တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၊ ငါ့ရှေ့မှာ ငြိမ်ဝပ်စွာနေကြ။ လူအမျိုးမျိုးတို့၊ အားဖြည့်ကြ။ ချဉ်းကပ်၍ပြောကြ။ တရားတွေ့ကြကုန်အံ့။ ဖြောင့်မတ်ခြင်းမင်္ဂလာ လိုက်တတ်သောသူကို အရှေ့ပြည်က၊ အဘယ်သူ ပေါ်လာစေသနည်း။ လူအမျိုးမျိုးတို့ကို သူ၌အပ်၍၊ ရှင်ဘုရင်တို့ကို အုပ်စိုးစေခြင်းငှာ၊ အဘယ်သူစီရင်သနည်း။ ရန်သူတို့ကို သူ၏ဓားရှေ့မှာ မြေမှုန့်ကဲ့သို့လည်းကောင်း၊ သူ၏လေးရှေ့မှာ လွင့်သောဖွဲကဲ့သို့လည်းကောင်း အဘယ်သူဖြစ်စေသနည်း။ ရန်သူတို့ကို လိုက်ရ၏။ မိမိခြေမနင်းဖူးသော လမ်းဖြင့်၊ ဘေးမရှိ၊ လွန်သွားရ၏။ ထိုအမှုများကို စီရင်ဖန်ဆင်းလျက်၊ ရှေ့ဦးစွာမှစ၍ လူမျိုးအစဉ်အဆက်တို့ကို ခေါ်သောသူသည် အဘယ်သူနည်းဟူမူကား၊ အဦးဆုံးသောသူဖြစ်၍၊ နောက်ဆုံးသော သူတို့နှင့်ရှိသော ငါထာဝရဘုရားပေတည်း။ တစ်ကျွန်းတစ်နိုင်ငံအရပ်တို့သည် မြင်၍ ကြောက်ကြ၏။ မြေကြီးစွန်းသားတို့သည် ထိတ်လန့်သောစိတ်နှင့် ချဉ်းကပ်၍ စုဝေးကြ၏။ အိမ်နီးချင်း တစ်ယောက်ကိုတစ်ယောက် မစ၍၊ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက်၊ မစိုးရိမ်နှင့်ဟု ဆိုကြ၏။ ထိုသို့ ပန်းတဉ်းသမားသည် ပန်းထိမ်သမားကို နှိုးဆော်တတ်၏။ သံတူနှင့် ချောစေသောသူသည်၊ ပေပေါ်မှာရိုက်သောသူကိုလည်း နှိုးဆော်၍၊ ဂဟေကောင်းသည်ဟု ဆိုတတ်၏။ ရုပ်တုကို မလှုပ်ရှားစေခြင်းငှာ သံချွန်နှင့် ရိုက်ထားတတ်၏။ ငါ့ကျွန်ဣသရေလ၊ ငါရွေးချယ်သောသူ ယာကုပ်၊ ငါ့အဆွေအာဗြဟံ၏သား၊ မြေကြီးအစွန်းအနားမှ ငါလက်ဆွဲ၍ခေါ်သောသူ၊ သင်သည် ငါ့ကျွန်ဖြစ်၏ ဟူ၍လည်းကောင်း၊ သင့်ကိုငါရွေးချယ်ပြီ၊ သင့်ကို မပစ်မပယ် ဟူ၍လည်းကောင်း၊ ကတိကိုခံရသောသူ၊ မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ယာလက်ဖြင့် ထောက်ပင့်မည်။ သင်၌ အမျက်ထွက်သော သူတို့သည် ရှက်ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်းရှိကြလိမ့်မည်။ သင်၌ ရန်ပြုသောသူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ်၍၊ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ သင်နှင့် ဆန့်ကျင်ဘက်ပြုသောသူတို့ကို သင်သည် ရှာ၍မတွေ့ရ။ သင့်ကို စစ်တိုက်သောသူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့လည်းကောင်း၊ အနတ္တသက်သက်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ သင်၏ ဘုရားသခင်ထာဝရဘုရားက၊ မစိုးရိမ်နှင့်။ ငါမစမည်ဟု သင့်အားဆိုလျက်၊ သင်၏လက်ယာလက်ကို ကိုင်မည်။ အို တီကောင်ယာကုပ်၊ အမျိုးငယ်ဣသရေလ၊ မစိုးရိမ်နှင့်။ ငါသည် သင့်ကို မစသောသူဖြစ်၏။ သင့်ကို ရွေးနုတ်သောသူသည်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ ငါသည် သင့်ကို အသွားရှိသော စပါးနယ်စရာ ယန္တရားစက်အသစ် ဖြစ်စေမည်။ သင်သည် တောင်ကြီးတို့ကိုနယ်၍ ညက်စေမည်။ တောင်ငယ်တို့ကို ဖွဲကဲ့သို့ ဖြစ်စေမည်။ သူတို့ကိုလှေ့၍၊ လေသည် သူတို့ကို တိုက်သွားလိမ့်မည်။ မုန်တိုင်းလွှင့်လိမ့်မည်။ သင်မူကား ထာဝရဘုရား၌ ဝမ်းမြောက်လိမ့်မည်။ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရား၌ ဝါကြွားလိမ့်မည်။
ဟေရှာယ 41 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယ 41:1-16
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ