YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 40

40
ဇိ​အုန်​သို့​နှစ်​သိမ့်​ခြင်း
1သင်​တို့၏​ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​ကား၊ ငါ၏​လူ​တို့​ကို နှစ်​သိမ့်​စေ​ကြ​လော့။ နှစ်​သိမ့်​စေ​ကြ​လော့။ 2စစ်​မှု​ကို ထမ်း​ရ​သော​အ​ချိန်​စေ့​ပြီ။ သင်၏​အ​ပြစ်​လည်း ပြေ​ရှင်း​ပြီ​ဟု ယေ​ရု​ရှ​လင်​မြို့​အား နှစ်​သိမ့်​စေ​သော​စ​ကား​ကို ပြော၍ ကြွေး​ကြော်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌ မိ​မိ​အ​ပြစ်​အ​တွက် နှစ်​ဆ​ခံ​ရ​ပြီ။
3တော၌ ဟစ်​ကြော်​သော​သူ၏​အ​သံ​မှာ၊ ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရာ​လမ်း​ကို ပြင်​ကြ​လော့။ ငါ​တို့ ဘု​ရား​သ​ခင်၏ လမ်း​ခ​ရီး​တော်​ကို လွင်​ပြင်၌ ဖြောင့်​စေ​ကြ​လော့။#မ၊ ၃:၃။ မာ၊ ၁:၃။ ယော၊ ၁:၂၃။ 4ချိုင့်​ဝှမ်း​ရာ ရှိ​သ​မျှ​တို့​ကို ဖို့​ရ​မည်။ တောင်​ကြီး​တောင်​ငယ် ရှိ​သ​မျှ​တို့​ကို ဖြို​ရ​မည်။ ကောက်​သော​လမ်း​များ​ကို ဖြောင့်​စေ​ရ​မည်။ ကြမ်း​တမ်း​သော လမ်း​များ​ကို​လည်း သုတ်​သင်​ပြင်​ဆင်​ရ​မည်။ 5ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​ပေါ်​ထွန်း၍၊ လူ​အ​ပေါင်း​တို့​သည် အ​တူ​မြင်​ရ​ကြ​လ​တ္တံ့​ဟု ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက် အ​မိန့်​တော်​ရှိ၏။#လု၊ ၃:၄-၆။
6တစ်​ဖန် ထို​အ​သံ​က၊ ဟစ်​ကြော်​လော့​ဟု​ဆို​လျှင် ငါ​က၊ အ​ဘယ်​အ​ရာ​ကို ဟစ်​ကြော်​ရ​မည်​နည်း​ဟု မေး​သော်၊ လူ​မျိုး​ရှိ​သ​မျှ​သည် မြက်​ပင်​ဖြစ်၏။ လူ​မျိုး၏​ဘုန်း​ရှိ​သ​မျှ​သည်​လည်း တော​အ​ပွင့်​ကဲ့​သို့ ဖြစ်၏။#ယာ၊ ၁:၁၀-၁၁။ ၁​ပေ၊ ၁:၂၄-၂၅။ 7ထာ​ဝ​ရ​ဘု​ရား၏​လေ​တိုက်​သော​အ​ခါ၊ မြက်​ပင်​သည် ညှိုး​နွမ်း​သွေ့​ခြောက်​တတ်၏။ အ​ပွင့်​လည်း ကြွေ​တတ်၏။ အ​ကယ်​စင်​စစ် လူ​တို့​သည် မြက်​ပင်​ဖြစ်​ကြ၏။ 8မြက်​ပင်​သည် ညှိုး​နွမ်း​သွေ့​ခြောက်​တတ်၏။ အ​ပွင့်​လည်း ကြွေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​မူ​ကား၊ ကာ​လ​စဉ်​အ​မြဲ​တည်၏​ဟု ဆို​သ​တည်း။
9ဇိ​အုန်​တောင်​သို့ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ဆောင်​ခဲ့​သော​သူ၊ မြင့်​သော​တောင်​ပေါ်​သို့ တက်​လော့။ ယေ​ရု​ရှ​လင်​မြို့​သို့ ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို​ဆောင်​ခဲ့​သော​သူ၊ ကျယ်​သော​အ​သံ​ကို လွှင့်​လော့။ မ​စိုး​ရိမ်​ဘဲ အ​သံ​ကို​လွှင့်​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ကို ကြည့်​ရှု​ကြ​ဟု ယု​ဒ​မြို့​ရွာ​တို့​အား​ပြော​လော့။ 10ကြည့်​ရှု​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ကြီး​သော​တန်​ခိုး​နှင့် ကြွ​လာ၍၊ လက်​ရုံး​တော်​အား​ဖြင့် အ​စိုး​ရ​တော်​မူ​လိမ့်​မည်။ မိ​မိ​ခံ​တော်​မူ​ထိုက်​သော​အ​ခ မိ​မိ၌​ပါ​လျက်၊ ဆု​လာဘ်​တော်​သည် ရှေ့​တော်၌​ရှိ၏။#ဟေ​ရှာ၊ ၆၂:၁၁။ ဗျာ၊ ၂၂:၁၂။ 11မိ​မိ​သိုး​စု​ကို သိုး​ထိန်း​ကဲ့​သို့ ကျွေး​မွေး​တော်​မူ​မည်။ သိုး​သ​ငယ်​တို့​ကို ချီ၍ ပိုက်​ပွေ့​တော်​မူ​မည်။ သား​ငယ်​ရှိ​သော သိုး​မ​တို့​ကို​လည်း ဖြည်း​ညင်း​စွာ ပို့​ဆောင်​တော်​မူ​မည်။
ဣ​သ​ရေ​လ​တို့၏အ​နှိုင်းမဲ့​သောဘု​ရား​သ​ခင်
12ရေ​များ​ကို လက်​ဆွန်း​ဖြင့် ခြင်​သော​သူ၊ မိုး​ကောင်း​ကင်​ကို မိ​မိ​လက်​ဖြင့် ထွာ​သော​သူ၊ မြေ​မှုန့်​ကို တင်း​တောင်း​ဖြင့် ချင့်​တွက်​သော​သူ၊ တောင်​ကြီး​ကို ချိန်​ခွင်​ဖြင့်​လည်း​ကောင်း၊ တောင်​ငယ်​ကို ကပ်​ပယ်​ဖြင့်​လည်း​ကောင်း ချိန်​သော​သူ​ကား အ​ဘယ်​သူ​နည်း။ 13ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​ကို အ​ဘယ်​သူ စစ်​ကြော​သ​နည်း။ ထို​ဘု​ရား​နှင့် တိုင်​ပင်၍၊ အ​ဘယ်​သူ​သည် အ​ကြံ​ပေး​သ​နည်း။#ရော၊ ၁၁:၃၄။ ၁ ကော၊ ၂:၁၆။ 14အ​ဘယ်​သူ​နှင့် တိုင်​ပင်​တော်​မူ​သ​နည်း။ ထို​ဘု​ရား​ကို အ​ဘယ်​သူ သွန်​သင်​သ​နည်း။ ထို​ဘု​ရား​အား တ​ရား​လမ်း​ကို​ပြ​သော​သူ၊ ပ​ညာ​နည်း​ကို ပေး​သော​သူ၊ ဉာဏ်​လမ်း​ကို ညွှန်​သော​သူ​ကား အ​ဘယ်​သူ​နည်း။ 15လူ​အ​မျိုး​မျိုး​တို့​သည် ရေ​ပုံး​မှ ကျ​သော ရေ​စက်​ကဲ့​သို့ ဖြစ်၍၊ ချိန်​ခွင်၌ မြူ​မှုန်​ကဲ့​သို့ ထင်​မှတ်​စ​ရာ​ရှိ၏။ ကျွန်း​တို့​သည်​လည်း၊ လွင့်​တတ်​သော အ​ဏု​မြူ​ကဲ့​သို့ ဖြစ်​ကြ၏။ 16လေ​ဗ​နုန်​တော​သည် မီး​မွေး​ဖို့​မ​လောက်။ ထို​တော၌​ရှိ​သော တိ​ရ​စ္ဆာန်​တို့​သည်​လည်း၊ မီး​ရှို့​ရာ​ယဇ်​ဖို့ မ​လောက်။ 17ခပ်​သိမ်း​သော လူ​အ​မျိုး​မျိုး​တို့​သည် အ​ဘယ်​မျှ​မ​ဟုတ်​သ​ကဲ့​သို့ ရှေ့​တော်၌​ဖြစ်​ကြ၏။ အ​ဘယ်​မျှ​မ​ဟုတ်​သော အ​ရာ​ထက်​သာ၍ ငယ်​သ​ကဲ့​သို့​လည်း​ကောင်း၊ အ​န​တ္တ​ကဲ့​သို့​လည်း​ကောင်း မှတ်​တော်​မူ၏။
18သို့​ဖြစ်၍၊ ဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့ ပုံ​ပြ​ရ​အံ့​နည်း။ ဘု​ရား​သ​ခင်​နှင့် အ​ဘယ်​မည်​သော ပုံ​သ​ဏ္ဌာန်​တူ​သည်​ဟု ဆို​ရ​အံ့​နည်း။#တ၊ ၁၇:၂၉။ 19ပန်း​တဉ်း​သ​မား​သည် ရုပ်​တု​ကို​သွန်း​ပြီး​မှ၊ ပန်း​ထိမ်​သ​မား​သည် ရွှေ​နှင့်​မွမ်း​မံ၍၊ ငွေ​ကြိုး​ကို​လည်း လုပ်​တတ်၏။ 20အ​ဖိုး​ထိုက်​သော အ​လှူ​ကို မ​လှူ​နိုင်​သော​သူ​သည်၊ မ​ဆွေး​မြေ့​တတ်​သော သစ်​သား​ကို​ရွေး​ကောက်​ပြီး​မှ၊ မြဲ​မြံ​သော​ရုပ်​တု​ကို လုပ်​စေ​ခြင်း​ငှာ၊ လိ​မ္မာ​သော​လက်​သ​မား​ကို ရှာ​တတ်၏။ 21သင်​တို့​သည် မ​သိ​ကြ​သ​လော။ မ​ကြား​ကြ​သ​လော။ ရှေ့​ဦး​စွာ​မှ​စ၍ သင်​တို့​အား မ​ဖော်​မ​ပြ​သ​လော။ မြေ​ကြီး​တည်​သည် အ​ကြောင်း​ကို နား​မ​လည်​ကြ​သ​လော။ 22မြေ​ကြီး​စက်​အ​ပေါ်​မှာ ထိုင်၍၊ မြေ​ကြီး​သား​တို့​ကို နှံ​ကောင်​ကဲ့​သို့ မှတ်​တော်​မူ​ထ​သော၊ မိုး​ကောင်း​ကင်​ကို မျက်​နှာ​ကြက်​ကဲ့​သို့ ကြက်၍၊ နေ​စ​ရာ​တဲ​ကဲ့​သို့ ဖြန့်​တော်​မူ​ထ​သော၊ 23မင်း​တို့​ကို ရှုတ်​ချ၍၊ မြေ​ကြီး​တ​ရား​သူ​ကြီး​တို့​ကို အ​န​တ္တ​ကဲ့​သို့ ဖြစ်​စေ​တော်​မူ​သော​သူ​ပေ​တည်း။ 24အ​ကယ်​စင်​စစ် သူ​တို့​ကို မ​စိုက်​မ​ပျိုး​ရ။ အ​ကယ်​စင်​စစ် သူ​တို့၏​မျိုး​စေ့​ကို မ​ကြဲ​ရ။ အ​ကယ်​စင်​စစ် သူ​တို့​အ​ပင်​သည် မြေ၌ အ​မြစ်​မ​စွဲ​ရ။ သူ​တို့​အ​ပေါ်​မှာ မှုတ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ညှိုး​နွမ်း​သွေ့​ခြောက်၍၊ လေ​ပွေ​သည် သူ​တို့​ကို ဖွဲ​ကဲ့​သို့ တိုက်​လွှင့်​လိမ့်​မည်။
25သို့​ဖြစ်၍၊ ငါ့​ကို အ​ဘယ်​သို့ ပုံ​ပြ​ရ​အံ့​နည်း။ ငါ​သည် အ​ဘယ်​သူ​နှင့် တူ​ရ​အံ့​နည်း​ဟု သန့်​ရှင်း​သော​ဘု​ရား မေး​တော်​မူ၏။ 26အ​ထက်​သို့ မျှော်​ကြည့်​ကြ​လော့။ ထို​အ​ရာ​တို့​ကို အ​ဘယ်​သူ ဖန်​ဆင်း​သ​နည်း။ ထို​သူ​သည် သူ​တို့​အ​လုံး​အ​ရင်း​ကို အ​ရေ​အ​တွက်​အား​ဖြင့် ထုတ်​ဆောင်​တော်​မူ၏။ အ​လုံး​စုံ​တို့​ကို နာ​မည်​ဖြင့်​ခေါ်​တော်​မူ၏။ ခွန်​အား​ကြီး၍ တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော​ကြောင့်၊ တစ်​စုံ​တစ်​ခု​မျှ မ​ပေါ်​ဘဲ​မ​နေ​ရ။
27အို ယာ​ကုပ်​အ​မျိုး၊ သင်​သွား​သော​လမ်း​ကို ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မ​မူ​ဟု အ​ဘယ်​ကြောင့်​ပြော​သ​နည်း။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင့်​အ​မှု​ကို သင်၏​ဘု​ရား​သ​ခင် မှတ်​တော်​မ​မူ​ဟု၊ အ​ဘယ်​ကြောင့်​ဆို​ရ​သ​နည်း။ 28ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ​တည်​တော်​မူ​သော ဘု​ရား​သ​ခင် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မြေ​ကြီး​စွန်း​တိုင်​အောင် ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မော​တော်​မူ​ခြင်း၊ ပင်​ပန်း​တော်​မူ​ခြင်း​မ​ရှိ၊ စစ်၍ မ​ကုန်​နိုင်​သော​ဉာဏ်​နှင့် ပြည့်​စုံ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​သည် မ​သိ​မ​ကြား​ဖူး​သ​လော။ 29ထို​ဘု​ရား​သည် မော​သော​သူ​တို့​အား၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ နွမ်း​နယ်​သော​သူ​တို့​အား၊ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ 30လူ​ပျို​တို့​သည် မော၍ ပင်​ပန်း​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ လု​လင်​တို့​သည်​လည်း ထိ​မိ၍ လဲ​ကြ​လိမ့်​မည်။ 31ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ အား​ပြည့်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ​ကဲ့​သို့ မိ​မိ​တို့​အ​တောင်​ကို အ​သစ်​ပြု​ပြင်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း မ​ပင်​ပန်း၊ ခ​ရီး​သွား​သော​အ​ခါ မ​မော​ရ​ကြ။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 40: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။