ငါ့သား၊ အဘ၏နည်းဥပဒေသကိုနားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်။ ထိုနည်းဥပဒေသတရားတို့သည် သင်၏ခေါင်း၌ တင့်တယ်သောဦးရစ်၊ သင်၏လည်ပင်း၌ ပတ်ရစ်သောလည်ဆွဲ ဖြစ်ကြလိမ့်မည်။ ငါ့သား၊ လူဆိုးတို့သည် သင့်ကိုသွေးဆောင်လျှင် ဝန်မခံနှင့်။ သူတို့က ငါတို့နှင့်အတူလိုက်တော့။ သူ့အသက်ကိုသတ်အံ့သောငှာ စောင့်ကြစို့။ အချည်းနှီး အပြစ်လွတ်သောသူတို့ကို ချောင်းမြောင်းကြစို့။ သင်္ချိုင်းတွင်းသို့ဆင်းသော သူတို့ကဲ့သို့တစ်ကိုယ်လုံးပါလျက်၊ အသက်ရှင်လျက်ရှိသော ထိုသူတို့ကို မရဏနိုင်ငံမျိုသကဲ့သို့ မျိုကြစို့။ အဖိုးထိုက်သော ဘဏ္ဍာအမျိုးမျိုးကိုတွေ့၍ လုယူသောဥစ္စာနှင့် ငါတို့အိမ်ကိုပြည့်စေကြမည်။ ငါတို့နှင့် ပေါင်းဖော်တော့။ ရသောဥစ္စာကို အညီအမျှပိုင်ကြစို့ဟု ဆိုသော်လည်း၊ ငါ့သား၊ သူတို့နှင့်အတူ မလိုက်နှင့်။ သူတို့သွားသောလမ်းကို ရှောင်လော့။ အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာသို့ပြေး၍၊ လူအသက်ကို သတ်ခြင်းငှာလျင်မြန်၏။ အကယ်စင်စစ် ငှက်မျက်မှောက်၌ ပိုက်ကွန်ကိုဖြန့်ထားလျှင် အကြံမမြောက်ရာ။ လူဆိုးတို့သည် ကိုယ်အသွေးကို သွန်အံ့သောငှာစောင့်၍၊ ကိုယ်အသက်ကို သတ်အံ့သောငှာ ချောင်းမြောင်းတတ်ကြ၏။ မတရားသောစီးပွားကို ရှာသောသူအပေါင်းတို့သည် ထိုသို့သောအကျိုးကိုခံရ၍၊ ထိုစီးပွားသည် မိမိအရှင်၏အသက်ကို သတ်တတ်၏။ ပညာသည် ပြင်မှာကြွေးကြော်၍၊ လမ်းခရီးတို့၌ မိမိစကားသံကို လွှင့်တတ်၏။ လူစည်းဝေးရာ အဦး၌လည်းကောင်း၊ မြို့တံခါးဝတို့၌လည်းကောင်း၊ မြို့ထဲ၌လည်းကောင်းခေါ်၍ မြွက်ဆိုသောစကားဟူမူကား၊ အိုလူမိုက်တို့၊ သင်တို့သည် မိုက်သောအကျင့်ကို နှစ်သက်လျက်၊ ကဲ့ရဲ့သောသူတို့သည် ကဲ့ရဲ့ခြင်း၌မွေ့လျော်လျက်၊ မိုက်မဲသောသူတို့သည် ပညာအတတ်ကိုမုန်းလျက်၊ အဘယ်မျှကာလပတ်လုံး နေကြလိမ့်မည်နည်း။ ငါဆုံးမသော စကားကို နားထောင်၍ ပြောင်းလဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်းလောင်း၍၊ ငါ့စကား၏ အနက်အဓိပ္ပာယ်ကို နားလည်စေမည်။ ငါသည်ခေါ်၍ သင်တို့သည်ငြင်းပယ်သောကြောင့်လည်းကောင်း၊ ငါ့လက်ကိုဆန့်၍ အဘယ်သူမျှ မမှတ်သောကြောင့်လည်းကောင်း၊ ငါသတိပေးခြင်းရှိသမျှကို သင်တို့သည်ပယ်၍၊ ငါဆုံးမသော စကားတစ်ခွန်းကို နားမခံဘဲနေသောကြောင့်လည်းကောင်း၊ သင်တို့သည် ဘေးဥပဒ်နှင့်တွေ့ကြုံသောအခါ ငါရယ်မည်။ ကြောက်မက်ဖွယ်သောအမှုရောက်သောအခါ ငါပြက်ရယ်ပြုမည်။ သင်တို့ ကြောက်မက်ဖွယ်သောအမှုသည် သုတ်သင်ပယ်ရှင်းခြင်းအမှုကဲ့သို့လည်းကောင်း၊ သင်တို့ပျက်စီးခြင်းအမှုသည် လေပြင်းမုန်တိုင်းကဲ့သို့လည်းကောင်း ရောက်လာ၍၊ သင်တို့သည် ဆင်းရဲခြင်း၊ ပူပန်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော်လည်း ငါမထူး။ ငါ့ကိုကြိုးစား၍ ရှာသော်လည်း မတွေ့ရကြ။ အကြောင်းမူကား၊ သူတို့သည် ပညာအတတ်ကို မုန်းကြ၏။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကို အလိုမရှိကြ။ ငါသတိပေးခြင်းကို အလျှင်းနားမခံကြ။ ငါဆုံးမခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ၏။ ထိုကြောင့် သူတို့သည် ကိုယ်ကျင့်ခြင်း၏အကျိုးအပြစ်ကိုစား၍၊ ကိုယ်ကြံသော အကြံတို့နှင့် ဝကြလိမ့်မည်။ ဉာဏ်တိမ်သောသူတို့သည် လမ်းလွဲသဖြင့် အသက်ဆုံးတတ်ကြ၏။ မိုက်သောသူတို့သည် သတိလစ်သောအားဖြင့် ပျက်စီးခြင်းသို့ရောက်တတ်ကြ၏။ ငါ့စကားကိုနားထောင်သောသူမူကား လုံခြုံစွာနေ၍၊ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်။
သုတ္တံ 1 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 1:8-33
7 Days
The relationship you have with your parents isn't always easy—but it is important. We are called to honor our parents. And in this seven-day plan, you will discover a Godly perspective on the first relationship you ever entered. For more content, check out finds.life.church
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ