ထိုသူအရာ၌လည်း မင်းစည်းစိမ်ကို ခံထိုက်သောသူ မဟုတ်၊ ယုတ်မာသောသူ ပေါ်လာလိမ့်မည်။ သူသည် အနိုင်အထက်မပြု၊ ချော့မော့ခြင်းအားဖြင့် နိုင်ငံကိုရလိမ့်မည်။ လွှမ်းမိုးသော လက်နက်တို့သည် သူရှေ့မှာမြုပ်၍ ဆုံးရှုံးလိမ့်မည်။ မိတ်သဟာယခံသော မင်းလည်း ဆုံးရှုံးလိမ့်မည်။ အကြောင်းမူကား၊ မိတ်သဟာယပြုသောမင်းသည် သစ္စာပျက်သဖြင့်၊ တက်လာ၍ လူအနည်းငယ်မျှ ပါသော်လည်း တန်ခိုးကြီးလိမ့်မည်။ အသီးအနှံများသောပြည်ကို အနိုင်အထက်မပြုဘဲ ဝင်လိမ့်မည်။ လုယူသောပစ္စည်းဥစ္စာ စည်းစိမ်များကို စွန့်ကြဲ၍၊ မိမိဘိုးဘေးမပြုဖူးသော အမှုကို ပြုလိမ့်မည်။ ခိုင်ခံ့သော မြို့ပြတို့ကိုရခြင်းငှာ တာရှည်စွာ ကြံစည်လိမ့်မည်။ ကြီးစွာသော အလုံးအရင်းနှင့်တကွ တောင်ရှင်ဘုရင်ကို ဆန့်ကျင်ဘက်ပြု၍၊ မိမိအစွမ်းသတ္တိကို နှိုးဆော်လိမ့်မည်။ တောင်ရှင်ဘုရင်သည်လည်း၊ အားကြီး၍ များစွာသော အလုံးအရင်းနှင့်တကွ စစ်တိုက်ခြင်းငှာ နှိုးဆော်သော်လည်း မခံမရပ်နိုင်။ အကြောင်းမူကား၊ သူတစ်ဖက်၌ မကောင်းသောအကြံကို ကြံစည်ကြလိမ့်မည်။ ထိုသူကျွေးမွေးခြင်းကို ခံရသော သူတို့သည်လည်း၊ ထိုသူ၏အကျိုးကို ဖျက်ဆီးသောအားဖြင့်၊ သူ၏တပ်မြုပ်၍၊ စစ်သူရဲများတို့သည် အသက်ဆုံးကြလိမ့်မည်။ ထိုရှင်ဘုရင် နှစ်ပါးတို့သည် မကောင်းသော အကြံကိုကြံ၍၊ တစ်ခုသောစားပွဲ၌ မုသားစကားကို ပြောကြလိမ့်မည်။ သို့သော်လည်း၊ အကြံမမြောက်ရ။ ချိန်းချက်သော အချိန်ကာလ၌ အဆုံးဖြစ်ရလိမ့်မည်။ တစ်ဖန် မြောက်ရှင်ဘုရင်သည် များစွာသော စည်းစိမ်ဥစ္စာပါလျက် မိမိပြည်သို့ ပြန်၍သွားစဉ်တွင်၊ သန့်ရှင်းသော ပဋိညာဉ်တရားကို မနာလိုသောစိတ်ရှိသည်အတိုင်း ပြုပြီးမှ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ ချိန်းချက်သော အချိန်၌လည်း တောင်မျက်နှာသို့ တစ်ဖန်ပြန်လာဦးမည်။ သို့သော်လည်း၊ အရင်ဖြစ်သကဲ့သို့မဟုတ်။ နောက်ဖြစ်သကဲ့သို့လည်း မဟုတ်။ အကြောင်းမူကား ခိတ္တိမ်သင်္ဘောတို့သည် ထိုသူကို ဆီးတားကြလိမ့်မည်။ ထိုကြောင့် စိတ်နာလျက် ပြန်သွား၍ သန့်ရှင်းသော ပဋိညာဉ်တရားကို အမျက်ထွက်သည်အတိုင်း ပြုပြီးမှ ပြန်သွားစဉ်တွင် သန့်ရှင်းသော ပဋိညာဉ်တရားကို စွန့်ပစ်သောသူတို့နှင့် အဆွေဖွဲ့လိမ့်မည်။ ထိုမင်းနောက်မှ စစ်လက်နက်တို့သည် ပေါ်လာသဖြင့်၊ တန်ခိုးကြီးသော သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေ၍၊ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်းကြလိမ့်မည်။ ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာကိုလည်း တည်ထားကြလိမ့်မည်။ ပဋိညာဉ်တရားကို ပြစ်မှားသောသူတို့သည် ချော့မော့ရာသို့ လိုက်၍ ယိုယွင်းကြလိမ့်မည်။ မိမိတို့ ဘုရားသခင်ကို သိသောသူတို့မူကား၊ ကြီးစွာသောအားနှင့် ပြုကြလိမ့်မည်။ လူစုထဲမှာ ပညာရှိသောသူတို့သည် အများသော သူတို့ကို သွန်သင်ကြရလိမ့်မည်။ ဓားနှင့်ကွပ်မျက်ခြင်း၊ မီးရှို့ခြင်း၊ သိမ်းသွားချုပ်ထားခြင်း၊ လုယက်ခြင်းအားဖြင့် အင်တန်ကာလပတ်လုံး လဲကြလိမ့်မည်။ လဲကြသောအခါ အနည်းငယ်သော မစခြင်းကို တစ်ဖန်ခံရကြလိမ့်မည်။ လူအများတို့သည် ချော့မော့ရာသို့လိုက်၍ ဆည်းကပ်ကြလိမ့်မည်။ အမှုဆုံးရသည် ကာလတိုင်အောင်၊ ပညာရှိသောသူ အချို့တို့သည်လည်း စုံစမ်းခြင်းကိုခံ၍၊ သန့်ရှင်းဖြူစင်ရမည် အကြောင်း လဲကြလိမ့်မည်။ ထိုအမှုသည် ချိန်းချက်သော ကာလတိုင်အောင် ဖြစ်ရသတည်း။
ဒံယေလ 11 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဒံယေလ 11:21-35
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ