အဘယ်သူမျှ သင်တို့ကို အဘယ်သို့သောအားဖြင့် မလှည့်ဖြားစေနှင့်၊ ထိုနေ့ရက်မရောက်မီ ဖောက်ပြန်သင်းခွဲခြင်းသည် အရင်ဖြစ်၍၊ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏သားသည် ပေါ်လာရလိမ့်မည်။- ထိုသူသည် ဘုရားသခင်ဟူ၍လည်းကောင်း၊ ဘုရားဟူ၍လည်းကောင်း၊ ခေါ်ဝေါ်သမျှသောအရာတို့ကို ရန်ဘက်ပြု၍၊ ကိုယ်ကို ကိုယ်ချီးမြှောက်သောအားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ ထိုင်၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ်ကိုပြသောသူ ဖြစ်သတည်း။ ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ၊ ထိုအကြောင်းအရာများကို ပြောပြီဟု သင်တို့သည် သတိမရကြသလော။- ထိုသူသည် မိမိကာလအချိန်၌ ထင်ရှားစေခြင်းငှာ၊ ယခု ဆီးတားသောအကြောင်းကိုလည်း သင်တို့သိကြ၏။- အဘယ်သို့နည်းဟူမူကား၊ ဝှက်ထားလျက်ရှိသော ထိုအဓမ္မအရာသည် ယခုပင် ပြုပြင်ဆဲရှိ၏။ သို့သော်လည်း ဆီးတားသောသူသည် ပယ်ရှင်းခြင်းသို့ မရောက်မီတိုင်အောင် ဆီးတားလိမ့်မည်။- ပယ်ရှင်းခြင်းသို့ရောက်သောအခါ၊ ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည်။ ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက်ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး၍၊ ကြွလာတော်မူခြင်း၏ ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်။- ထိုအဓမ္မလူ၏ လာခြင်းအကြောင်းဟူမူကား၊ စာတန်ပြုပြင်သောအားဖြင့် မုသားနှင့် စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှု အမျိုးမျိုးနှင့်လည်းကောင်း၊- ပျက်စီးခြင်းသို့ရောက်သော သူတို့တွင်၊ မတရားသော လှည့်ဖြားခြင်း အမျိုးမျိုးနှင့်လည်းကောင်း လာလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှာ သမ္မာတရား၌ မွေ့လျော်သောစိတ်ကို မခံမယူကြ။- ထိုကြောင့်၊ သမ္မာတရားကို မယုံဘဲ၊ မတရားသောအမှု၌ မွေ့လျော်သောသူအပေါင်းတို့သည်၊- တရားရှုံးခြင်းသို့ ရောက်မည်အကြောင်း၊ မုသားစကားကို ယုံစိမ့်သောငှာ၊ မိစ္ဆာဒိဌိပြုပြင် အားထုတ်ခြင်းအခွင့်ကို သူတို့၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည်။ သို့သော်လည်း၊ သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့သည် စိတ်သန့်ရှင်းခြင်း၊ သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှာ၊ ဘုရားသခင်သည် ရှေ့ဦးစွာကပင် သင်တို့ကို ရွေးကောက်တော်မူသည်ဖြစ်၍၊ ငါတို့သည် သင်တို့ကြောင့် ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းရကြမည်။- ထိုသို့အလိုငှာ ငါတို့ဧဝံဂေလိတရားအားဖြင့် သင်တို့ကိုခေါ်တော်မူပြီ။ အကြောင်းမူကား၊ သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ဘုန်းကို ပိုင်ရမည် အကြောင်းတည်း။- ထိုကြောင့်၊ ညီအစ်ကိုတို့၊ ငါတို့နှုတ်ထွက်စကားအားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ၊ သင်တို့သည် သင်ခဲ့ပြီးသော နည်းဥပဒေသများကို တည်ကြည်လျက် ကိုင်ယူစွဲလမ်းကြလော့။- ငါတို့ကိုချစ်တော်မူ၍၊ ထာဝရသက်သာခြင်း အကြောင်းကိုလည်းကောင်း၊ ကျေးဇူးတော်အားဖြင့် ကောင်းသော မျှော်လင့်ခြင်းအကြောင်းကိုလည်းကောင်း ပေးတော်မူသော ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့်၊ ငါတို့သခင် ယေရှုခရစ်သည် ကိုယ်တော်တိုင်၊- သင်တို့စိတ်နှလုံးကို သက်သာစေ၍၊ ကောင်းသောစကား၊ ကောင်းသောအမှုအမျိုးမျိုး၌ သင်တို့ကို မြဲမြံစေတော်မူပါစေသော။
၂ သက်သာလောနိတ် 2 ကို ဖတ်ရှုရန်
နားထောင်ရန် ၂ သက်သာလောနိတ် 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ သက်သာလောနိတ် 2:3-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ