ထိုသခင်မူကား၊ အပြစ်ကိုဖြေခြင်းငှာ ယဇ်တစ်ခုတည်းကို ပူဇော်ပြီးမှစ၍၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ အစဉ်အမြဲထိုင်၍၊- မိမိရန်သူတို့ကို မိမိခြေတင်ရာ မချမထားမီတိုင်အောင် မျှော်လင့်လျက် နေတော်မူ၏။- အကြောင်းမူကား၊ စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းအကျိုးကိုရစေခြင်းငှာ၊ တစ်ခါတည်းပူဇော်ခြင်းအားဖြင့် ပြုတော်မူ၏။- ထိုသို့နှင့်အညီ၊ သန့်ရှင်းသောဝိညာဉ်တော်သည် ငါတို့အား သက်သေပေးတော်မူသည်မှာ၊- နောင်ကာလအခါ သူတို့၌ ငါပေးသော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝဘုရားသည် ငါ့ပညတ်တို့ကို သူတို့နှလုံးထဲမှာ ပေးသွင်းမည်။ သူတို့စိတ်ဝိညာဉ်၏ အပေါ်မှာ ရေးထားမည်ဟု အထက်ကမိန့်တော်မူပြီးမှ၊- တစ်ဖန်တုံ၊ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်း အမျိုးမျိုးကို ငါမအောက်မေ့ဘဲ နေမည်ဟု လာသတည်း။- ထိုအပြစ်တို့ကို လွှတ်ပြီးလျှင် နောက်တစ်ဖန် အပြစ်ဖြေသော ပူဇော်သကာကို ပြုစေရာအကြောင်းမရှိ။ ထိုကြောင့် ညီအစ်ကိုတို့၊ ယေရှု၏ ကိုယ်ခန္ဓာတော်တည်းဟူသော ကုလားကာအားဖြင့် ထိုသခင် ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင်၊- ငါတို့သည် သန့်ရှင်းရာဌာနထဲသို့၊ အသွေးတော်ကို အမှီပြု၍ အဆီးအတားမရှိ၊ ဝင်ရသောအခွင့် ရှိသဖြင့်လည်းကောင်း၊ ဘုရားသခင်၏အိမ်တော်ကို အုပ်စိုးသော ယဇ်ပုရောဟိတ်မင်း ရှိသဖြင့်လည်းကောင်း၊- ငါတို့သည် သစ္စာနှင့်ပြည့်စုံသော သဘောရှိ၍၊ ဝိစိကိစ္ဆာနှင့်ကင်းသော ယုံကြည်ခြင်း၌ တည်လျက်၊ စိတ်နှလုံးကို သံဝေဂတရားနှင့် လွတ်အောင် ဖျန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သောရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။- မျှော်လင့်ခြင်းအကြောင်းကို ဝန်ခံ၍ မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့။ အကြောင်းမူကား၊ ကတိထားတော်မူသော သူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။- ထိုမှတစ်ပါး မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာလည်းကောင်း၊ တိုက်တွန်း နှိုးဆော်ရသောအခွင့်ကို ရှာ၍၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။- လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစားကြလော့။ အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တစ်ဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ၊- ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက်ဖွယ်သော မျှော်လင့်ရသောအကြောင်း၊ ငြင်းဆန်သော သူတို့ကို ဖျက်ဆီးဖို့ရာ အမျက်တော် မီးလောင်ခြင်းကို ခံရသောအကြောင်းရှိ၏။- မောရှေ၏တရားကို ပယ်သောသူမည်သည်ကား၊ သက်သေခံ နှစ်ဦးသုံးဦးရှိလျှင်၊ သနားခြင်းကို မခံရဘဲ သေရ၏။- ထိုမျှမက၊ ဘုရားသခင်၏ သားတော်ကို ခြေဖြင့်ကျော်နင်းလျက်၊ မိမိကိုစင်ကြယ်စေသော ပဋိညာဉ်တရား၏ သွေးကို အပြစ်တင်လျက်၊ ဆုကျေးဇူးကိုပေးသော ဝိညာဉ်တော်ကို မထီမဲ့မြင်ပြုလျက်ရှိသောသူသည်၊ အဘယ်မျှလောက် ကြီးစွာသောဒဏ်ဖြင့် ခံထိုက်သည်ကို သင်တို့ ထင်ကြသနည်း။- ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟူ၍လည်းကောင်း၊ ထာဝရဘုရားသည် မိမိလူတို့အဖို့ တရားစီရင်မည်ဟူ၍လည်းကောင်း မိန့်တော်မူသောသူကို ငါတို့သည် အမှန်သိကြ၏။- အသက်ရှင်တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက်မက်ဖွယ်သောအမှု ဖြစ်သတည်း။ သင်တို့သည် အလင်းသို့ရောက်ပြီးသည်နောက်၊ လူများရှေ့မှာ ကဲ့ရဲ့ညှဉ်းဆဲခြင်းကို ခံရသဖြင့်လည်းကောင်း၊ ထိုသို့ခံရသောသူတို့နှင့် ဆက်ဆံသော အပေါင်းအဖော် ဖြစ်သဖြင့်လည်းကောင်း၊ ကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာများကို ဆိုင်ပြိုင်တိုက်လှန်ခြင်းနှင့် တွေ့ကြုံသော အထက်ကာလအချိန်ကို အောက်မေ့ကြလော့။- ထိုအခါ သင်တို့သည် အကျဉ်းခံရသော သူတို့အတွက်ကြောင့် ကြင်နာသောစိတ် ရှိရသည်သာမက၊ ကိုယ်ပစ္စည်းဥစ္စာများကို သူတစ်ပါးလုယူဖျက်ဆီးသော်လည်း၊ ကိုယ်သုံးစရာဖို့ ကောင်းကင်ဘုံ၌ သာ၍မြတ်သော အမြဲတည်သော ဘဏ္ဍာရှိသည်ကိုသိ၍၊ လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက်သောစိတ်နှင့် ဝန်ခံကြ၏။- ထိုကြောင့်၊ ကြီးစွာသောအကျိုးနှင့်ယှဉ်သော သင်တို့၏ ရဲရင့်ခြင်းစိတ်ကို မစွန့်ကြနှင့်။- ဘုရားသခင်၏အလိုတော်ကို ဆောင်ပြီးမှ၊ ကတိတော်အတိုင်း အကျိုးကိုရမည်အကြောင်း သည်းခံခြင်းစိတ်ရှိရမည်။- အဘယ်ကြောင့်နည်း ဟူမူကား၊ ကြွလာလတ္တံ့သောသူသည် မဆိုင်းမလင့်ဘဲ၊ မကြာမမြင့်မီ ရောက်တော်မူလိမ့်မည်။- ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော်လည်း၊ ရွေ့လျော့လျှင်၊ ငါ့စိတ်ဝိညာဉ်သည် ထိုသူကို အားရနှစ်သက်ခြင်းမရှိဟု ဘုရားသခင် အမိန့်တော်ရှိ၏။- ငါတို့မူကား၊ ပျက်စီးခြင်းသို့ရောက်အံ့သောငှာ ရွေ့လျော့သောသူ မဟုတ်။ စိတ်ဝိညာဉ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ ယုံကြည်သောသူ ဖြစ်ကြ၏။
ဟေဗြဲ 10 ကို ဖတ်ရှုရန်
နားထောင်ရန် ဟေဗြဲ 10
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေဗြဲ 10:12-39
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ