ငါသည်လည်း မေဒိအမျိုး ဒါရိမင်းကြီးနန်းစံ ပထမနှစ်တွင် သူ့ကိုနှိုးဆော်၍ ခိုင်ခံ့မြဲမြံစေခြင်းငှာ ကြိုးစားအားထုတ်လေ၏။ ယခုမူကား၊ မှန်သောအရာကို ငါပြမည်။ ပေရသိနိုင်ငံကို အစိုးရသော ရှင်ဘုရင်သုံးပါး ပေါ်လေဦးမည်။ စတုတ္ထရှင်ဘုရင်မူကား၊ ထိုသူရှိသမျှတို့ထက် ငွေရတတ်လိမ့်မည်။ ထိုသို့ရတတ်၍ အားကြီးသောကြောင့်၊ ဟေလသနိုင်ငံကို ရန်ဘက်ပြုစေခြင်းငှာ၊ ခပ်သိမ်းသော သူတို့ကို နှိုးဆော်လိမ့်မည်။ ထိုအခါ တန်ခိုးကြီးသော ရှင်ဘုရင်တစ်ပါးလည်း ပေါ်လာလိမ့်မည်။ အာဏာတော်ကြီးလျက် အစိုးရ၍ မိမိအလိုရှိသည်အတိုင်း ပြုလိမ့်မည်။ ထိုသူသည် ပေါ်လာပြီးမှ နိုင်ငံတော်ကျိုးပဲ့၍ သူတစ်ပါးတို့သည် မိုးကောင်းကင်လေးမျက်နှာတို့၌ ခွဲဝေကြလိမ့်မည်။ သို့ရာတွင် အစိုးရသော သူတို့သည် အမျိုးအနွယ်တော်မဟုတ်။ အာဏာတော်နှင့် အစိုးမရ၊ နိုင်ငံတော်ကို နုတ်ပစ်၍ အမျိုးအနွယ်တော်မှတစ်ပါး အခြားသော သူတို့သည် ရကြလိမ့်မည်။ ထိုအခါ တောင်ရှင်ဘုရင်သည် တန်ခိုးကြီးလိမ့်မည်။ မင်းစုထဲ၌ မင်းတစ်ပါးသည် ထိုသူထက်တန်ခိုးကြီး၍ အာဏာတည်လိမ့်မည်။ သူ၏အာဏာလည်း အလွန်ကျယ်လိမ့်မည်။ ကာလလွန်သောအခါ သူတို့သည် အဆွေဖွဲ့ကြလိမ့်မည်။ အသင့်အတင့်ဖြစ်စေခြင်းငှာ တောင်ရှင်ဘုရင်၏သမီးသည် မြောက်ရှင်ဘုရင်ထံသို့ ရောက်လိမ့်မည်။ သို့သော်လည်း၊ ထိုမင်းသမီး၏အာဏာသည် မတည်ရ။ ထိုမင်းနှင့်တကွ အမျိုးအနွယ်တော်သည်လည်း မတည်ရ။ မင်းသမီးကိုလည်းကောင်း၊ ဆောင်ခဲ့သောသူတို့ကိုလည်းကောင်း၊ သူ၏သားကိုလည်းကောင်း၊ ထိုကာလ၌ သူ့ကိုထောက်ပင့်သော သူများကိုလည်းကောင်း ဆုံးရှုံးခြင်းသို့ အပ်ရလိမ့်မည်။ ထိုမင်းသမီး၏ အဆွေအမျိုးဖြစ်သော သူတစ်ယောက်သည် အဘ၏အရိုက်အရာကိုရသဖြင့် စစ်ချီ၍ လာလိမ့်မည်။ မြောက်ရှင်ဘုရင်၏ မြို့တော်သို့ရောက်လျှင်၊ မြို့သားတို့ကို တိုက်၍နိုင်လိမ့်မည်။ သူတို့၏ဘုရားများ၊ သွန်းသောရုပ်တုများ၊ အဖိုးထိုက်သောငွေဖလား၊ ရွှေဖလားများကို အဲဂုတ္တုပြည်သို့ သိမ်းသွားလိမ့်မည်။ သူသည်လည်း မြောက်ရှင်ဘုရင်ထက် အသက်ရှည်လိမ့်မည်။ တစ်ဖန် မြောက်ရှင်ဘုရင်သည် တောင်ရှင်ဘုရင်၏နိုင်ငံသို့ဝင်သော်လည်း မိမိပြည်သို့ ပြန်သွားရလိမ့်မည်။ သားတော်တို့သည် ထပြန်၍ များစွာသော အလုံးအရင်းကို စုဝေးကြလိမ့်မည်။ သားတစ်ယောက်လည်း ဆက်ဆက်လာ၍ လွှမ်းမိုးချင်းနင်းလိမ့်မည်။ တစ်ဖန် ပြန်လာ၍ သူ၏မြို့တိုင်အောင် လုပ်ကြံလိမ့်မည်။ တောင်ရှင်ဘုရင်သည် အမျက်ထွက်သဖြင့်၊ မြောက်ရှင်ဘုရင်ကို ဆီးကြို၍ တိုက်လိမ့်မည်။ မြောက်ရှင်ဘုရင်သည် များစွာသော စစ်သည်ဗိုလ်ခြေအလုံးအရင်းတို့ကို စီရင်သော်လည်း၊ တောင်ရှင်ဘုရင်သည် ထိုအလုံးအရင်းတို့ကို သိမ်းယူလိမ့်မည်။ ထိုအလုံးအရင်းတို့ကို ပယ်ရှင်းပြီးမှ မာနစိတ်ပေါက်လျက်၊ အထောင်အသောင်းမက များစွာသော လူတို့ကို လုပ်ကြံသော်လည်း၊ မိမိအာဏာကို မတည်စေရ။ အကြောင်းမူကား၊ မြောက်ရှင်ဘုရင်သည် တစ်ဖန်ပေါ်လာ၍၊ အရင်ထက်များစွာသော အလုံးအရင်းတို့ကို စီရင်ပြီးမှ ကာလအတန်အရာလွန်လျှင်၊ စစ်အင်္ဂါများ၊ စည်းစိမ်များနှင့် ဆက်ဆက်လာလိမ့်မည်။ ထိုကာလ၌ တောင်ရှင်ဘုရင်ကို ရန်ဘက်ပြုသော သူတို့သည် များကြလိမ့်မည်။ သင်၏အမျိုးသားချင်းဖြစ်သော သူပုန်တို့သည် ဗျာဒိတ်ရူပါရုံကို ပြည့်စုံစေခြင်းငှာထ၍၊ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ မြောက်ရှင်ဘုရင်သည်လာ၍ မြို့ရိုးကို တည်ပြီးလျှင် ခိုင်ခံ့သော မြို့တို့ကို လုပ်ကြံလိမ့်မည်။ တောင်ရှင်ဘုရင်၏ လက်နက်များ၊ ရွေးချယ်သောလူများတို့သည် ဆီးတားခြင်းငှာ ခွန်အားမရှိသောကြောင့် မဆီးတားရကြ။ တိုက်လာသောသူသည် မိမိအလိုအလျောက်ပြု၍၊ သူ့ရှေ့မှာ အဘယ်သူမျှ မရပ်မနေနိုင်ဘဲ၊ သာယာသောပြည်ကိုနင်းပြီးမှ စုံလင်စေလိမ့်မည်။ ဖြောင့်မတ်သော သူတို့သည် လိုက်လျက် ထိုမင်းသည် မိမိနိုင်ငံ၏ အလုံးအရင်းရှိသမျှတို့နှင့်တကွ ဝင်စားခြင်းငှာ ကြိုးစားအားထုတ်၍၊ မိန်းမငယ်အားဖြင့် ဖျက်ဆီးခြင်းငှာ ပေးစားလိမ့်မည်။ သို့သော်လည်း သူသည် အကြံမမြောက်၊ အကျိုးမရှိရ။ တစ်ဖန် ကျွန်းစုသို့ မျက်နှာလှည့်၍ ကျွန်းအများတို့ကို လုပ်ကြံလိမ့်မည်။ သို့ရာတွင်၊ ဗိုလ်မင်းတစ်ပါးသည် မိမိခံရသော အသရေဖျက်ခြင်းကို မိမိမှလွှဲပယ်၍၊ ထိုအသရေဖျက်ခြင်းကို တိုက်လာသော မင်းအပေါ်သို့ ပြန်ရောက်စေလိမ့်မည်။ ထိုမင်းသည်လည်း မိမိနေရာမြို့တော်သို့ ပြန်သွားပြီးလျှင် ထိမိ၍ လဲသဖြင့် ကွယ်ပျောက်လိမ့်မည်။ ထိုမင်းအရာ၌လည်း နိုင်ငံတော်၏ဘုန်းစည်းစိမ်ကို ရှုတ်ချလျက်၊ ငွေတော်ခွဲသောသူသည် ပေါ်လာ၍ ခဏရှိပြီးမှ၊ ဒေါသအမျက်မထွက်၊ စစ်မတိုက်ဘဲ ဆုံးရှုံးခြင်းသို့ ရောက်လိမ့်မည်။
ဒံယေလ 11 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဒံယေလ 11:1-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ