တရားဟောရာ 1:20-40
တရားဟောရာ 1:20-40 JBMLE
ထိုအခါငါကလည်း၊ ငါတို့ဘုရားသခင် ထာဝရဘုရားပေးတော်မူသော အာမောရိတောင်သို့ သင်တို့သည်ရောက်ကြပြီ။ သင်တို့ ဘုရားသခင်ထာဝရဘုရားသည် ပြည်တော်ကို သင်တို့ရှေ့မှာ ထားတော်မူပြီ။ သင်တို့အဘများ၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ တက်သွား၍ သိမ်းယူကြလော့။ မကြောက်ကြနှင့်။ စိတ်လည်းမပျက်ကြနှင့်ဟု ပြောဆို၏။ ထိုအခါ သင်တို့ရှိသမျှသည် ငါ့ထံသို့ချဉ်းကပ်၍၊ အကျွန်ုပ်တို့ရှေ့၌ လူတို့ကိုစေလွှတ်ပါမည်။ သူတို့သည် ထိုပြည်ကိုစူးစမ်းပြီးမှ၊ အကျွန်ုပ်တို့သည် အဘယ်လမ်းသို့သွားလျှင် အဘယ်မြို့သို့ရောက်ရမည်ကို ကြားပြောကြပါလိမ့်မည်ဟု၊ လျှောက်ဆိုသောစကားကို ငါနှစ်သက်၍၊ သင်တို့တွင် တစ်မျိုးတစ်ယောက်စီ၊ လူပေါင်းတစ်ကျိပ်နှစ်ယောက်တို့ကို ရွေးထား၏။ ထိုသူတို့သည် တောင်ပေါ်သို့လှည့်သွား၍၊ ဧရှကောလချိုင့်သို့ရောက်သဖြင့် စူးစမ်းကြ၏။ ထိုပြည်၌ရသော သစ်သီးကိုထမ်း၍ ဆောင်ခဲ့လျက်၊ ငါတို့ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်သည် ကောင်းသောပြည်ဖြစ်၏ဟု ကြားပြောကြသော်လည်း၊ သင်တို့သည်မသွားဘဲ၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုဆန်လျက်၊ ထာဝရဘုရားသည် ငါတို့ကိုမုန်း၍ ဖျက်ဆီးချင်သောကြောင့်၊ အာမောရိလူတို့ လက်၌အပ်လိုသောငှာ၊ အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူသည်တကား။ ငါတို့သည် အဘယ်သို့သွားရမည်နည်း။ ညီအစ်ကိုတို့က၊ ထိုပြည်သားတို့သည် ငါတို့ထက်သာ၍ကြီး၏။ အရပ်လည်းသာ၍မြင့်၏။ မြို့လည်း မိုးကောင်းကင်သို့ထိသော မြို့ရိုးလည်းရှိ၏။ ထိုပြည်၌လည်း၊ အာနကအမျိုးသားတို့ကို မြင်ရ၏ဟု ငါတို့စိတ်ကိုဖျက်ကြပြီဟု သင်တို့သည် တဲများ၌ဆန့်ကျင်ဘက်ပြုကြ၏။ ထိုအခါငါက၊ မထိတ်လန့်ကြနှင့်၊ သူတို့ကိုမကြောက်ကြနှင့်။ သင်တို့ရှေ့မှာကြွတော်မူသော သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့မျက်မှောက်၊ အဲဂုတ္တုပြည်၌လည်းကောင်း၊ သင်တို့လိုက်လာသော လမ်းတစ်လျှောက်လုံး၊ ဤအရပ်တိုင်အောင် အဘသည် သားကိုချီပိုက်သကဲ့သို့၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကိုချီပိုက်တော်မူသော ကျေးဇူးတော်ကိုခံရာ တော၌လည်းကောင်း၊ သင်တို့အဖို့ပြုတော်မူသကဲ့သို့၊ သင်တို့ဘက်၌ စစ်ကူတော်မူမည်ဟု ဆိုသော်လည်း၊ သင်တို့တဲစခန်းချရာအရပ်ကိုရှာ၍ သင်တို့သွားလတ္တံ့သောလမ်းကို ပြခြင်းငှာ၊ ညအခါ မီး၌လည်းကောင်း၊ နေ့အခါ မိုးတိမ်၌လည်းကောင်း၊ သင်တို့ရှေ့မှာကြွတော်မူသော သင်တို့ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို ထိုအမှု၌ သင်တို့မယုံကြပါတကား။ သင်တို့စကားသံကို ထာဝရဘုရားကြား၍ အမျက်တော်ထွက်လျက်၊ သူတို့ဘိုးဘေးတို့အား ငါပေးမည်ဟု ငါကျိန်ဆိုသောပြည်ကောင်းကို၊ ယေဖုန္နာ၏သား ကာလက်မှတစ်ပါး၊ ဤဆိုးသောလူမျိုး တစ်စုံတစ်ယောက်မျှ ဆက်ဆက်မမြင်ရ။ ထိုသူသည် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်သောကြောင့် မြင်ရ၏။ သူနင်းသောပြည်ကို သူမှစ၍ သူ၏သားမြေးတို့အား ငါပေးမည်ဟု ကျိန်ဆိုတော်မူ၏။ သင်တို့အတွက် ထာဝရဘုရားသည် ငါ့ကိုလည်းအမျက်တော်ထွက်၍၊ သင်သည် ထိုပြည်သို့မဝင်စားရ။ သင့်လက်ထောက် နုန်၏သားယောရှုသည် ဝင်စားရမည်။ သူသည် ဣသရေလအမျိုးသား အမွေခံစေမည့်သူဖြစ်သောကြောင့်၊ သူ့ကိုအားပေးလော့။ ရန်သူလုယူရာဖြစ်မည်ဟု သင်တို့ဆိုသောသူငယ်များ၊ ထိုအခါ ကောင်းမကောင်းကို ပိုင်းခြားမသိနိုင်သေးသော သားသမီးများတို့သည် ထိုပြည်ကို ဝင်စား၍၊ ငါပေးသည်အတိုင်း သိမ်းယူကြလိမ့်မည်။ သင်တို့မူကား၊ လှည့်၍ ဧဒုံပင်လယ်လမ်းဖြင့် တောသို့ခရီးသွားကြဦးလော့ဟု မိန့်တော်မူ၏။

