သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယခုတွင် အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ ပြန်လာကြလော့။ အဝတ်ကို မဆုတ်ဘဲ နှလုံးကိုဆုတ်လျက်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား ထံတော်သို့ ပြန်လာကြလော့။ ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်သောသဘော၊ အလွန် ကျေးဇူးပြုချင်သောသဘော၊ အပြစ်ပေးခြင်းကို နောင်တရတတ်သောသဘော ရှိတော်မူ၏။ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားအား ဘောဇဉ်ပူဇော်သကာနှင့် သွန်းလောင်းရာ ပူဇော်သကာကို ဆက်ကပ်ရန် ဖြစ်စေခြင်းငှာ၊ ဘုရားသခင်သည် တစ်ဖန် ပြန်လာ၍ နောင်တရပြီးလျှင်၊ ကောင်းကြီးမင်္ဂလာကို ထားရစ်စေတော်မူမည် မမူမည်ကို အဘယ်သူသိနိုင်သနည်း။ ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ အစာရှောင်ရသော အချိန်ကို ခန့်ထား၍ ခြိုးခြံစွာ ကျင့်ရသောအချိန်ကို ကြော်ငြာကြလော့။ လူများတို့ကို ခေါ်၍ စုဝေးသော ပရိသတ်တို့ကို သန့်ရှင်းစေကြလော့။ အသက်ကြီးသော သူတို့ကိုလည်းကောင်း၊ ငယ်သောသူနှင့် နို့စို့သောသူတို့ကိုလည်းကောင်း စုဝေးစေကြလော့။ မင်္ဂလာဆောင်လုလင်သည် မိမိအခန်းထဲကလည်းကောင်း၊ မင်္ဂလာ ဆောင်သတို့သမီးသည် မိမိကွယ်၍နေသော ကုလားကာတွင်းကလည်းကောင်း ထွက်စေ။ ထာဝရဘုရား၏ အမှုတော်စောင့်၊ ယဇ်ပုရောဟိတ်တို့သည် အိမ်တော်ဦးနှင့် ယဇ်ပလ္လင်စပ်ကြားမှာ ငိုကြွေးလျက်၊ အို ထာဝရဘုရား၊ ကိုယ်တော်၏လူများကို သနားတော်မူပါ။ တစ်ပါးအမျိုးသားတို့သည် အစိုးရ၍ အမွေတော်လူတို့ကို ကဲ့ရဲ့စေခြင်းငှာ အပ်နှံတော်မမူပါနှင့်။ သူတို့ ဘုရားသခင်ကား၊ အဘယ်မှာရှိသနည်းဟု တစ်ပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြပါသနည်းဟု လျှောက်ကြစေ။ သို့ပြုလျှင်၊ ထာဝရဘုရားသည် ပြည်တော်ကို မစချင်သော စိတ်အားကြီး၍ မိမိလူတို့ကို ကယ်မသနားတော်မူလိမ့်မည်။ အကယ်စင်စစ် ထာဝရဘုရားသည် ထူးတော်မူလျက်၊ ငါသည် ဆန်စပါး၊ စပျစ်ရည်၊ ဆီကို ပေးလိုက်၍ သင်တို့သည် ဝကြလိမ့်မည်။ နောက်တစ်ဖန် တစ်ပါးအမျိုးသား ကဲ့ရဲ့ရာဖြစ်စေခြင်းငှာ ငါမပြု။ မြောက်မျက်နှာ တပ်သားတို့ကို သင်တို့နေရာမှ ငါပယ်ရှားမည်။ အဘယ်သူမျှ မရှိ၊ သွေ့ခြောက်သော အရပ်သို့ နှင်ထုတ်မည်။ အရှေ့ပင်လယ်ကို မျက်နှာပြုလျက်၊ အနောက်ပင်လယ်ကို ကျောခိုင်းလျက် ချီသွားလိမ့်မည်။ ပုပ်စပ်နံစော်သော အနံ့ထွက်လိမ့်မည်။ ထာဝရဘုရားသည် ကြီးသော အမှုတို့ကို ပြုတော်မူမည်ဟု မိန့်တော်မူလိမ့်မည်။ အို ပြည်တော်၊ မစိုးရိမ်နှင့်။ ဝမ်းမြောက်ရွှင်လန်းခြင်းရှိလော့။ ထာဝရဘုရားသည် ကြီးသောအမှုတို့ကို ပြုတော်မူမည်။ အို တောသားရဲတို့၊ မစိုးရိမ်ကြနှင့်။ တောမြက်ပင် ပေါက်လျက်၊ သစ်ပင်တို့သည် အသီးကိုသီးလျက်၊ သင်္ဘောသဖန်းပင်နှင့် စပျစ်နွယ်ပင်တို့လည်း အားထုတ်လျက် ရှိကြ၏။ အို ဇိအုန်မြို့သားတို့၊ ဝမ်းမြောက်၍ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို အမှီပြုလျက် ရွှင်လန်းကြလော့။ အကြောင်းမူကား၊ ဓမ္မဆရာကို ပေးတော်မူ၍ အစအဦး၌လည်း အရင်မိုးနှင့် နောက်မိုးကို သင်တို့အပေါ်မှာ ရွာစေတော်မူမည်။ ကောက်နယ်တလင်းတို့သည် စပါးနှင့်ပြည့်၍၊ အသီးနယ်ရာ ကျင်းတို့၌လည်း စပျစ်ရည်နှင့် ဆီ လျှံကြလိမ့်မည်။ အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်း၊ ဂါဇံကျိုင်းတည်းဟူသော ငါစေလွှတ်သော ငါ၏မဟာဗိုလ်ခြေတို့ ကိုက်စားသော နှစ်ပေါင်းကာလကို ငါပြန်ပေးမည်။ သင်တို့သည် ဝစွာ စားရကြလိမ့်မည်။ အံ့ဩဖွယ်သော အမှုတို့ကို သင်တို့၌ပြုသော သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြလိမ့်မည်။ နောက်တစ်ဖန် ငါ၏လူတို့သည်လည်း ရှက်ကြောက်ခြင်း မရှိရကြ။ ငါသည် ဣသရေလအမျိုး၏အလယ်၌ ရှိကြောင်းကိုလည်းကောင်း၊ အခြားသောဘုရား မရှိ၊ ငါထာဝရဘုရားသည် သင်တို့၏ဘုရားသခင် ဖြစ်ကြောင်းကိုလည်းကောင်း သင်တို့ သိရကြလိမ့်မည်။ နောက်တစ်ဖန် ငါ၏လူတို့သည် ရှက်ကြောက်ခြင်း မရှိရကြ။ ထိုနောက်မှ လူမျိုးတကာတို့ အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။ အသက်ငယ်သော သူတို့သည်လည်း ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။ ငါ၏အမှုကိုဆောင်ရွက်သော ယောက်ျားမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ မိုးကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ အံ့ဖွယ်သောအရာတည်းဟူသော သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကို ငါပြမည်။ ထာဝရဘုရား၏ ကြောက်မက်ဖွယ်သော နေ့ကြီးမတိုင်မီ၊ နေသည် မှောင်မိုက်အတိ ဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။ ထိုအခါ ထာဝရဘုရားကို ပတ္ထနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့။ အကြောင်းမူကား၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဇိအုန်တောင်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရား ခေါ်တော်မူသောသူ အကျန်အကြွင်းတို့အဖို့ ကယ်တင်ခြင်းအခွင့် ရှိရလတ္တံ့။
ယောလ 2 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယောလ 2:12-32
21 Days
Start your new year with a focus on the spiritual discipline of fasting. This plan includes several passages about fasting and others that encourage reflection and closeness to God. For 21 days, you'll get a daily Bible reading, a brief devotional, reflection questions, and a prayer focus. For more content, check out www.finds.life.church.
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ