၂ သက်သာလောနိတ် 2:3-17
၂ သက်သာလောနိတ် 2:3-17 Judson Bible (JBMLE)
အဘယ်သူမျှ သင်တို့ကို အဘယ်သို့သောအားဖြင့် မလှည့်ဖြားစေနှင့်၊ ထိုနေ့ရက်မရောက်မီ ဖောက်ပြန်သင်းခွဲခြင်းသည် အရင်ဖြစ်၍၊ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏သားသည် ပေါ်လာရလိမ့်မည်။- ထိုသူသည် ဘုရားသခင်ဟူ၍လည်းကောင်း၊ ဘုရားဟူ၍လည်းကောင်း၊ ခေါ်ဝေါ်သမျှသောအရာတို့ကို ရန်ဘက်ပြု၍၊ ကိုယ်ကို ကိုယ်ချီးမြှောက်သောအားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ ထိုင်၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ်ကိုပြသောသူ ဖြစ်သတည်း။ ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ၊ ထိုအကြောင်းအရာများကို ပြောပြီဟု သင်တို့သည် သတိမရကြသလော။- ထိုသူသည် မိမိကာလအချိန်၌ ထင်ရှားစေခြင်းငှာ၊ ယခု ဆီးတားသောအကြောင်းကိုလည်း သင်တို့သိကြ၏။- အဘယ်သို့နည်းဟူမူကား၊ ဝှက်ထားလျက်ရှိသော ထိုအဓမ္မအရာသည် ယခုပင် ပြုပြင်ဆဲရှိ၏။ သို့သော်လည်း ဆီးတားသောသူသည် ပယ်ရှင်းခြင်းသို့ မရောက်မီတိုင်အောင် ဆီးတားလိမ့်မည်။- ပယ်ရှင်းခြင်းသို့ရောက်သောအခါ၊ ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည်။ ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက်ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး၍၊ ကြွလာတော်မူခြင်း၏ ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်။- ထိုအဓမ္မလူ၏ လာခြင်းအကြောင်းဟူမူကား၊ စာတန်ပြုပြင်သောအားဖြင့် မုသားနှင့် စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှု အမျိုးမျိုးနှင့်လည်းကောင်း၊- ပျက်စီးခြင်းသို့ရောက်သော သူတို့တွင်၊ မတရားသော လှည့်ဖြားခြင်း အမျိုးမျိုးနှင့်လည်းကောင်း လာလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှာ သမ္မာတရား၌ မွေ့လျော်သောစိတ်ကို မခံမယူကြ။- ထိုကြောင့်၊ သမ္မာတရားကို မယုံဘဲ၊ မတရားသောအမှု၌ မွေ့လျော်သောသူအပေါင်းတို့သည်၊- တရားရှုံးခြင်းသို့ ရောက်မည်အကြောင်း၊ မုသားစကားကို ယုံစိမ့်သောငှာ၊ မိစ္ဆာဒိဌိပြုပြင် အားထုတ်ခြင်းအခွင့်ကို သူတို့၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည်။ သို့သော်လည်း၊ သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့သည် စိတ်သန့်ရှင်းခြင်း၊ သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှာ၊ ဘုရားသခင်သည် ရှေ့ဦးစွာကပင် သင်တို့ကို ရွေးကောက်တော်မူသည်ဖြစ်၍၊ ငါတို့သည် သင်တို့ကြောင့် ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းရကြမည်။- ထိုသို့အလိုငှာ ငါတို့ဧဝံဂေလိတရားအားဖြင့် သင်တို့ကိုခေါ်တော်မူပြီ။ အကြောင်းမူကား၊ သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ဘုန်းကို ပိုင်ရမည် အကြောင်းတည်း။- ထိုကြောင့်၊ ညီအစ်ကိုတို့၊ ငါတို့နှုတ်ထွက်စကားအားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ၊ သင်တို့သည် သင်ခဲ့ပြီးသော နည်းဥပဒေသများကို တည်ကြည်လျက် ကိုင်ယူစွဲလမ်းကြလော့။- ငါတို့ကိုချစ်တော်မူ၍၊ ထာဝရသက်သာခြင်း အကြောင်းကိုလည်းကောင်း၊ ကျေးဇူးတော်အားဖြင့် ကောင်းသော မျှော်လင့်ခြင်းအကြောင်းကိုလည်းကောင်း ပေးတော်မူသော ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့်၊ ငါတို့သခင် ယေရှုခရစ်သည် ကိုယ်တော်တိုင်၊- သင်တို့စိတ်နှလုံးကို သက်သာစေ၍၊ ကောင်းသောစကား၊ ကောင်းသောအမှုအမျိုးမျိုး၌ သင်တို့ကို မြဲမြံစေတော်မူပါစေသော။
၂ သက်သာလောနိတ် 2:3-17 Common Language Bible (BCL)
ဤအကြောင်းနှင့်ပတ်သက်၍လူတို့မှားယွင်း စွာပြောဆိုနေသည်ကိုလုံးဝမယုံကြနှင့်။ နောက်ဆုံးပုန်ကန်မှုကြီးမဖြစ်ပေါ်မီနှင့် ငရဲသို့လားရမည်ဖြစ်သောသူယုတ်မာ ကြီးမပေါ်ထွန်းမီထိုနေ့ရက်သည်ကျ ရောက်လိမ့်မည်မဟုတ်။- သူသည်လူတို့ကိုးကွယ်သောအမည်ခံ ဘုရားမှန်သမျှကိုအတိုက်အခံပြု၍ မိမိသည်ဘုရားတကာတို့ထက်တန်ခိုး ကြီးသည်ဟုဆိုလိမ့်မည်။ သူသည်ဘုရား သခင်၏ဗိမာန်တော်ထဲသို့ပင်လျှင်ဝင်၍ ထိုင်ကာမိမိကိုယ်ကိုဘုရားဟုကြေ ညာလိမ့်မည်။ ငါသည်သင်တို့နှင့်အတူရှိခဲ့စဉ်အခါက ဤအကြောင်းအရာများကိုသင်တို့အား ပြောပြခဲ့၏။ သင်တို့မမှတ်မိကြသလော။- ယခုအခါထိုအကြောင်းအရာများမဖြစ် ပျက်သေးသည်မှာဟန့်တားသည့်အရာရှိ သောကြောင့်ဖြစ်ပေသည်။ ထိုအရာသည် အဘယ်အရာဖြစ်ကြောင်းကိုသင်တို့သိ ကြ၏။ သို့ဖြစ်၍သူယုတ်မာကြီးသည် အချိန်ကျသောအခါပေါ်ထွန်းလာလိမ့် မည်။- လျှို့ဝှက်လျက်ရှိသည့်ယုတ်မာမှုကြီးသည် ယခုအခါ၌ပင်လျှင်လှုပ်ရှားလျက်ရှိပေပြီ။ သို့ရာတွင်ဟန့်တားသူကိုဖယ်ရှားလိုက်သော အခါဖြစ်ပျက်မည့်အကြောင်းအရာတို့သည် ဖြစ်ပျက်လာလိမ့်မည်။- ထိုအခါသူယုတ်မာကြီးသည်ပေါ်လွင်ထင် ရှားလာပေအံ့။ သို့ရာတွင်အရှင်ယေရှုကြွ လာတော်မူသောအခါသူယုတ်မာကြီးအား မိမိ၏ထွက်သက်လေဖြင့်ကွပ်မျက်၍ဘုန်း ရောင်ခြည်တော်ဖြင့်ပယ်ရှားတော်မူလိမ့်မည်။- သူယုတ်မာကြီးသည်စာတန်၏တန်ခိုးကိုခံယူ ၍ရောက်ရှိလာသောအခါ အံ့သြဖွယ်ရာထူးဆန်း သောနိမိတ်လက္ခဏာအတုအယောင်အမျိုးမျိုး ကိုပြလိမ့်မည်။- ထိုနောက်မုချသေကြေပျက်စီးကြမည့်သူတို့ အားယုတ်မာသည့်နည်းအမျိုးမျိုးဖြင့်လှည့်စား လိမ့်မည်။ ထိုသူတို့သည်ကယ်တင်ခြင်းရနိုင်ရန် သမ္မာတရားတော်ကိုနှစ်သက်လက်ခံမှုမရှိ ကြသောကြောင့်ယင်းသို့သေကြေပျက်စီးရ ပေတော့အံ့။- ဤအကြောင်းကြောင့်ဘုရားသခင်သည်သူတို့ အားအလှည့်စားခံစေလျက်အမှားကိုအမှန် ဟုယုံစေတော်မူ၏။- သို့ဖြစ်၍သမ္မာတရားကိုမယုံကြည်ဘဲ အပြစ်ပြုရန်နှစ်သက်ကြသူတို့သည်အပြစ် ဒဏ်စီရင်တော်မူခြင်းကိုခံရကြလတ္တံ့။ ညီအစ်ကိုတို့၊ သခင်ဘုရားချစ်တော်မူသော သင်တို့ကိုအကြောင်းပြု၍ ငါတို့သည်ဘုရား သခင်၏ကျေးဇူးတော်ကိုအစဉ်အမြဲချီး မွမ်းရကြမည်။ သင်တို့သည်သမ္မာတရားတော် ကိုယုံကြည်ကြသည့်အတွက်ကြောင့်လည်း ကောင်း၊ ဝိညာဉ်တော်တန်ခိုးအားဖြင့်ကိုယ်တော် ၏သန့်ရှင်းမြင့်မြတ်သောလူစုတော်ဝင်များ ဖြစ်လာသည့်အတွက်ကြောင့်လည်းကောင်း ဘုရားသခင်ဦးစွာပထမရွေးကောက် ကယ်တင်တော်မူသောလူစုတွင်သင်တို့ ပါဝင်ကြသည်ဖြစ်ရာကျေးဇူးတော်ကို ချီးမွမ်းရပေသည်။- သင်တို့သည်ယင်းသို့ကယ်တင်ခြင်းကိုခံရ၍ ငါတို့အရှင်သခင်ယေရှုခရစ်နှင့်အတူ ဘုန်းအသရေတော်ကိုခံယူနိုင်ကြစေရန် ဘုရားသခင်သည်ငါတို့ဟောပြောကြေညာ သည့်သတင်းကောင်းအားဖြင့် သင်တို့ကိုရွေး ချယ်တော်မူသတည်း။- သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့သည်ကြံ့ကြံ့ ခိုင်ခိုင်ရပ်တည်နေကြလော့။ ဟောပြောခြင်း အားဖြင့်လည်းကောင်း၊ စာအားဖြင့်လည်းကောင်း သင်တို့အားငါတို့သွန်သင်ခဲ့သည့်သစ္စာ တရားများကိုလက်မလွတ်စေကြနှင့်။ ငါတို့အရှင်သခင်ယေရှုခရစ်ကိုယ်တော်တိုင် သည်လည်းကောင်း၊ ငါတို့ကိုချစ်တော်မူ၍ ကျေးဇူးတော်အားဖြင့်ခိုင်မြဲသည့်မျှော်လင့် ခြင်းနှင့်မြဲမြံသောရဲရင့်ခြင်းကိုပေးသနား တော်မူသောငါတို့အဖဘုရားသခင်သည် လည်းကောင်း၊- သင်တို့အားကောင်းမြတ်သည့်စကားနှင့်ကောင်း မြတ်သည့်အမှုအမျိုးမျိုးကိုအစဉ်အမြဲ ပြောဆိုပြုမူနိုင်စေရန် အားပေး၍စွမ်းရည် သတ္တိကိုပေးတော်မူပါစေသော။
၂ သက်သာလောနိတ် 2:3-17 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
မည်သူမျှ သင်တို့ကို မည်သည့်နည်းနှင့်မျှ မလှည့်ဖြားစေနှင့်။ အဘယ်ကြောင့်ဆိုသော် ဖောက်ပြန်သွေဖည်မှုသည် ဦးစွာဖြစ်လာ၍ ပျက်စီးခြင်း၏သားတည်းဟူသော တရားမဲ့ခြင်းနှင့်ဆိုင်သောသူသည် ထင်ရှားမလာမီ ထိုနေ့ရက်သည် ရောက်လာမည်မဟုတ်။ ထိုသူသည် ဘုရားဟုခေါ်ဝေါ်သောအရာနှင့် ကိုးကွယ်ခြင်းခံရသောအရာအားလုံးကို ဆန့်ကျင်လျက် ၎င်းတို့အပေါ် မိမိကိုယ်ကိုချီးမြှောက်ကာ ဘုရားသခင်၏ဗိမာန်တော်၌ထိုင်၍ မိမိကိုယ်ကိုဘုရားဖြစ်သည်ဟု ကြေညာလိမ့်မည်။ သင်တို့နှင့်အတူရှိနေစဉ်က ဤအရာများကို သင်တို့အား ငါပြောခဲ့ကြောင်း သင်တို့သတိမရကြသလော။ ထိုသူကို မိမိအချိန်အခါ၌ထင်ရှားစေရန် ယခု သူ့ကိုတားဆီးထားသောသူရှိကြောင်း သင်တို့သိကြ၏။ အကြောင်းမူကား တရားမဲ့ခြင်းနှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာသည် လှုပ်ရှားနေပြီဖြစ်၏။ သို့သော် ယခုတားဆီးထားသောသူသည် ဖယ်ရှားခြင်းခံရသည်အထိ တားဆီးလိမ့်မည်။ ထို့နောက် တရားမဲ့သောသူသည် ထင်ရှားလာလိမ့်မည်။ သခင်ယေရှုသည် ထိုသူကို မိမိနှုတ်တော်မှထွက်သက်လေအားဖြင့် ကွပ်မျက်၍ မိမိကြွလာတော်မူခြင်း၏ရောင်ခြည်အားဖြင့် ပယ်ဖျက်တော်မူလိမ့်မည်။ တရားမဲ့သောသူသည် စာတန်၏လုပ်ဆောင်မှုအားဖြင့် ရောက်ရှိလာမည်ဖြစ်၍ အမျိုးမျိုးသောတန်ခိုး၊ နိမိတ်လက္ခဏာများ၊ မုသားနှင့်ဆိုင်သောအံ့ဩဖွယ်ရာများဖြင့်လည်းကောင်း၊ ပျက်စီးခြင်းသို့ရောက်မည့်သူတို့အတွက် မတရားမှုနှင့်ဆိုင်သောလှည့်ဖြားခြင်းအမျိုးမျိုးတို့ဖြင့်လည်းကောင်း ရောက်ရှိလာမည်။ သူတို့ပျက်စီးခြင်းသို့ရောက်မည့်အကြောင်းမှာ မိမိတို့ကယ်တင်ခြင်းခံရရန်အတွက် သမ္မာတရားအားချစ်ရမည်ကို ငြင်းပယ်ကြသောကြောင့်ဖြစ်၏။ ထို့ကြောင့် မုသားကို သူတို့ယုံကြည်ကြစေရန် ဘုရားသခင်သည် လှည့်ဖြားခြင်းတန်ခိုးကို သူတို့ထံသို့ စေလွှတ်တော်မူ၏။ ဤသည်ကား သမ္မာတရားကိုမယုံကြည်ဘဲ မတရားမှုကိုနှစ်သက်သောသူအားလုံး စီရင်ခြင်းခံရမည့်အကြောင်းတည်း။ သို့သော် သခင်ဘုရားချစ်တော်မူသောညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်သင့်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ သမ္မာတရားကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိရန်အတွက် ဘုရားသခင်သည် သင်တို့ကို အသီးဦးအဖြစ် ရွေးကောက်တော်မူသောကြောင့်ဖြစ်၏။ ဤရည်ရွယ်ချက်အတွက် ဘုရားသခင်သည် ငါတို့ဟောပြောသည့်ကောင်းမြတ်သောသတင်းအားဖြင့် သင်တို့ကို ခေါ်ယူတော်မူ၏။ ဤသည်ကား ငါတို့သခင်ယေရှုခရစ်တော်၏ဘုန်းအသရေတော်ကို သင်တို့ရရှိရန်အတွက်ဖြစ်၏။ ထို့ကြောင့် ညီအစ်ကိုတို့၊ ခိုင်မြဲစွာရပ်တည်လျက် ငါတို့၏စကားအားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ သင်တို့သင်ယူထားသောဓလေ့ထုံးတမ်းကို စွဲကိုင်ထားကြလော့။ ငါတို့၏သခင်ယေရှုခရစ်တော်ကိုယ်တော်တိုင်နှင့် ငါတို့ကိုချစ်တော်မူ၍ ကျေးဇူးတော်အားဖြင့် ထာဝရနှစ်သိမ့်ခြင်းနှင့် ကောင်းမြတ်သောမျှော်လင့်ခြင်းတို့ကိုပေးတော်မူသော ငါတို့အဖဘုရားသခင်သည် သင်တို့၏စိတ်နှလုံးကို နှစ်သိမ့်ပေး၍ ကောင်းသောစကားနှင့်ကောင်းသောအမှုအလုံးစုံတို့၌ သင်တို့ကို ခိုင်ခံ့မြဲမြံစေတော်မူပါစေသော။