ပညာတရား၊ နည်းဥပဒေသတရားကိုသိ၍၊ ဉာဏ်နှင့်ယှဉ်သော စကားကို နားလည်မည်အကြောင်း၊ ပညာသွန်သင်ခြင်း၊ ဖြောင့်မတ်စွာကျင့်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ လျစ်လျူစွာဆုံးဖြတ်ခြင်း အမှုအရာ၌လေ့ကျက်မည်အကြောင်း၊ မိုက်သောသူသည်လိမ္မာ၍၊ လူပျိုသည် ပညာသတိနှင့် ပြည့်စုံမည်အကြောင်း၊ ဒါဝိဒ်၏သားတော်ဖြစ်သော ဣသရေလရှင်ဘုရင် ရှောလမုန်စီရင်သော သုတ္တံစကားဟူမူကား၊ ပညာရှိသောသူသည် နားထောင်သဖြင့်၊ ပညာအတတ် တိုးပွားရလိမ့်မည်။ ဉာဏ်ကောင်းသောသူသည် သုတ္တံစကားအနက်အဓိပ္ပာယ်ကိုလည်းကောင်း၊ ပညာရှိဟောပြော၍ နက်နဲသော စကားတို့ကိုလည်းကောင်း၊ နားလည်သော နိဿရည်းဆရာအဖြစ်သို့ ရောက်ရလိမ့်မည်။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့် ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။ ငါ့သား၊ အဘ၏နည်းဥပဒေသကိုနားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်။ ထိုနည်းဥပဒေသတရားတို့သည် သင်၏ခေါင်း၌ တင့်တယ်သောဦးရစ်၊ သင်၏လည်ပင်း၌ ပတ်ရစ်သောလည်ဆွဲ ဖြစ်ကြလိမ့်မည်။ ငါ့သား၊ လူဆိုးတို့သည် သင့်ကိုသွေးဆောင်လျှင် ဝန်မခံနှင့်။ သူတို့က ငါတို့နှင့်အတူလိုက်တော့။ သူ့အသက်ကိုသတ်အံ့သောငှာ စောင့်ကြစို့။ အချည်းနှီး အပြစ်လွတ်သောသူတို့ကို ချောင်းမြောင်းကြစို့။ သင်္ချိုင်းတွင်းသို့ဆင်းသော သူတို့ကဲ့သို့တစ်ကိုယ်လုံးပါလျက်၊ အသက်ရှင်လျက်ရှိသော ထိုသူတို့ကို မရဏနိုင်ငံမျိုသကဲ့သို့ မျိုကြစို့။ အဖိုးထိုက်သော ဘဏ္ဍာအမျိုးမျိုးကိုတွေ့၍ လုယူသောဥစ္စာနှင့် ငါတို့အိမ်ကိုပြည့်စေကြမည်။ ငါတို့နှင့် ပေါင်းဖော်တော့။ ရသောဥစ္စာကို အညီအမျှပိုင်ကြစို့ဟု ဆိုသော်လည်း၊ ငါ့သား၊ သူတို့နှင့်အတူ မလိုက်နှင့်။ သူတို့သွားသောလမ်းကို ရှောင်လော့။ အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာသို့ပြေး၍၊ လူအသက်ကို သတ်ခြင်းငှာလျင်မြန်၏။ အကယ်စင်စစ် ငှက်မျက်မှောက်၌ ပိုက်ကွန်ကိုဖြန့်ထားလျှင် အကြံမမြောက်ရာ။ လူဆိုးတို့သည် ကိုယ်အသွေးကို သွန်အံ့သောငှာစောင့်၍၊ ကိုယ်အသက်ကို သတ်အံ့သောငှာ ချောင်းမြောင်းတတ်ကြ၏။ မတရားသောစီးပွားကို ရှာသောသူအပေါင်းတို့သည် ထိုသို့သောအကျိုးကိုခံရ၍၊ ထိုစီးပွားသည် မိမိအရှင်၏အသက်ကို သတ်တတ်၏။
သုတ္တံ 1 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 1:1-19
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ