော သားရေဘူးကဲ့သို့ အကျွန်ုပ်ဖြစ်ပါ၏။ သို့သော်လည်း၊ အထုံးအဖွဲ့တော်တို့ကို မမေ့မလျော့ပါ။ ကိုယ်တော်၏ကျွန်နေရသော နေ့ရက်ကာလ အဘယ်မျှလောက် ကြာရပါမည်နည်း။ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့အား၊ အဘယ်ကာလမှ တရားဆုံးဖြတ်တော်မူမည်နည်း။ မာနကြီးသောသူ၊ ကိုယ်တော်၏တရားကို လွန်ကျူးသော သူတို့သည် အကျွန်ုပ်အဖို့ တွင်းများကို တူးကြပါပြီ။ အလုံးစုံသော ပညတ်တော်တို့သည် သစ္စာနှင့် ပြည့်စုံကြပါ၏။ သူတစ်ပါးတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကို ညှဉ်းဆဲကြသည်ဖြစ်၍၊ မစတော်မူပါ။ သူတို့သည် အကျွန်ုပ်ကို မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းလုပါပြီ။ သို့သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို အကျွန်ုပ်မစွန့်ပါ။ ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ နှုတ်တော်ထွက် ဗျာဒိတ်တော်ကို စောင့်ပါမည်။ အိုထာဝရဘုရား၊ နှုတ်ကပတ်တော်သည် ကောင်းကင်ဘုံ၌ အစဉ်အမြဲတည်ပါ၏။ သစ္စာတော်သည် လူမျိုးအဆက်ဆက် မြဲမြံပါ၏။ မြေကြီးကို တည်စေတော်မူသဖြင့်၊ သူသည် အမြဲနေပါ၏။ ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်၏ကျွန်ဖြစ်၍ စီရင်တော်မူသည်နှင့်အညီ၊ ယနေ့တိုင်အောင် အမြဲနေကြပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏တရား၌ မွေ့လျော်ခြင်းမရှိလျှင်၊ အထက်ကဆင်းရဲခံစဉ် ပျက်စီးပါပြီ။ ကိုယ်တော်၏ ဥပဒေများကို အစဉ်မမေ့မလျော့နိုင်ပါ။ အကြောင်းမူကား၊ ထိုဥပဒေသများအားဖြင့်၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်၏ကျွန်ဖြစ်ပါ၏။ ကိုယ်တော်၏ဥပဒေသများကို ရှာဖွေလိုက်စစ်သောကြောင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ အကျွန်ုပ်ကို ဖျက်ဆီးခြင်းငှာ၊ မတရားသောသူတို့သည် စောင့်လျက်နေကြပါ၏။ သို့သော်လည်း၊ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဆင်ခြင် အောက်မေ့ပါမည်။ ခပ်သိမ်းသော စုံလင်ခြင်း၏အဆုံးကို အကျွန်ုပ် မြင်ပါပြီ။ ပညတ်တရားတော်မူကား၊ အလွန်ကျယ်ဝန်းပါ၏။
ဆာလံ 119 ကို ဖတ်ရှုရန်
နားထောင်ရန် ဆာလံ 119
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 119:1-96
7 Days
You can have a great marriage. The choices you make today will determine the marriage you will have tomorrow. Pastor and New York Times bestselling author Craig Groeschel and his wife, Amy, show you how five commitments can help you fail-proof your marriage: Seek God, fight fair, have fun, stay pure, and never give up. Get the marriage you always wanted, starting right now — from this day forward.
2 Weeks
Jesus Himself said anyone who loves Him will obey His teaching. No matter what it costs us personally, our obedience matters to God. The "Obedience" reading plan walks through what the Scriptures say about obedience: How to maintain a mindset of integrity, the role of mercy, how obeying frees us and blesses our lives, and more.
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ