ဆာလံ 11
11
ထာဝရဘုရားကိုကိုးစားခြင်း
1-3မတရားသောသူတို့သည် သဘောဖြောင့်သော သူတို့ကို မထင်မရှားပစ်အံ့သောငှာ လေးကိုတင်၍၊ လေးညှို့ပေါ်မှာ မြားကိုပြင်ကြ၏။ အမှီတံကဲတို့သည် ပျက်လျှင် ဖြောင့်မတ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ငါ့ဝိညာဉ်အား သင်သည်ငှက်ကဲ့သို့ ကိုယ်နေရာတောင်ပေါ်သို့ ပြေးချေဟု အဘယ်ကြောင့် ပြောကြသနည်း။ ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော်မူ၏။ 4ထာဝရဘုရားသည် သန့်ရှင်းသော ဗိမာန်တော်၌ ရှိတော်မူ၏။ ထာဝရဘုရား၏ပလ္လင်တော်သည် ကောင်းကင်ပေါ်မှာတည်၏။ မျက်စိတော်သည် ကြည့်ရှု၍ မျက်ခမ်းတော်သည် လူသားတို့ကိုစစ်တော်မူ၏။ 5ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို စုံစမ်းတော်မူ၏။ မတရားသောသူနှင့် လုယူဖျက်ဆီးလိုသောသူကို ဝိညာဉ်တော်သည် မုန်းတော်မူ၏။ 6မတရားသောသူတို့အပေါ်မှာ တောက်သောမီးခဲ၊ ကန့်နှင့်ရောသောမီးလျှံ၊ ပူလောင်သော မုန်တိုင်းကိုသက်ရောက်စေ၍၊ သူတို့သောက်စရာဖို့ စီရင်တော်မူမည်။ 7တရားသဖြင့် ပြုတော်မူသော ထာဝရဘုရားသည် တရားသောအမှုကိုနှစ်သက်၍ သဘောဖြောင့်သောသူကို မျက်နှာပြုတော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 11: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.