ထာဝရဘုရားကလည်း၊ သင်သည် ဣသရေလအမျိုးသားတို့၌ စီရင်ရသော ဓမ္မသတ်ဟူမူကား၊ ဟေဗြဲအမျိုးဖြစ်သော ကျွန်ကိုဝယ်လျှင်၊ ခြောက်နှစ်သာအစေကျွန်ခံစေရမည်။ သတ္တမနှစ်ရောက်သော်၊ ကိုယ်ဖိုးကို မတောင်းဘဲလွှတ်ရမည်။ ကျွန်ခံစက တစ်ယောက်တည်းခံလျှင်၊ တစ်ယောက်တည်းထွက်ရမည်။ လင်မယားနှစ်ယောက်ခံလျှင်၊ မယားနှင့်တကွထွက်စေရမည်။ သို့မဟုတ် သခင်ပေးစားသောမယားရှိ၍ ထိုမယားသည် သားသမီးကိုဖွားမြင်လျှင်၊ မယားနှင့်သားသမီးတို့ကို သခင်ပိုင်ရမည်။ ကျွန်မူကား၊ တစ်ယောက်တည်းထွက်ရမည်။ သို့မဟုတ် ကျွန်က၊ ကျွန်တော်သခင်နှင့် မယားသားသမီးတို့ကို ကျွန်တော်ချစ်ပါ၏။ မထွက်မသွားလိုပါဟု အတည့်အလင်းပြောဆိုလျှင်၊ သခင်သည် ဘုရားသခင်ရှေ့တော်သို့လည်းကောင်း၊ အိမ်တံခါးတိုင်သို့လည်းကောင်း ဆောင်ယူ၍၊ နားရွက်ကို စူးဖြင့်ဖောက်ပြီးမှ၊ ထိုကျွန်သည် အစဉ်အမြဲကျွန်ခံရမည်။ အဘသည် သမီးကိုကျွန်ခံစေခြင်းငှာရောင်းလျှင် ထိုမိန်းမသည် ကျွန်ယောက်ျားကဲ့သို့ လွတ်ရသည်မဟုတ်။ သခင်သည် ထိုမိန်းမကို သိမ်းယူ၍မကြိုက်လျှင်၊ ရွေးစေခြင်းငှာ အခွင့်ပေးရမည်။ သူ့ကို လှည့်ဖြားမိသောကြောင့်၊ တစ်ပါးအမျိုးသားတို့သို့ ရောင်းချပိုင်သောအခွင့်မရှိ။ မိမိသား၌ပေးစားလျှင်မူကား၊ သမီးကဲ့သို့ပြုစုရမည်။ အခြားမိန်းမကိုသိမ်းပြန်လျှင်၊ အရင်သိမ်းသော မိန်းမ၏အဝတ်အစားနှင့် မယားဝတ်ကိုမလျှော့ရ။ ထိုသုံးပါးကိုမပြုလျှင်၊ ကိုယ်ဖိုးကို မတောင်းဘဲလွှတ်ရမည်။ လူကိုအသေသတ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ အသေသတ်မည်အကြံမရှိဘဲ၊ သူ၏လက်၌ လူအသက်ကို ဘုရားသခင်အပ်တော်မူလျှင်၊ ပြေးရသောအရပ်ကို ငါခန့်ထားမည်။ အိမ်နီးချင်းကို သတ်မည်အကြံရှိ၍ အနိုင်တိုက်သောသူကိုကား၊ ငါ့ယဇ်ပလ္လင်၌ ခိုလှုံသော်လည်း၊ ဆွဲယူ၍သတ်ရမည်။ မိဘကိုအသေသတ်သောသူသည်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ လူကိုခိုးသောသူသည်၊ ရောင်းသည်ဖြစ်စေ၊ သူ၏လက်၌ရှိသည်ဖြစ်စေ၊ အသေသတ်ခြင်းကိုအမှန်ခံရမည်။ မိဘကိုကျိန်ဆဲသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ လူချင်းခိုက်ရန်ပြု၍ တစ်ယောက်သည် ကျောက်ခဲနှင့် ထုသည်ဖြစ်စေ၊ လက်သီးနှင့်ထိုးသည်ဖြစ်စေ၊ အရိုက်ခံရသောသူသည် မသေသော်လည်း၊ အိပ်ရာ၌ တုံးလုံးနေရလျှင်လည်းကောင်း၊ တစ်ဖန်ထ၍တောင်ဝှေးနှင့်သွားလျှင်လည်းကောင်း၊ ရိုက်သောသူကို အပြစ်လွှတ်ရမည်။ သို့ရာတွင် နာသောသူသည် အလုပ်ပျက်ရသည်အတွက်၊ အနာပျောက်စေခြင်းငှာ ကုသရသည်အတွက်၊ ငွေကိုလျော်ရမည်။ သခင်သည် ကျွန်ယောက်ျား၊ ကျွန်မိန်းမကိုတုတ်နှင့်ရိုက်၍ ထိုကျွန်သေလျှင်၊ သခင်သည် လေးသောဒဏ်ကိုခံရမည်။ သို့ရာတွင် ကျွန်သည် တစ်ရက်နှစ်ရက်နာ၍ မသေဘဲနေလျှင်၊ သခင်သည် ထိုကျွန်ကိုပိုင်သောကြောင့်၊ ဒဏ်နှင့်လွတ်ရမည်။ လူချင်းခိုက်ရန်ပြုကြ၍၊ ကိုယ်ဝန်ဆောင်သောမိန်းမကို ထိခိုက်သဖြင့် ကိုယ်ဝန်ပျက်၍ အခြားသောအနာမဖြစ်လျှင်၊ မိန်းမလင်စီရင်သည်အတိုင်း ဒဏ်ခံရမည်။ မင်းစီရင်သည်အတိုင်းလည်း ငွေကိုလျော်ရမည်။ အခြားသောအနာဖြစ်လျှင်၊ အသက်အတွက် အသက်ကိုလည်းကောင်း၊ မျက်စိအတွက် မျက်စိကိုလည်းကောင်း၊ သွားအတွက် သွားကိုလည်းကောင်း၊ လက်အတွက် လက်ကိုလည်းကောင်း၊ ခြေအတွက် ခြေကိုလည်းကောင်း၊ မီးလောင်ခြင်းအတွက် မီးလောင်ခြင်းကိုလည်းကောင်း၊ ရှနခြင်းအတွက် ရှနခြင်းကိုလည်းကောင်း၊ ဒဏ်ချက်ရာအတွက် ဒဏ်ချက်ရာကိုလည်းကောင်း ခံရမည်။ သခင်သည် ကျွန်ယောက်ျား၊ ကျွန်မိန်းမ၏မျက်စိကို ပျက်အောင်ရိုက်လျှင်၊ မျက်စိပျက်သည်အတွက် လွှတ်ရမည်။ ထိုအတူ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၏သွားကို ကျိုးအောင်ရိုက်လျှင်၊ သွားကျိုးသည်အတွက် လွှတ်ရမည်။ နွားသည် လူယောက်ျား၊ မိန်းမကိုခွေ့၍ လူသေလျှင်၊ စင်စစ်ထိုနွားကို ကျောက်ခဲနှင့်ပစ်၍သတ်ရမည်။ အသားကိုလည်း မစားရ။ နွားရှင်ကိုကား၊ အပြစ်လွှတ်ရမည်။ ၎င်းနည်း နွားသည် အထက်ကခွေ့ဖူး၍၊ ခွေ့ကြောင်းကို နွားရှင်ကြားသိလျက် မချည်မနှောင်အလွတ်ထား၍၊ နွားသည် ယောက်ျား၊ မိန်းမကိုသတ်မိလျှင်၊ ထိုနွားကို ကျောက်ခဲနှင့် ပစ်သတ်ရမည်။ နွားရှင်ကိုလည်း အသေသတ်ရမည်။ သို့မဟုတ် ငွေလျော်စေဟုစီရင်လျှင်၊ စီရင်သည်အတိုင်း မိမိအသက်ရွေးရန် အဖိုးကိုလျော်ရမည်။ သူတစ်ပါး၏သားသမီးကို ခွေ့လျှင်၊ စီရင်သည်အတိုင်းခံရမည်။ ကျွန်ယောက်ျား၊ ကျွန်မိန်းမကိုခွေ့လျှင်မူကား၊ နွားရှင်သည် ကျွန်ရှင်အား ငွေအကျပ်သုံးဆယ်ကိုလျော်ရမည်။ နွားကိုလည်း ကျောက်ခဲနှင့်ပစ်သတ်ရမည်။
ထွက်မြောက်ရာ 21 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ထွက်မြောက်ရာ 21:1-32
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ